Breaking News

စာအုပ်မိတ်ဆက် - သက်ဝေရဲ့ " ပျော်ရွှင်မှု မိုးရေစက်များ "


 

သက်ဝေရဲ့  " ပျော်ရွှင်မှု မိုးရေစက်များ "

ခေတ်ကြီးထဲမှာ ရွေ့လျားနေတဲ့ နာရီလက်တံတွေဟာ အထိတ်တလန့် နာရီလက်တံတွေ။

လေတိုးသံ သစ်ရွက်ကြွေသံက အစ ကိုယ်ထဲမှာ ခုန်တိုးနေသော သွေးခုန်သံအလယ် တိတ်တဆိတ်စီးဆင်းနေသော မြစ်ရေစီးသံအဆုံး ဘဝ ဘဝတွေကို နာကျင်ကိုက်ခဲသွားစေမယ့် ဗိုင်းရပ်စ်ပိုးတွေ ရောထွေးပါလာလေမလား။

ရက်စွဲ‌တွေဟာ ကျွန်တော်တို့ကို လှုပ်ခါချောက်ချားသွားစေသော ရက်စွဲများ။

အနာတရတွေနဲ့ ပြည့်နှက်ဖောင်းကားနေတဲ့ကမ္ဘာကိုယ်တိုင် အချိန်အခါမရွေး ဝုန်းခနဲ ပေါက်ကွဲသွားနိုင်သော ကြောက်မက်ဖွယ်နှစ်ကာလများ။

မြို့ကြီးတွေဟာ တိတ်ဆိတ်သွားလိုက် ရှုပ်ထွေးလှုပ်ခတ်လာလိုက်နှင့်မမြင်ရတဲ့ရန်သူကို သွေးတိုးစမ်းလို့။

ဖြူဖပ်ဖြူ‌ရော် လရောင်အောက်မှာ ဘယ်ကနေပေါ် ထွက်လာမှန်းမသိတဲ့ကြောက်မက်ဖွယ်ရာ ညည်းတွားအော်ဟစ်သံများ။

ကိုယ်‌နေတဲ့ လမ်းကလေးထဲကလား။

ကိုယ်နေတဲ့လမ်းရဲ့ တစ်လမ်းကျော်လမ်းထဲကလား။

လူတစ်ယောက်ယောက်လား။ ဒါမှမဟုတ် မိသားစုတစ်စုစုလား။

သူတို့ကို သယ်မခေါ်ဆောင်ဖို့ ကားတွေ တစ်စီးပြီးတစ်စီးထိုးဆိုက်လာခဲ့ပြီလား။

လမ်းမတွေပေါ်မှာ ပြန့်ကြဲနေတဲ့မျက်လုံးတွေဟာ တစ်ယောက်နဲ့တစ်ယောက် သင်္ကာမကင်း ဖြစ်နေတဲ့ မျက် လုံးမျိုးတွေ။ လမ်းတွေ၊ တိုက်တွေ၊ ကွန်ဒို‌တွေ၊ မီနီမားကက်တွေ၊ Gem တွေဆိုတာ အချိန်အခါမရွေး Lock- down ဖြစ်သွားနိုင်သောအနေအထားမျိုး။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူဟာ ပျော်ရွှင်နိုင်မှာပါလဲ။

ဒီလိုအနေအထားမျိုးကလွန်မြောက်အောင် အချိန်တွေ ဘယ်လောက်တောင် ကြာဦးမှာပါလိမ့်။

မြို့ကြီးတွေဟာ ရူးနှမ်းချင်နေပြီ။

တချို့ ပေါက်ကွဲပွင့်ထွက်သွားကြပြီ။

ဖိစီးမှုအမျိုးမျိုးနဲ့ လှောင်ပိတ်မွန်းကျပ်နေတဲ့ အခုလိုအချိန်မျိုးမှာပဲ ကျွန်တော်တို့အပါးကို ကြည်လင်သော မိုး‌‌ရေစက်တချို့လွင့်စဉ်ကျရောက်လာခဲ့။

ပျော်ရွှင်မှု‌တွေလွင့်ရှပျောက်ဆုံးနေတဲ့ ကျွန်တော်တို့အတွက် ဆရာမသက်ဝေယူဆောင်လာခဲ့သော " ပျော်ရွှင်မှု မိုးရေစက် "

မြန်မာပြည်ရဲ့ အဝေးတစ်နေရာမှာရောက်နေတဲ့ စာရေးဆရာမတစ်ယောက်ရဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်လေးပါ။

စာအုပ်မျက်နှာဖုံးကို နေမျိုးဆေးက ရေးဆွဲပေးထားပြီး အတွင်းသရုပ်ဖော်ပုံတွေကိုတော့ ကျော်သီဟ ( Kyaw Lion ) က ခံစားပုံဖော်ပေးထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ "ဝိုင်းမော်" စာပေက ဖြန့်ချိပေးထားပါတယ်။

ဆုတ်ခွာစပြုနေတဲ့ မုတ်သုံမိုးစက်တွေနေရာမှာ အစားထိုးရောက်ရှိလာတဲ့ "ပျော်ရွှင်မှုမိုးရေစက် " ကို နီးစပ်ရာ စာအုပ်ဆိုင်များမှာဝယ်ယူပြီး ပျော်ရွှင်နိုင်ကြပါပြီဆိုတဲ့အကြောင်း.....