ကိုအောင်မှိုင်း - အလွမ်းသစ်ပင်နဲ့ကဗျာတစ
ကိုအောင်မှိုင်း - အလွမ်းသစ်ပင်နဲ့ကဗျာတစ
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၀စစ်ပြေးကိုစစ်ရှောင် ပြောင်းရင်း
စစ်ရှောင်ကိုတိုက်ပွဲရှောင် ပြောင်းရင်း
နာမည်တွေကိုရှေ့နောက် ပြောင်းရင်း
မေတ္တာတရားကိုအပေါ်အောက် ပြောင်းရင်း
ငြိမ်းချမ်းရေးဟာ ဓမ္မတရားကိုဆန့်ကျင်ရင်း
ကဗျာများလဲ ရောင်းကုန်တွေဖြစ်ကုန်ကြပေါ့။
စစ်တိုက်လို့ ထ္မင်းစားရသူတွေနဲ့
စစ်တိုက်ခံရလို့ ထ္မင်းငတ်သူတွေကြား
စစ်တိုက်လို့ ချမ်းသာသူတွေနဲ့
စစ်တိုက်ခံရလို့ အိမ်မရှိတော့သူတွေကြား
စစ်တိုက်လို့ အာဏာရသူတွေနဲ့
စစ်တိုက်ခံရလို့ ဘဝပျက်သူတွေကြား
ကဗျာတန်ဘိုးဟာ ခြားနားသွားခဲ့ရပေါ့။
ကဗျာဆရာ ဗားတော့ဗရက်ရဲ့
အဆီယစ်နေသူများ ကဗျာတဲ့။
(အလွဲသုံးစား လုပ်နေသူတွေက
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့။
ဗိုက်အပြည့် စားသောက်နေရတဲ့လူတွေက
ငတ်ပြတ်စုတ်ပြတ်နေသူတွေကို
အနစ်နာခံကြစမ်းပါတဲ့။
တိုင်းပြည်ကြီးကိုချောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
တိုင်းပြည်ကြီးသာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။
တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေနားလည်ဖို့
အင်မတန်ခက်တယ်ဆိုပါလားဟေ့။ )
နေ့တဓူ၀ အလိမ်ခံနေရ
ဘဝတွေက မလှပကြတော့။
ဗုံးခိုကျင်းထဲက အမေ့အသံက
ကာရန်ဗလာနဲ့ ကဗျာတစ။
ဒုက္ခသည်စခန်းက ကလေးမလေးက
ကျောင်းကိုတမ်းတ ကဗျာတစ။
အိမ်ပြန်ချင်သူတွေဘဝက
အိမ်မရှိကြတော့ ကဗျာတစ။
တချိူ့လဲ မိုးခါးရေသောက်ရင်း
တချိူ့လဲ ဆေးခါးကြီးမျိူရင်း
သက်ရှင်နိုင်ရေးဝေဒနာအတွက်
ရုန်းကန်ရင်း အချစ်တွေမွေးဖွားခဲ့
အနာဂတ်ဆိုတာ ဝိညာဉ်တခုလို
အမှောင်ပြီးရင်အလင်းဆိုတာ
မျှော်လင့်ချက်တခုလိုပဲပေါ့။
ကျောက်တော်ကို ဗုံးကျဲတာဟာ
ရန်ကုန်မြို့ကို ဗုံးကျဲတာလို့
ခံစားနိုင်တဲ့တနေ့။
မြောက်ဥိးကို မီးရှို့တာဟာ
နေပြည်တော်ကို မီးရှို့တာလို့
ခံစားနိုင်တဲ့တနေ့။
ရခိုင်ပြည်တိုက်ပွဲတွေကို
ဧရာဝတီမြစ်ကြီးမီးလောင်နေသလို
ခံစားနိုင်တဲ့တနေ့။
ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကို
လေးနက်နားလည်နိုင်မှာပါ။
စစ်ပြေးစခန်းက ကဗျာတစကို
လှုပ်ခတ်နေတဲ့ မျက်ရည်တစနဲ့
ရင်းနှီးနေကြရတဲ့ ဘဝတစအတွက်
အချစ်တွေ ပေးဝေနိုင်ကြပါစေသား။
ကိုအောင်မှိုင်း
စက်တင်ဘာလ ၈ ရက် ၂၀၂၀ခုနှစ်
(ကမ္ဘာကြိးအတွက် ကျနော့်မွေးနေ့လက်ဆောင်ပါ)