Breaking News

စံပယ် - ဘိုလေးအတွက်



စံပယ် - ဘိုလေးအတွက်

(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၀

“ဘိုလေးအကြောင်း ထပ်ရေးပေးအုံးလေ မေကြီး၊ ဟိုတခါရေးတုန်းက တချို့သူတွေက တို့လို့တန်းလန်းကြီး၊ ဆက်ရေးပါလို့ပြောကြတယ်လေ”

ဘိုလေးသခင်မ ကြောင်ပိုင်ရှင် သမီးလတ်က သူ့ကြောင်”ဘိုလေး” အကြောင်းကို ထပ်ရေးဖို့ ကျမကို မကြာမကြာပူစာတတ်ပါတယ်။ အမယ် . . သူက ကျမကို စာမူခတောင် ပေးပြီး ရေးခိုင်းတာလေ။ အေးပါ ရေးပေးမယ်လို့ ပြောခဲ့ပေမယ့် ရေးဖို့ စိတ်ထဲသိပ်မရှိတာရော၊ ကျမရဲ့ Online သင်တန်းအတွက် စာတွေရေးနေရတာကြောင့် ဘိုလေးကိုအလှည့်မပေးနိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတော့ ကျမတို့သားအမိ ရုံးပိတ်ရက် မနက်ခင်း အေးအေးဆေးဆေး မနက်စာစားရင်း စကားထိုင်ပြောနေတုန်း ဘိုလေးတကောင် သူ့သခင်မအပေါ် ခုန်တက်ပြီး ကျမတို့စကားဝိုင်း ကိုဝင်ပါတယ်။ ဒါပေမဲ့ ခုန်လိုက်တာ ဟန်ချက်ပျက်ပြီး ပေါင်ပေါ်မရောက်လို့ သမီးက “သားလေး လာ” လို့ဆိုပြီးကောက်ချီလိုက်မှ သမီးလတ် ပေါင်ပေါ် ထုံးစံအတိုင်း တက်၊ မျက်နှာကိုမော့ကြည့်ရင်း ချွဲနွဲ့ပြီး သူတို့နှစ်ယောက်နားလည်တဲ့ ဘာသာစကားတွေ ပြောကြတာပေါ့။ 

ဒီတခါတော့ ကျမ စိတ်ထဲ ဘိုလေးတကောင် အဖိုးကြီးဖြစ်နေပြီပဲ ဆိုပြီး သနားသလိုလို ဖြစ်သွားပါတယ်။ 
ကြောင်တကောင်ရဲ့ ပေါ့ပါးဖြတ်လတ်မှုတွေ သူ့ဆီမှာ နည်းပါးလာနေပြီထင်ပါရဲ့။ အင်းပေါ့လေ သမီးလတ် ၆တန်း၊ အသက် ၁၂ နှစ်လောက်မှာ သူက ကြောင်ပေါက်စလေး ပဲရှိသေးတာ။ အိမ်ရောက်လို့ ခြင်းထဲကထုတ်တာနဲ့ အမေကိုရှာတာလား၊ သခင်ဟောင်းကိုရှာတာလား မသိ။ တညောင်ညောင် ပေါက်စနကြောင်သံလေးဟာ တစာစာပါပဲ။

ခုတော့ သမီးလတ်တောင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ အရွယ် ၂၄ နှစ်ပြည့်ကာနီးပြီဆိုတော့ ‘ဘိုလေး’အသက်လည်း ၁၂ နှစ်ကျော်ရောပေါ့။ ကျမလို ကြောင်တွေ၊ခွေးတွေ ကိုသိပ်ပူးပူးကပ်ကပ် မကြင်နာတတ်သူအတွက်တောင် . . ၁၂ နှစ်ဆိုတဲ့ကာလ ကြားမှာ ဖြစ်တည်ခဲ့တဲ့ သံယောဇဉ်တွေက ရှိနေတာပါ။ မနက် အစောကြီးထတတ်တဲ့ ကျမနောက်က ဘိုလေးတကောင် ခြေသံခပ်ဖွဖွနဲ့လိုက်လာပြီဆိုရင် သူ့အတွက် ကြောင်စာခွက်လေးကို ဆေးကြောပြီး အစာထည့်ပေးရသလို . . မိုးကာလမို့ စူးရှရှ ထွက်လာတတ်တဲ့ ကြောင်သေးနံ့ကို ဒက်တောရည် လိုက်ဖျန်းရင်း ကျမ ပွစိပွစိ လုပ်မိပါတယ်။

ကျမ လမ်းလျှောက်ကအပြန် သမီးကိုနှိုးရင် သူက သမီးအိပ်ရာနံဘေးမှာထိုင်လို့။ သမီး ထလာပြီး ရေချိုးခန်း ဝင်တာနဲ့ သူလဲ လိုက်လာ . . တံခါးပိတ်ထားတဲ့ ရေချိုးခန်းရှေ့မှာ ငုတ်တုတ်ကြီး ထိုင်စောင့် တတ်ပါ တယ်။ သမီးက သူရုံးမသွားခင် မှာ ‘ကြောင်စားတဲ့ မုန့်’ ဆိုတာလေးကို ထပ်ကျွေးရင်း ‘တာ့တာ’နှုတ်ဆက် ရင် အိမ်တံခါးဝထိ လိုက်ပို့ပြီး တံခါးပိတ်လိုက်တာနဲ့ သူထိုင်နေကျ အခန်း ပြတင်းဝပေါ်ထိုင်ရင်း ခြံထဲက သစ်ပင်တွေ ကြားက လိပ်ပြာတွေငေးရင်းငိုက်မြည်းပါတော့ တယ်။ 

ညနေဆို ဘိုလေးတကောင် ပြတင်းဝပေါ် နောက်တခေါက် တက်ထိုင်ပါတယ်။ သူ့ကိုကြည့်လိုက်ရင်တော့ ငိုက်နေသလိုနဲ့ ၅နာရီခွဲကျော်ကျော် သူဖတ်ကနဲခုန်ဆင်းလာလို့ ကြည့်လိုက်ရင် သမီးလတ် အလုပ်က ပြန်လာပြီလေ။
ခုနောက်ပိုင်း ဘိုလေးက အစာကျွေးရင် သိပ်ချေးများပါတယ်။ ကျမ က သမီးလတ်ကို ပြောမိတယ်။ ကြောင်ကို ကြောင်လိုမမွေးတော့ သူက ကြီးကျယ်နေတယ်၊ငါးကြော် ကျွေးတာတောင်မစားဖူးဆိုတော့ “သူက အဖိုးကြီးဖြစ်နေပြီအမေရဲ့၊ သွားဖုံးတွေယောင်တော့ အစာမာရင် မဝါးနိုင်တော့ဖူး” လို့ ပြောပါတယ်။ 

ပြောလို့မှ မကြာပါဖူး။ ဘိုလေး သွားရေတွေကျပြီးအစာမစားနိုင်လို့ ဆရာဝန်ပြရပါတော့တယ်။ သမီးက အလုပ်သွားရင် သူ့ကြောင်ကို စိတ်မချလို့ အိမ်အကူလေး ခူးခူးကို ဘယ်အချိန်မှာ ဘာကျွေး၊ ဘာဆေးတွေတိုက်ပါဆို မှာသွားတတ်ပါတယ်။ ကျမက ကြောင်ကို မကိုင်ရဲပါဖူး။ ကျမလည်း ကိုယ်နိုင်သလောက်လေး ကြောင်ဆေးပင်တွေနှုတ်ပြီး သူ့အနားထားပေးပါတယ်။ အပြင်သိပ်မထွက်တော့တဲ့ ဘိုလေး တရက်ကတော့ နေလေးသာနေလို့ အိမ်ပြင်ထွက်ပြီး နေပူစာလှုံရှာတယ်။ ဒါပေမဲ့ သူ့ခြေလှမ်းတွေက သိပ်မသွက်လှတော့ဖူး။ 

သမီးလတ်လည်း ခွင့်တွေဘာတွေယူပြီး တိရိစ္ဆာန်ဆရာဝန်ဆီသွား၊ အားဆေးတွေသွင်းလုပ်ပေမဲ့ ဒီနေ့မနက် အစောကြီးမှာတော့ ဘိုလေး ဇီဝိန်ချုပ်သွားရှာတယ်။

အစာမဝင်၊ဆီးမသွားတော့တဲ့ ဘိုလေး မနေ့ည ဆေးခန်းကပြန်ရောက်ချိန်ကစပြီး အမောဖောက် နေတော့ ကျမလည်း ဘာလုပ်ရမှန်းမသိ ကြည့်ရင်းစိတ်မကောင်း။ နောက်တော့ စိတ်ကူးပေါက်ပြီး မင်းကွန်းဆရာတော်ကြီး ရဲ့ ပရိတ်တရားတွေကိုသူ့အနားဖွင့်ထားပေးရင်း၊ သူ့ အမွေးလေးတွေကို ပွတ်ပေးရင်း၊ ကောင်းမွန်ရာ ဘုံဘဝ ရောက်နိုင်ဖို့ပဲ ဆုတောင်းမိတော့တယ်။ 

ထမင်းကိုမစားချင့်စားချင် စားနေရှာတဲ့ သမီးကျောကုန်းလေးကို ဖက်ရင်း အားပေးလိုက်ချိန်မှာတော့ သမီးက တသိမ့်သိမ့် ငိုပါတော့တယ်။ ကျမကိုယ်တိုင်လည်း မျက်ရည်တွေစီးကျလို့နေပါတယ်။

သမီးလတ်က တညလုံးသူ့အိပ်ရာနံဘေးမှာ ဘိုလေး ကိုထားပြီး အိပ်ပါတယ်။ မနက်စောစောမှာ ပရိတ်တရားသံကြားရတော့ကျမ စိတ်ထဲမှာ ထိတ်ကနဲဖြစ်သွားပါသေးတယ်။ မကြာပါဖူး၊ သမီး ကျမအခန်းဘက်ကူးလာပြီး “ ဘိုလေးသေသွားပြီ”တဲ့။ 

သတ္တဝါတွေ အသက်ထွက်ဖို့ကလည်း လွယ်ကူလှတာတော့မဟုတ်ဖူး ဆိုတာကိုတွေးရင်း ကိုယ်လက်သန့်စင်ပြီး ခြံထဲမှာ တွင်းတူးဖို့ လမ်းထိပ်မှာ အလုပ်သမားသွားရှာရပါတယ်။ သမီးက သူ့ကြောင်ကိုအဝတ်လေးပတ်ရင်း မြေတွင်းထဲထည့်တော့ မျက်ရည်တွေတရွှဲရွှဲပေါ့။ ခူးခူးတယောက်လည်း မျက်လုံးတွေနီရဲလို့ပါလား။

တွင်းတူးသမားကလည်းပြောရှာတယ်၊ ကျနော် လည်း ဝက်တွေမွေး ပြီးရင် အဲလိုပဲခံစားရတယ်တဲ့။ 

ခြံထဲက ဝါဆိုပန်းဝါဝါလေးတပွင့်ကိုခူးပြီး မြေတွင်းလေးထဲ ထည့်ပေးလိုက်မိတယ်။

လူသားတွေဟာ ဩကာသလောက ရဲ့ ပျက်စီးမှုတွေတွေ့ရတဲ့အခါ စိတ်အားငယ် ဝမ်းနည်းတတ်ကြပါတယ်။ ဒါဟာအချိန်နဲ့အမျှပြောင်းလဲဖောက်ပြန်နေတဲ့ သင်္ခါရလောက ရဲ့ သဘောကို ဉာဏ်သိ မသိကြတဲ့အတွက် လို့ ဆိုကြပါတယ်။ ပုထုဇဉ်တွေဟာ ဒီအားငယ်မှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျော်ဖြတ်နေကြရ ဆဲပါ။ 

၂၀၂၀ ထဲမှာပဲ ကျမရဲ့ IC မေဂျာ သူငယ်ချင်းတွေထဲက ဂစ်တာတီးကောင်းတဲ့ ဇော်မင်းဦးနဲ့ သီချင်းဆိုကောင်းတဲ့နွယ်နီတို့ ကွယ်လွန် သွားခဲ့ကြပါတယ်။ သူငယ်ချင်းတွေစုံမိတော့ ကွယ်လွန်သွားကြတဲ့ သူတွေက ဘယ်သူတွေဆိုပြီး ပြောကြ တော့ . . လွန်ခဲ့တဲ့ ၁၈ နှစ်က ကွယ်လွန်သွားတဲ့ IC ကသူတို့ရဲ့သူငယ်ချင်း ကျော်မြတ်သိန်း(ကျမရဲ့ခင်ပွန်း)ကို ကျမ ပြောဖို့ မေ့နေခဲ့ပါတယ်။ 

ကျမတို့ရဲ့ ဝမ်းနည်းကြေကွဲမှုတွေကို အချိန်ဆိုတဲ့အရာကြီးက အကောင်းဆုံးဖြေဖျောက်ပေးခဲ့တာပဲနော်။ 

“ဘိုလေး” ဘဝသစ်တစ်ခုမှာ ပိုပျော်ပါစေ။