Breaking News

မောင်လူပေ - ကိုရိုနာ ၃၁/၀၇/၂၀



မောင်လူပေ - ကိုရိုနာ ၃၁/၀၇/၂၀

(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၀

ကမ္ဘာ့ကပ်ရောဂါကြီး၏ ရိုက်ခတ်မှုဒါဏ်ကို ဆယ်စုနှစ်နှင့်ချီ၍ ခံစားကြရမည်ဟု WHO အကြီးအကဲက သတိပေးသည်။ မနေ့က တစ်ရက်အတွင်း စံချိန်တင်အောင် လူဦးရေ နှစ်သိန်းကိုးသောင်းကျော် ကူးစက်သူအသစ် တွေ့ရှိခဲ့ရသည်။ အမေရိကား၊ ဘရာဇီး၊ အိန္ဒိယ နှင့် တောင်အာဖရိကနိုင်ငံတို့မှာ ကူးစက်မှုအများဆုံးဖြစ်နေသည်။ တစ်ရက်အတွင်းသေဆုံးသွားသူလည်း ခြောက်ထောင့်ရှစ်ရာကျော် ရှိသည်။

ဥရောပ၏ စီးပွားရေးအခြေအနေသည် နှစ်ပေါင်းများစွာအတွင်းအဆိုးဆုံးကျဆင်းမှုအဖြစ်၁၂% ကျဆင်းသွားသည်ဟု ဥရောပသမဂ္ဂက ဆိုသည်။ ရောဂါဒါဏ် အပြင်းအထန်ခံစားရမှုကြောင့် စီးပွားရေးကို ဆိုးဝါးစွာ ထိခိုက်စေသည်။ စီးပွားရေးနလံထူရေးအတွက် ယူရိုငွေ ဘီလီယံ ခုနှစ်ရာ့ငါးဆယ် ထည့်ဝင်ရန် သဘောတူညီချက်ရထားသော်လည်း ထည့်ဝင်ငွေအလွန်နည်းသဖြင့် မလောက်နိုင်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်မှုမြင့်တက်နေရခြင်းမှာ လူအများစုကို စစ်ဆေးခဲ့သောကြောင့်မဟုတ်ပဲ ပြည်နယ်များ မညီညွတ်မှုကြောင့်ဟု ကူးစက်ရောဂါကျွမ်းကျင်သူ ဒေါက်တာဖေါ့ချီက ဆိုသည်။ ပြည်နယ်အလိုက် ဥပဒေမျိုးစုံဖြစ်နေပြီး ဗဟိုအစိုးရ၏ အကြံပေးချက်ကို ရှေးရိုးစွဲပြည်နယ်များက ဆန့်ကျင်နေဆဲဖြစ်သည်။

အိန္ဒိယနိုင်ငံ၌တစ်ရက်အတွင်းမှာ ကူးစက်သူ ငါးသောင်းငါးထောင်ကျော် ထပ်မံတွေ့ရှိကာ စံချိန်တင်သည်။ ကူးစက်ခံ(၁.၆၉)သန်းအထိ ရှိလာသည်။ သုံးသောင်းခြောက်ထောင်ကျော် သေဆုံးသည်။ အင်္ဂလန်ပြည်ထုတ် ဇိမ်ခံကားများဖြစ်သည့် Land Rover, Jaguar တို့၏ ပိုင်ရှင်၊ မိခင်ကုမ္ပဏီကြီးဖြစ်သည့် အိန္ဒိယနိုင်ငံပိုင် Tata Motor ကားကုမ္ပဏီကြီးသည် ဒုတိတယသုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ(၁.၁၃)ဘီလီယံအထိ အရှုံးပေါ်ခဲ့သည်ဟု ကြေညာသည်။

စပိန်၊ အီတလီ၊ ဂျာမဏီ၊ အင်္ဂလန် စသည့် ဥရောပနိုင်ငံများတွင် ကူးစက်မှုအသစ်များ နေ့စဉ်တိုးနေသဖြင့် ဒုတိယလှိုင်းဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ အင်္ဂလန်ပြည်၌ ရုပ်ရှင်ရုံများ၊ ဘာသာရေးဝတ်ပြုရာနေရာများတွင် မျက်နှာဖုံးတတ်ဆင်ရန် အမိန့်ထုတ်ပြန်သည်။ မြောက်ပိုင်းအင်္ဂလန်ကို ပိတ်ဆို့မှုပြန်လည်ပြုလုပ်သည်။

ဗီယက်နမ်တွင် ကပ်ရောဂါကြီးကြောင့် သေဆုံးရသူ ဒုတိယမြောက်တစ်ဦး ရှိလာသည်။ သေဆုံးသူမရှိပဲ ယခုအခါမှ နှစ်ဦးခန့် သေဆုံးခြင်းဖြစ်သည်။

ဖိလစ်ပိုင်တွင် တစ်ရက်အတွင်း ကူးစက်ခံရသူ လေးထောင်ကျော် ထပ်မံတွေ့ရှိခဲ့ရသည်။ အရှေ့တောင်အာရှနိုင်ငံများအတွက် တစ်ရက်အတွင်း ကူးစက်ခံရသူအများဆုံးကို ဒုတိယမြောက်ရက်အဖြစ် ဆက်တိုက်တွေ့ရှိခြင်းဖြစ်သည်။ ကူးစက်ခံရသူ ကိုးသောင်းသုံးထောင်ကျော်ဖြင့် တရုတ်ပြည်ကို ကျော်လွန်သွားခဲ့သည်။ အင်ဒိုနီးရှားပြီးလျှင် အရှေ့တောင်အာရှနိုင်ငံများတွင် တရုတ်ပြည်ကူးစက်မှုကို ကျော်လွန်သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာသည်။ သေဆုံးသူ နှစ်ထောင်ကျော်ရှိသည်။

မြန်မာပြည်တွင် ကူးစက်မှုအသစ် မတွေ့ရှိရပါ။