ဆောင်းယွန်းလ - "ရေလိုက်ငါးလိုက်"
ဆောင်းယွန်းလ - "ရေလိုက်ငါးလိုက်"
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၀
ဘယ်လို ကြည့်ကြည့်
ကျက်သရေမရှိတဲ့မျက်နှာနဲ့
စင်ပေါ် တက်တက်လာတယ်
တွန်းဖယ်ပစ်ဖို့ကလည်း
ကိုယ့်မှာပါဝါအာဏာမရှိပြန်ဘူး
အိမ်ဖြူတော်ဟာ သွေးညှီနဲ့ တွေ နံနေသလိုမျိုး
အမေရိကန်လမ်းတွေမှာလည်း
လူမျိုးရေးခွဲခြားမှု အသံတွေ ညံနေတယ်
ကမ္ဘာဟာ အသက်ရှူလို့မ၀သလိုမျိုး
အမေရိကန်မှာလည်း အသက်ရှူလို့မရဘူး
လူဟာ
နှလုံးသားနဲ့ ဦးနှောက်က စကားပြောတာလား
အသားအရောင်က စကားပြောတာလား
ပါးစပ်နဲ့ ပြောတဲ့စကားတွေက
သေနတ်နဲ့ပြောတဲ့စကားတွေလိုဖြစ်လာတဲ့အခါ
တိုင်းပြည်ကဆူသလို
ကိုဗစ်ကလည်း တစ်ဖက်တစ်လမ်းကပူတယ်
လူလူသူသူ ဖြစ်ဖို့အရေး
နောင်ဘ၀ကိုလည်း မတွေးရဲသေးဘူး
အာဏာရှင်ကြီးစိုးရေး အမြစ်တွယ်နေတဲ့ကာလမှာ
ဒီမိုကရေစီဆိုတဲ့စာသားဟာ ဝါကျအထားအသိုမှားနေဆဲ
ရေလိုက်လွဲနေတဲ့ ဘ၀ကြီးထဲမှာ
ရေလိုက်ငါးလိုက်နေတတ်ဖို့ဆိုတာ
ကိုယ်ကိုယ်တိုင်မျက်စိကန်းနားပင်းနေမှဘဲ နဲနဲခံသာမယ်
လောလောဆယ် ရေလိုက်ငါးလိုက်ဖြစ်ဖို့က
ဒီတစ်ညအိပ်ပျော်အောင်အိပ်ရမယ်
အိပ်မက်တွေ မမက်တာလည်းကောင်းမယ်
မနက်ဖြန်ကျရင်
ဘာလာလာဒေါင်းအောင်သင်တဲ့ ကျောင်းကိုရှာတက်မှ
ဘ၀က နဲနဲနေသားကျမယ်။
ဆောင်းယွန်းလ