Breaking News

အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၆



အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၁ ၆

(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၀


စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေ။

(၁)

မနေ့ကထင်သည်။ တစ်နေ့ကရင်လည်း ဖြစ်မယ်။ ကဗျာဆရာ ညလယ်မိုး ရဲ့ "သာစွလီ" ကဗျာကို FB ပေါ်မယ် ဖတ်လိုက်ရသည်။

"ဗုံးခိုကျင်းထဲမှာတော့၊ တစ်ယောက်နဲ့တစ်ယောက်၊ ၆-ပေခွာ နေလို့မရဘူး" ဆိုတဲ့ ကြေကြေကွဲကွဲအသံကို၊ အခုဖြစ်နေတဲ့ ကိုဗစ်-19 ကပ်ရောဂါဘေးကြီးထဲမှာ၊ သူ၏ကဗျာထဲကနေ နားနှင့်ဆတ်ဆတ် ကြားလိုက်ရ၏။

သြော် ... ကျနော်တို့တွေရဲ့ ဘဝအထွေထွေကလည်း၊ ကိုဗစ်ကြောင့်သေ၊ ပြည်တွင်းစစ်ကြောင့် ကြေနေရတာပဲ မဟုတ်လား။

ဟိုး ရှေးအတီတေကာလ ကဗျာဆရာကြီးဟိုးမားကနေ၊ ယနေ့အခါသမယ ကဗျာဆရာမလေး မွန်းသူအိမ် အထိ။ လူ့အဖြစ်ဘဝမှာ လူတိုင်းကင်းလို့ မရတဲ့ အရာနှစ်ခု။

အချစ် နဲ့ စစ်။ LOVE & WAR.

အချစ်က ဘူးစင်စိမ်းစိမ်းကလေးပေါ်မှာ၊ ဘူးညွန့်နုနုကလေးတွေ၊ နှာမောင်းအိအိကလေးတွေနဲ့ချိတ်ပြီး၊ တဖြည်းဖြည်း ရစ်ပတ်နွယ်တက် နေတာနဲ့ တူပါတယ်။ လှတယ်။ `

စစ်ကတော့၊ သံဆူးကြိုးခြံစည်းရိုးတန်းမှာ၊ အလေ့ကျပေါက်နေတဲ့ တောရိုင်းနွယ်ပန်းဝါဝါကလေး၊နွားကျောင်းသားတွေ လက်ချက်နဲ့ ညှိုးနွမ်း သွားရတာနဲ့ တူပါတယ်။ မလှဘူး။

ဆရာဇော်ဂျီ ဆိုခဲ့ဖူးတယ်။ "အနိဋ္ဌာရုံကို လှအောင် ဖွဲ့နိုင်တာ အနုပညာ ပဲ" တဲ့။ ဆရာ ညလယ်မိုးရဲ့ကဗျာက ဒီသဘောပါပဲ။ ပြည်တွင်းစစ်က မလှပါဘူး။ ကိုဗစ်စစ်ကလည်း မလှပါဘူး။ အဲဒီ မလှတဲ့ အနိဋ္ဌာရုံကြီးကို ကဗျာဆရာက လှအောင်(ခံစားရအောင်) ရေးဖွဲ့လိုက်တာပါ။ အဲဒါ ကဗျာပါပဲ။

လူသားတစ်ခေတ်ဟာ အချစ်နဲ့ စစ် ကြားမျာ ဗျာများနေရတယ်။ အဲဒီလို အချစ်နဲ့စစ် ကြား ဗျာများနေရတဲ့ လူသားရဲ့ ဖြစ်တည်မှုဘဝထဲကို၊ ငရဲကို နှစ်ခြမ်းဖြဲပြီး၊ သရဲလို အခန်းထဲဝင်လာတတ်တာက၊ ကပ်ရောဂါ ကပ်ဘေးဆိုးတွေ ဖြစ်နေတယ်။

အခု။ ကိုဗစ်ကာလ၊ ကိုရိုနာအခါသမယ၊ ကျနော်တို့ဟာ ငရဲနဲ့ သရဲ၊ တစ်ခု ရွေး ဆိုတဲ့ကိန်း ဆိုက်နေတာပါ။ စစ်လား၊ ကိုဗစ်လား။ မကြိုက်လည်း တစ်ခုခုကို ရွေးရတော့မယ့်၊ ရေလယ်မှာ လှေမှောက်တဲ့ ဘဝပါပဲ။

(၂)

ဒီ အဖြစ်မျိုးတွေက အခုမှ မဟုတ်ပါဘူး။ ဟိုး တုန်းကလည်း ရှိခဲ့ဖူး၊ ကြုံခဲ့ ဖူးတာပါ။

၁၉၁၄ ဇူလိုင်(၂၈)မှာ ပထမကမ္ဘာစစ်ကြီး စဖြစ်တယ်။ စစ်က ၁၉၁၈ နိုဝင်ဘာ(၁၁)ကျမှ ပြီးဆုံးတယ်။ အဲဒီ ပထမစစ်ကြီး မပြီးသေးခင်မီမှာကိုပဲ စပိန်တုပ်ကွေး(SPANISH FLU/1918 FLU PANDEMIC) လို့ခေါ်တဲံ့ ကပ်ရောဂါဘေးကြီး ကမ္ဘာမှာ ဆိုက်ပါရောလား။ စပိန်တုပ်ကွေးက ၁၉၁၈ ဖေဖော်ဝါရီမှာ စဖြစ်တာ၊ ၁၉၂၀ ဧပြီကျမှပဲ ရပ်တော့တယ်။

ပထမကမ္ဘာစစ်ကြောင့် စစ်သား(၉)သန်းနဲ့ အရပ်သား(၁၃)သန်း သေတယ် လို့ဆိုတယ်။

စပိန်တုပ်ကွေးကြောင့် လူပေါင်း သန်း(၅၀ဝ)(အဲဒီတုန်းက ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ) ရောဂါပိုး ကူးစက်ခံရပြီး၊ လူပေါင်း (၁၇)သန်းနဲ့ သန်း(၅၀)ကြား သေကြေတယ်။ တချို့ရင်းမြစ်တွေက သန်း(၅၀)နဲ့(၁၀ဝ)ကြားအထိ ရှိနိုင် တယ်လို့ဆိုပါသေးတယ်။

ကဲ၊ စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေပဲ မဟုတ်လား။

ဒုတိယကမ္ဘာစစ် ကျတော့ကော။ ၁၉၃၉ စက်တင်ဘာ(၁)မှာ ဒုတိယစစ် စ ဖြစ်တယ်။ ၁၉၄၅ စက်တင်ဘာ(၂)ကျမှ ပြီးဆုံးတယ်။ ၆-နှစ်နဲ့ တစ်ရက် တိတိ ကြာတယ်။ စစ်သား သန်း(၂၀)၊ အရပ်သား သန်း(၄၀) သေတယ်လို့ ဆိုပါတယ်။

ဒုတိယကမ္ဘာစစ် ပြီးခါနီး(၁၉၄၅) မဟာမိတ်အင်အားစုက အမေရိကန်က ဝင်းရိုးတန်း သုံးနိုင်ငံထဲက ဂျပန်ကို အနုမြူဗုံး နှစ်ကြိမ် ကြဲချတိုက်ခိုက်ရာ မှာ၊ ဟီရိုရှီးမား(သြဂုတ် ၆) နဲ့ နဂါးစကီး(သြဂုတ် ၉) မြို့ကြီးနှစ်မြို့မှာ လူပေါင်း (၁)သိနး(၂)သောင်း(၉)ထောင် နဲ့ (၂)သိန်း(၂)သောင်း(၆)ထောင် ကြား အသက်ဆုံးရှုံးခဲ့ရတယ်လို့ မှတ်တမ်းရှိပါတယ်။

(၃)

ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၄၈ လွတ်လပ်ရေးရကတည်းက စခဲ့တဲ့ ပြည် တွင်းစစ် (၁၉၄၈- ၂၀၂၀) အနှစ်(၇၀)ကျော်(၇၂-နှစ်)မှာ စစ်သား ဘယ်နှယောက်၊ အရပ်သား ဘယ်နှယောက် သေကြေခဲ့ရပြီလဲ။

ပြည်တွင်းစစ်ဆိုတာ ဘာနဲ့တူသလဲဆိုတော့၊ ရေအောက်အနက် နွံထဲမှာ အမြစ်ခိုင်ခိုင်တွယ်ပြီး၊ ရေပေါ်မှာ ရွက်စိမ်းပြန့်ပြန့်ဖားဖားနဲ့၊ အပွင့် ဖြူနီညို ပြာ ခရမ်း၊ ပွင့်စွမ်းနိုင်အားတဲ့ ကြာရိုးကြာနွယ်ကို၊ ရေငုပ်သမားက တော်ပီဒိုနဲ့ ပစ်ခွင်းဖျက်ဆီးတာနဲ့ တူပါတယ်။

အောက်ခြေဘဝတွေက နွံထဲမှာ။ အဲဒီ နွံထဲကပဲ ကြာပန်းက ပွင့်ရတာပါ။

အဲဒါ လူ့အဖြစ်မှာ နုသစ်ရတဲ့ အချစ်ပွင့်တာပါပဲ။ အချစ်ကို ဖျက်ဆီးတဲ့ တော်ပီဒိုကြီးကတော့ စစ်ပေါ ့လေ။

အခုတော့ အချစ်ကို ဖျက်ဆီးပစ်နေတာ၊ စစ်တစ်ခုတည်း မဟုတ်တော့ဘူး။

ကိုဗစ်က စစ်နဲ့လာပေါင်းပြီး၊ ကျနော်တို့ လူသားအချစ်ကို ယူစားပစ်နေပြီ။

ယနေ့ September 6, 2020 ကမ္ဘာတစ်ဝှမ်းလုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ(၂၇)သန်း(26,938,794)၊ သေဆုံးသူ(၉)သိန်နီးနီး (880,624)၊ ပြန်ကျန်းမာလာသူ (၁၈)သန်းလို့ သိရပါတယ်။

ကျနော်တို့ မြန်မာပြည်မှာ ကူးစက်ခံရသူ(၁၄၁၉)ယောက်၊ သေဆုံး(၈) ယောက်နဲ့ ပြန်ကျန်းမာလာသူက (၃၈၅)ဦးပါ။

မထင်မှတ်ထားပဲ၊ ထင်မှတ်ထားလည်း အငိုက်မိသွားတာပါပဲ၊ ဒီ(၂၀၂၀) သြဂုတ်နဲ့ စက်တင်ဘာ စပ်ကူးမပ်ကူးမှာ ကျနော်တို့ COVID_!9 CORONAVIRUS ဒုတ်ယလှိုင်း ရိုက်တာကို ခံလိုက်ရတာပါပဲ။ ပထမလှိုင်း တုန်းက ကူးစက်ခံရသူ (၄၀ဝ)ဝန်းကျင်၊ သေဆုံးသူ(၆)ဦးနဲ့ ကျနော်တို့ (၄)လကျော် (၅)လနီးပါး မှန်မှန်ကန်ကန် ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့ပါသေးတယ်။

ဟော- ခုတော့ ဒုတိယလှိုင်း ရုတ်ခနဲ သုတ်သုတ်ရိုင်းရိုင်း ရိုက်ပုတ်လိုက် လေတော့၊ ကူးစက်သူ(၁၄၀ဝ)ကျော်၊ သေဆုး(၈)ယောက်နဲ့၊ ကျနော်တို့ နိုင်ငံ လှိုင်းအောက် ရောက်ရချေတော့မယ်။ ဘုရား၊ ဘုရား။ တတိယလှိုင်း ထပ်ဝင်မလာပါစေနဲ့။ ဝင်မလာပါစေနဲ့လို့ ဆိုရတာက၊ မလာဘူးလို့ ယတိပြတ် မပြောနိုင်လို့ပါ။

၁၉၁၈ စပိန်တုပ်ကွေး ကပ်ဘေးတုန်းက လှိုင်းက (၄)ဆင့် နင့်နေအောင် ရိုက်ခဲ့တာမို့ပါ။ ၁၉၁၈ အစောပိုင်းမှာ ပထမလှိုင်း၊ ၁၉၁၈ နောက်ပိုင်းမှာ ဒုတ်ယလှိုင်း၊ တတိယလှိုင်းက ၁၉၁၉ နဲ့ နောက်ဆုံး စတုတ္ထလှိုင်းက ၁၉၂၀၊ ကျနာ်တို့ဆီမှာ ပထမတက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်တဲ့အချိန်ပေါ ့။

စပိန်တုပ်ကွေးက အဲဒီလို လှိုင်း(၄)ဆင့် ရိုက်ခဲ့တဲ့ သမိုင်းရှိတာကိုး။ အခု ကိုဗစ်-19 ကရော လှိုင်း ဘယ်နှဆင့် ရိုက်ဦးမှာလဲ။ မသိနိုင်ဘူး။

ဒီနေ့ (စက်တင်ဘာ ၆၊ ၂၀၂၀) အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် လူပေါင်း(၆)သန်းကျော် ကူးစက်ခံရ။ လူပေါင်း(၂)သိန်းပြည့်လု သေဆုံး။ (ပြန်ကျန်းမာ ၃-သန်း၊ ရ- သိန်းကျော်)

ကဲ၊ ကြည့်ပါဦး။ အခုပဲ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူဦးရေဟာ၊ ဟီရိုရှီးမား၊ နဂါးစကီး အနုမြူဗုံးဒဏ်နဲ့သေရတဲ့ လူဦးရေလောက် ဖြစ်နေပါ ပြီ။ (ဟီရိုရှီးမား၊ နဂါးစကီး လူပေါင်း ၁၂၉,ဝ၀ဝ နဲ့ ၂၂၆,ဝ၀ဝ ကြားသေဆုံး)

အမေရိကန်မှာ ပြည်တွင်းစစ် အခု မရှိပါ။ ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် ရှိပါသည်။

ကျနော်တို့ ဒီ ပြည်တွင်းစစ်ကို မတားနိုင်ပြီလား။ ကျနော်တို့ ဒီ ကိုဗစ်စစ် ကိုရော မတားနိုင်ပြီလား။

ကိုဗစ်က စား၊ စစ်က ဝါးရင်၊ ကျနော်တို့ ဘဝတွေ လုံးပါး ပါးရချေတော့ မည်။ အသိဥ ာဏ်နဲ့ ခံစားပါ။ နှလုံးသားနဲ့ ဆင်ခြင်ပါ။ ရောဂါပိုးကူးစက်ခံရသူတွေအပေါ် စာနာထောက်ထားပါ။ နှစ်သိမ့်ဖေးမပါ။ ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာလ အမိန့်နဲ့စည်းကမ်းတွေကို အပြည့်အဝ လိုက်နာပါ။ မိမိကိုယ်မိမိ ကာကွယ်ပါ။ သူတစ်ပါးကိုလည်း ကာကွယ်ပါ။ စိတ်ကို တည်ငြိမ်အောင်ထားပါ။ (စိတ်တည်ငြိမ်ဖို့ ကဗျာလေး ဘာလေး
ရှာဖတ်ပေး)

ရောဂါပိုးရှိသူက ရန်သူ မဟုတ်ပါ။ ရောဂါပိုးကသာ ရန်သူပါ။ ရန်သူကိုတော့ မညှာလေနဲ့။ ဆရာမြသန်းတင့် ပြောခဲ့ဖူးတာ ရှိတယ်။ ပဲခူးရိုးမကြီးပေါ်က မုဆိုးကြီး ကိုဖိုးဇုံရဲ့ အဘိဓမ္မာ။ ကိုယ်က ကျားကို မသတ်ရင်၊ ကျားက ကိုယ့်ကို သတ်သွားမှာပဲတဲ့။

ဒီတော့၊ ရန်/ငါ ပြတ်ရတော့မယ်။ စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေ၊ ဒီလို အဖြစ်သနစ်တွေ ဆုံးခန်းတိုင်ဖို့။

ကိုဗစ်-19 ဟာ ရန်သူပဲ။

ပြည်တွင်းစစ် မွေးစားနေတဲ့ သေနတ်အားကိုး၊ ငါးမြွထေိုးတွေဟာလည်း ရန်သူပဲ။

ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပြောရတော့မယ်။

"အနီးကပ်ဆုံး ရန်သူကို ရှာပြီးတိုက်ကြ"

(စက်တင်ဘာ ၆၊ ၂၀၂၀)