Breaking News

အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ - ၃

U Ba Kyi's wall painting in old yangon airport building


အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ  - ၃

(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၂၀  


အခန်း (၃) - အမျိုးသားရေးဝါဒ နှစ်မျိုး


[ 'အမျိုးပျောက်မှာ စိုးကြောက်စရာ' ဆိုပြီးတော့ပြောဆိုလေ့ရှိကြတယ်။ အဲဒီလို ပြောဆိုမှုတွေဟာ မှန်မမှန်ဆိုတာ ကို အချက်အလက်တွေနဲ့ ဒီအခန်းမှာ ရေးသားထားပါတယ်။ တစ်ခုရှိတာက အချက်အလက်ဟာ အချက်အလက်ပါပဲ အချက်အလက်ကို ဘယ်လိုကြည့်မလဲ၊ တွေးခေါ်မှုအပိုင်း၊ ရလဒ်ပိုင်းအရ ဘယ်လို ကြည့်မလဲ ဆိုတာက နိုင်ငံရေးပိုင်း ဆုံးဖြတ်ချက်ပါ။ အမျိုးသားရေးအုပ်စု ဝင်အဖြစ် သတ်မှတ်မှုကို နိုင်ငံသား အခွင့်အရေး၊ တူညီတဲ့ နိုင်ငံရေး တန်ဖိုးတွေ အပေါ် အခြေခံမလား၊ ဆွေစဉ်မျိုးဆက်ဖြစ်မှု၊ သွေးသန့်မှု အပေါ် အခြေခံမလား၊ ပိုမို အားပျော့ပေမယ့် ဆွဲဆောင်မှုပိုရှိတဲ့ ယဉ်ကျေးမှုပိုင်းအပေါ် အခြေခံမလဲ စတာတွေကို တွေ့ရပါမယ်။ အခန်း(၃) ဖြစ်တဲ့ ဒီ အခန်းဟာ အခက်ခဲဆုံး အရှုပ်ထွေးဆုံး အခန်းဖြစ်ပါတယ်။ ဒဿနပိုင်းမေးခွန်းတွေပါပါတယ်။] 

အမျိုးသားရေးဝါဒ ကို အဓိက အားဖြင့် ၂ မျိုး ခွဲခြားနိုင်သည်။ နိုင်ငံသားအခွင့်အရေး အပေါ် အခြေခံသည့် (Civic Nationalism) နှင့် တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည့် အမျိုးသားရေး ဝါဒ (Ethnic Nationalism)တို့ ဖြစ်သည်။

တန်းတူရည်တူရှိ၍ အခွင့်အရေး အတူတူ ရရှိထားသည့် နိုင်ငံသားများ ပေါင်းစည်းနေထိုင်သည့် အသိုက်အဝန်း တစ်ခုကို နိုင်ငံသားအခွင့်အရေး အပေါ် အခြေခံသည့် အမျိုးသားရေး ဝါဒ ကျင့်သုံးရာ နေရာဟု ခေါ်သည်။ ယင်းသို့ခေါ်ဆိုနိုင်ရန် အဆိုပါ နိုင်ငံသားများကြားတွင် မျှဝေကျင့်သုံးလျက်ရှိသည့် တူညီသည့် နိုင်ငံရေး အမှုအကျင့်များ၊ တန်ဖိုးများ ရှိရမည်ဖြစ်သည်။ တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံထားသည့် အမျိုးသားရေး ဝါဒက မူ ယင်းအမြင် ကို လက်မခံဘဲ လူတစ်ဦးတစ်ယောက်ခြင်းစီတွင် အမြစ်တွယ်လျက်ရှိသည့် အရည်အသွေးများ သည် မျိုးရိုး အစဉ်အဆက် အမွေဆက်ခံလာသည့်အရာများသာဖြစ်သည်။ မိမိတို့သဘောကြ ရွေးခြယ်ထားသည့် အရာမဟုတ်ဟု ခံယူသည်။

အနောက်တိုင်း အမျိုးသားရေး အုပ်စုများဖြစ်သည့် ပြင်သစ်၊ ဗြိတိန် နှင့် အမေရိကန်တို့သည် နိုင်ငံသားဖြစ်မှု အပေါ် အခြေခံသည်။ အရှေ့တိုင်းဖြစ်သည့် ဂျာမနီ နှင့် ရုရှား စသည်တို့သည် တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည်ဟု '၁၉ ရာစု' အတွင်း Hans Kohn က ပိုင်းခြားဆွေးနွေးခဲ့ ရာမှ ယခုကဲ့သို့သော ခွဲခြားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုင်ငံသားအခွင့်အရေးအပေါ် အခြေခံထားသည့် အမျိုးသားရေး ဝါဒသည် လစ်ဘရယ် တန်ဖိုးများဖြစ်သည့် လွတ်လပ်ခွင့် ( ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ရွေးခြယ်ပိုင်ခွင့်) ၊ တန်းတူရည်တူရှိမှု ( လူတစ်ဦးချင်းစီ အလိုက် တန်းတူရည်တူဖြစ်မှု၊ အမျိုးသား အုပ်စုများ တန်းတူရည်တူ ဖြစ်မှု )တို့နှင့် အံ့ကိုက်ဖြစ်လျက်ရှိသည်။

တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံထားသည့် အမျိုးသားရေး ဝါဒ သည် ယင်းလောက် မရိုးရှင်းပေ။ တိုင်းရင်းသားဖြစ်မှု ကို ' ယဉ်ကျေးမှုပိုင်း' သို့မဟုတ် 'ဇီဝဗေဒ သဘောတရားပိုင်း' ဖြင့် ဖွင့်ဆိုနိုင်သလို ၊ ယင်းနှစ်ခုစလုံး အားဖြင့်လည်း ဖွင့်ဆိုနိုင်သည်။ ယဉ်ကျေးမှုပိုင်းဆိုင်ရာများတွင် ဘာသာတရား၊ အစားအသောက်၊ အဝတ်အစား ပုံစံ၊ ဘာသာစကား၊ မိသားစု ပုံစံ စသည်တို့ပါဝင်သည်။

ဇီဝဗေဒပိုင်းအရ ဆိုလျင် မျိုးရိုး ဗီဇပိုင်းအရ ဆက်နွယ်မှု၊ မျိုးရိုး တစ်ဆက်တည်း ဖြစ်မှုကို ဆိုလိုသည်။ လူ နှစ်ဦးသည် တူညီသည့် ဘာသာစကားတစ်ခုကို မိခင်ဘာသာစကားအဖြစ် ပြောကြားသူများဖြစ်နိုင်သော်လည်း မျိုးရိုး ဗီဇ ပိုင်းအရမှု လွန်စွာ ကွာခြားနေနိုင်သည်။

ယင်းသို့ယဉ်ကျေးမှုပိုင်း ဖွင့်ဆိုမှု နှင့် ဇီဝဗေဒပိုင်း ဖွင့်ဆိုမှုတို့ကြားတွင် ကွဲပြားချက်ရှိနေသဖြင့် တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံထားသည့် အမျိုးသားရေး ဝါဒကို နှစ်မျိုး ထပ်မံ ခွဲခြားနိုင်သည်။ တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည့် အမာစား အမျိုးသားရေး ဝါဒ နှင့် အပျော့စား အမျိုးသားရေး ဝါဒ တို့ဖြစ်သည်။ ပထမ တစ်မျိုးသည် မျိုးရိုး ဗီဇ ပိုင်း ဆက်နွယ်မှု အပေါ် အခြေခံပြီး ဒုတိယပိုင်းသည် လစ်ဘရယ် ဝါဒ နှင့် ဆက်နွယ်လျက်ရှိသည်။ (နိုင်ငံသားအခွင့်အရေး အပေါ် အခြေခံသည့် အမျိုးသားရေးဝါဒ ကို အပေါ်တွင် ဆွေးနွေးခဲ့ပြီးဖြစ်သည် )

တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည့် အပျော့စား အမျိုးသားရေး ဝါဒ

အမျိုးသားရေး နှင့် ပတ်သတ်၍ ခေတ်ပြိုင် လစ်ဘရယ် ဝါဒ တွင်း ပေါ်ပေါက်လျက်ရှိသည့် ငြင်းခုံ မှုများမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ လူသား တစ်ဦး၏ သဘောသဘာဝ ဆိုသည်မှာ အဘယ်နည်း။ ယင်း လူသား သည် ၎င်းပါဝင် လျက်ရှိသည့် အသိုက်အဝန်း နှင့် သီးခြား ကင်းလွတ်၍ ရှိနေသလား။ သို့မဟုတ် ယင်း အသိုက်အဝန်း နှင့် ချိတ်ဆက် တည်ရှိနေသလား။

၂။ အမျိုးသားရေး အုပ်စု တစ်ခု ရှိနေခြင်းကြောင့် အုပ်စုဝင် နိုင်ငံသားများ အပေါ် အထူးအခွင့်အရေး ပေးရန် ကျင့်ဝတ်ပိုင်းအရ တာဝန် ရှိသလား။ ယင်းတာဝန်အရ ကျွနိုပ်တို့၏ လွတ်လပ်ခွင့် မည်သည့် ပမာဏ ထိ ကန့်သတ်ခံထားရသနည်း။

၃။ အမျိုးသားရေး အုပ်စု ရှိနေခြင်းကြောင့် အုပ်စုဝင်များကို အခြားသူများထက် ပိုမျက်နှာသာပေး ရန် အကြောင်းရှိသလား။ ယင်းသို့သော Òမျက်နှာလိုက်မှုများကြောင့် Óအမျိုးသားရေး အုပ်စုများကြား ရင်းမြစ်ခွဲဝေမှု အပေါ် မည်သို့သက်ရောက် မည်နည်း။

နေ့စဉ်နိုင်ငံရေးဘဝ ၏ အုတ်မြစ်မှာ အမျိုးသားရေး အုပ်စုဖြစ်သဖြင့် အမျိုးသားရေးကို လစ်ဘရယ်များ မသိကျိုး ကျွံပြုနိုင်မည် မဟုတ်ဟု Yael Tamir က ထောက်ပြထားသည်။ လစ်ဘရယ်များ အနေနှင့် အမျိုးသားရေး ဝါဒီများကဲ့သို့ တွေးခေါ် အခက်အခဲရှိမည်ဖြစ် သော်လည်း ၎င်းတို့သည် အမျိုးသားရေး ဝါဒီများကဲ့သို့ပြုမှု နေသည်ကို တွေ့နိုင်သည်ဟု မှတ်ချက်ပြုထားသည်။ အန်ဒါဆင် ၏ ဖွင့်ဆိုချက်အတိုင်း အမျိုးသားရေး အုပ်စု ဆိုသည်မှာ Òစိတ်ကူး ပုံဖော်ထားသည့် အသိုက်အဝန်း တစ်ခုÓ ဖြစ်သည်ဟု Tamir က လက်ခံထားသည်။

Tamir၏ အမြင်အရ ဆိုပါက ပထမ မေးခွန်း၏ အဖြေမှာ လူသား တစ်ဦးသည် ၎င်း၏ အသိုက်အဝန်း နှင့် ချိတ်ဆက် တည်ရှိနေသည် သီးခြား ကင်းလွတ် မနေဟု မှတ်ယူနိုင်သည်။ အမျိုးသား အုပ်စုတွင်း ပါဝင်နေခြင်းကြောင့် မည်သို့သော တာဝန်များရှိနေသနည်း ဆိုသည့် မေးခွန်း၏ အဖြေမှာ ဖြေဆိုသူ အပေါ်တွင်သာ မူတည်သည်။ လူတစ်ဦးချင်း လွတ်လပ်ခွင့် ဟု ယူဆ၍ ဖြေဆိုမည်လား။ အုပ်စု လိုက် အခွင့်အရေးဟု ယူဆ၍ ဖြေဆိုမည်လား။ မိမိခံယူသလို ဖြေဆိုနိုင်သည်။

တစ်ဦးချင်း ရွေးခြယ်ပိုင်ခွင့်ကို တန်ဖိုးထားပါက အမျိုးသားရေး ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးခွင့် သည် တစ်ဦးတစ်ယောက်ခြင်း၏ သဘောထားဖြစ်သည်။ အစုအဖွဲ့၏ သဘောထား မဟုတ်နိုင်တော့ပေ။ ကာ့ခ် အမျိုးသားရေး အုပ်စု တစ်ခု တည်ရှိခွင့်ကို တောင်းဆိုပိုင်ခွင့်ရှိသူများသည် ကာ့ခ် တစ်ဦးချင်းစီလိုက်၏ အမြင်ဖြစ်ပြီး ကာ့ခ်ဒစ္စတန်၏ အခွင့်အရေး မဟုတ်ပေ။ ကာ့ခ် တစ်ဦးချင်းစီ၏ စိတ်ကူးပုံဖော်မှုကြောင့် သာ ကာ့ခ်ဒစ္စတန် တည်ရှိနေခြင်းဖြစ်သည်။ သို့သော်လည်း ယင်းအမြင်ကြောင့် ဂျာအေးသူ့အမေရိုက် ပြဿနာ ပေါ်လာသည်။ ကာ့ခ်ဒစ္စတန် ရှိသည်ဟု ကာခ့်များ ယုံကြည်သဖြင့် ကာ့ခ်ဒစ္စတန် ပေါ်လာသလား၊ ယင်းသို့ယုံကြည်ရန် မလိုဘဲ ကာ့ခ်ဒစ္စတန် ရှိနေသလား ဆိုသည့် ပြဿနာ ဖြစ်သည်။

လူမှု အဖွဲ အစည်းများသည် တစ်သီးပုဂ္ဂလ လူသားများ နှင့် ကင်းလွတ်၍ ရှိနေသလား ဆိုသည့် မေးခွန်းသည် လူမှု သိပ္ပံ ဆိုင်ရာ ဒဿန ပညာရှင်များ၏ ပြဿနာ ဖြစ်သည်။ လက်ရှိ ဆွေးနွေးမှုတွင် အမျိုးသားရေး အုပ်စု တစ်ခုကြောင့် မည်သို့သော ကျင့်ဝတ်ပိုင်း တာဝန် ရှိလာသနည်း ဆိုသည့်မေးခွန်း ကို အဓိက ထားသွား မည်ဖြစ်သည်။

အမျိုးသား အုပ်စု တစ်ခုကို 'တည်ဆောက်၍ ရသလား' ဆိုသည့် မေးခွန်းမှာ ဤနေရာတွင် ဆီလျှော်မှု ရှိသည့် မေးခွန်းဖြစ်သည်။ ကာ့ခ် တစ်ဦးချင်းက ယုံကြည်၊ တည်ဆောက်ထားခြင်းကြောင့် ကာ့ခ်ဒစ္စတန် တည်ရှိ နေသည်ဟု ခံယူပါက တစ်ဦးတစ်ယောက်ခြင်းစီကို အစုအဖွဲ့ထက် ပိုဦးစား ပေးရမည်ဖြစ်သည်။ ယင်းကဲ့သို့သော အမြင်သည် မှန်သလို ရှိသော်လည်း ယခင်ကတည်းကတည်ရှိနေသည့် အမျိုးသားရေး အုပ်စုများသည် လွန်စွာ ခိုင်မာ အားကောင်းနေသဖြင့် လူသား တစ်ဦးဦးသည် အမျိုးသားရေး အုပ်စုသစ် ဖန်တီးရန် ခက်ခဲမည်ဖြစ်သည်။

အမျိုးသားရေး အုပ်စု တစ်ခု ကို ဖန်တီး တည်ဆောက်ရန် 'ဖန်တီးမှု ဒဏ္ဍာရီ' ရှိရန် လိုအပ်သည်။ ထို့ကြောင့် လည်း အမျိုးသားရေးဝါဒ သည် အချက်အလက်များကို မေ့ထားမှု အပေါ် အခြေခံရမည်ဟု ဆိုခြင်းဖြစ်သည်။ လစ်ဘရယ်များသည် ပွင့်လင်းမှန်သာမှု၊ အချက်အလက်များ ခိုင်မာမှု အပေါ် အခြေခံသော်လည်း၊ အမျိုးသားရေး ဝါဒသည် 'ဒဏ္ဍာရီ' အပေါ် အခြေခံသည်။

အာဏာဆင်းသက်လာသည့် ပင်မ ရင်းမြစ်သည် 'တစ်သီးပုဂ္ဂလ လူသား' ဖြစ်သည်ဟု ခံယူပါက အစုအဖွဲ့လိုက် အခွင့်အရေးများကို တစ်ဦးချင်း အခွင့်အရေးဖြင့် ကန့်သတ်ထားရမည်ဖြစ်သည်။ 'တစ်သီးပုဂ္ဂလ လူသား' ကို ဦးစားပေးမည်လား။ 'အစုအဖွဲ့' ကို ဦးစားပေးမည်လား ဆိုသည့် ငြင်းခုံမှု တစ်ရပ် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အင်္ဂလို-အမေရိကန် နိုင်ငံရေး ဒဿန ပညာရှင်များကြားတွင် ပေါ်ပေါက်ခဲ့သည်။

လစ်ဘရယ် တစ်ဦးပုဂ္ဂလ ဝါဒ ၏ ရှေ့ဆောင်သည် ဂျွန် ရော(John Raw) ဖြစ်သည်။ လူသား တစ်ဦးသည် ၎င်း၏ ရပ်တည်ချက် များကို ၎င်း၏ ဆင်ခြင်တုံတရားအပေါ် အခြေပြု၍ ရွေးခြယ်သည်။ ပတ်ဝန်းကျင်တွင် ရှိနေသည့် ၎င်း၏ မိသားစု၊ ယဉ်ကျေးမှု၊ ဘာသာတရား စသည်၏ လွမ်းမိုးမှု မခံဟု ဆိုသည်။

သို့သော်လည်း ယင်းအမြင်တွင် အားနည်းချက်များရှိသည်ဟု မိုက်ကယ် ဆန်ဒဲ ( Michael Sandel ) က ထောက်ပြထားသည်။ မိမိ၏ အမှတ်အသား သရုပ်ဘာ ဆိုသည် ကို မသိသူ တစ်ဦးသည် တခြားသော အရာများကိုလည်း မြတ်နိုး တန်ဖိုးထားနိုင်လိမ့်မည် မဟုတ်ဟု ဆိုသည်။ မိမိ၏ လူမှုရေး ချိတ်ဆက်မှုများ၊ ဘာသာရေး ယုံကြည်ချက်များကိုပင် မသိသူသည်၊ မိမိ ဘာလိုသည်ကို မည်သို့သိနိုင် မည်နည်း။

အစုအဖွဲ့ဝါဒီများ၏ ပြဿနာ တစ်ရပ်သည် 'လူ့အသိုက်အဝန်း' ကို 'တစ်သီးပုဂ္ဂလ လူသား ရှုဒေါင့်မှ' မဝေဖန်နိုင်ဟု မှတ်ယူထားမှုဖြစ်သည်။ မည်သည့်အရာကို တန်ဖိုးထားရမည်ကို လူ့အသိုက်အဝန်းကသာ သတ်မှတ်ထားသည်ဟု ခံယူထားမှုဖြစ်သည်။ လူသား တစ်ဦး အနေနှင့် တစ်ခု ထက် ပိုသည့် အသိုက်အဝန်းများတွင် ပါဝင် နေနိုင်ခြင်းကြောင့် ပေါ်ထွက်လာနိုင်သည့် ပွတ်တိုက်မှုများကို ညှိနှိုင်းရန်လိုသည်။ ခရစ်ယာန် ကျောင်းတော် နှင့် အမျိုးသားရေး အုပ်စုကြား တွင် မည်သည်ကို ဦးစားပေးရမည်ကို ရွေးခြယ်နေရသည့် ကတ်သလစ်များ ရှိနေသည်။ တစ်လောကလုံး သဘောဆောင်သည့် ဘာသာရေး နှင့် အမျိုးသားရေး အုပ်စုကြားညှပ်နေသည့် မွတ်ဆလင်များ စသည့် ဥပမာများရှိသည်။

နောက်မေးခွန်းသည် တရားမျှတမှု နှင့် ဆိုင်သည့် မေးခွန်းဖြစ်သည်။ အမျိုးသားရေး အုပ်စုဝင်များကို အခြားသူများထက် ပို၍မျက်နှာသာပေးသင့်သလား ဆိုသည့် မေးခွန်းဖြစ်သည်။ အစုအဖွဲ့ဝါဒီများကမူ အဖွဲ့ဝင်များကို အခြားသူများထက် ပိုဦးစားပေးရမည်ဟု လက်ခံနိုင်သည်။

သက်လိုက်သင့်၊ မလိုက်သင့် ဆုံးဖြတ်ရာတွင် နှိုင်းရဖြစ်ခြင်း၊ ကြားနေဖြစ်ခြင်း အပေါ် ကြည့်၍ ဆုံးဖြတ်နိုင်သည်ဟု Thomas Nagel က ခံယူထားသည်။ မိဘ တစ်ဦးသည် ၎င်း၏ သားသမီးများအပေါ် အခြားကလေးငယ်များထက် ပို၍ မျက်နှာသာ ပေးမှုသည် (၎င်း၏ သားသမီး ဖြစ်နေသည်ဆိုသော ) နှိုင်းရ ဖြစ်မှု ကြောင့် ဖြစ်သည်။ ကိုယ့်ကလေး ဖြစ်ခြင်းကြောင့် ဘက်လိုက်သင့်သည်ဟု ခံယူထားခြင်းဖြစ်သည်။ မိဘ ဖြစ်သူ လွန်စွာချမ်းသာပါက ၎င်း၏မျက်နှာသာပေးမှုကြောင့် သားသမီးများသည် ရုပ်ဝတ္ထုပိုင်း အကျိုးခံစားခွင့်ကို ကြီးစွာ ရရှိနိုင်သည်။ သို့သော်လည်း အဆိုပါ မိဘများသည် တန်းတူညီမျှ ဖြစ်မှု ကို ယုံကြည်သူများဟု ယူဆကြည့်ပါ။ ကလေးငယ်များ အားလုံးအပေါ် မျှမျှတတ ဆက်ဆံသင့်သည်။ ထို့ကြောင့် လူတိုင်းလက်လှမ်းမှီနိုင်သည့် ပညာရေး စနစ်ပေါ်လာရေး ၎င်းတို့ကဲ့သို့သော ချမ်းသာသူများ အနေနှင့် အခွန်များစွာ ပေးသင့်သည်ဟု ခံယူမည်ဖြစ်သည်။ ယင်းသို့သော စဉ်းစားပုံသည် ကြားနေ ဖြစ်ခြင်းအပေါ် အခြေခံ၍ ဘက်မလိုက်ရန် ဆုံးဖြတ်မှု ဖြစ်သည်။

ဘက်လိုက်မှု နှင့် ဘက်မလိုက်မှုကြားတွင် ရှောင်လွှဲမရသည့် ပဋိပက္ခ ရှိနေသည်။ ယင်း ပဋိပက္ခမှာ စိတ်ဝင် စားဖွယ်ကောင်းသည်။ မိမိ၏ သားသမီး အပေါ် မျက်နှာသာ ပေးသည့် မိဘ သည် မိဘ အားလုံး ကိုယ့်သားသမီး အပေါ် ကိုယ် မျက်နှာသာပေးရမည်၊ အထူးအခွင့်အရေးပေးရမည် ဆိုသည့် အမြင်ကို ပြသလိုက်ခြင်းဖြစ်သည်။ ယင်းအမြင်ကို အပြန်အလှန် သုံးသပ်ကြည့်ပါက ( အခြားသူများ အပေါ် ) ဘက်မလိုက်မှု သည် ( အဆိုပါ အခြားသူများ ကိုယ်တိုင် ) ဘက်လိုက်မှု ကို ဖြစ်စေသည်ကို တွေ့နိုင်သည်။ ဘက်မလိုက်မှု မှ ဘက်လိုက်မှု ဆင်းသက်လာသည်ကို တွေ့နိုင်သည်။ အဆိုပါ အပြန်အလှန်သဘောကို ရှင်းလင်းစွာ နားလည်နိုင်သော်လည်း ရှုဒေါင့်မတူမှုကြား ပေါ်လာသည့် တင်းမာမှုကိုမူ ဖြေရှင်းနိုင်ခြင်းမရှိပေ။ ဘက်လိုက်မှု နှင့် ပတ်သတ်၍ မိဘ နှင့် သားသမီးကြား ဆက်ဆံရေးတွင်သာမက နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးရှိ ဆက်ဆံရေးများတွင် ထည့်သွင်း စဉ်းစားနိုင်သည်။

အမျိုးသားရေး အုပ်စုဝင်ဖြစ်ခြင်းကြောင့် အဖွဲ့ဝင်များအားလုံး အပေါ် နှိုင်းရဖြစ်ခြင်း အမြင်ဖြင့် ကြည့်၍ ဘက်လိုက်ရန် လိုအပ်သည်ဟု အမျိုးသားရေး ဝါဒီများ (အမျိုးအစား အားလုံး) ကခံယူကြသည်။ ပြင်သစ် နိုင်ငံသားတစ်ဦးသည် ၎င်းတို့ပြင်သစ်များအပေါ် ဘက်လိုက်ရမည်ဖြစ်သလို၊ ဂျပန်တစ်ဦး သည် ဂျပန်များ အပေါ် ဘက်လိုက်ရမည်ဖြစ်သည်။ ယင်းသို့သော အမြင်သည် ဘက်လိုက်မလိုက်မှုကြောင့် (သက်ဆိုင်ရာ အုပ်စု၏)ဘက်လိုက်မှုကို ဖြစ်စေခြင်း ပဋိပက္ခကို မဖြေရှင်းပေးနိုင်ပေ။

ယင်းအမြင်ဖြင့် ဆိုပါက ဆင်းရဲသည့် နိုင်ငံများအပေါ် ချမ်းသာသည့် နိုင်ငံများ အမြတ်မထုတ်စေရေး သာ တတ်နိုင်မည်ဖြစ်သည်။ ထင်သာမြင်သာရှိသည့် ရင်းမြစ် မျှဝေမှုမျိုး လုပ်ဆောင်ရန် ချမ်းသာသော နိုင်ငံများ အပေါ် ဖိအားပေးနိုင်မည် မဟုတ်ပေ။

အဆိုပါ ပြဿနာ ၏ အဖြေ တစ်ရပ်သည် ဘက်လိုက်မှုများ ကို 'လုံးဝ' ငြင်းပယ်ရန် နှင့် ကမ္ဘာလုံးချီ ဘက်မလိုက်မှု ရရှိရေး လုပ်ဆောင်ရန်ဖြစ်သည်။ တခြားနည်းဖြင့်ဆိုပါက အမျိုးသားရေး အုပ်စုဝင်များ အပေါ် ဘက်လိုက်ရန် မလို။

ယင်းအမြင်ကို အသေးစိတ် သုံးသပ်ကြည့်ကြပါစို့။

အစုအဖွဲ့အမြင်ကို လက်ခံသည့် ဒေးဗစ် မီလာ(David Miller)၏ အလိုအရ လူသားများသည် လူမှုရေး စုဖွဲ့မှုများ နှင့် ကင်းလွတ်၍ ရှိမနေဟု ဆိုသည်။ ထို့ကြောင့် ဘက်လိုက် ရမည်ဟု ခံယူသည်။ အမျိုးသားရေး အုပ်စုများကို နိုင်ငံတော်များ နှင့် ရောထွေ မှတ်ယူရန် မလိုဟု ထောက်ပြသည်။ အမျိုးသားရေး အုပ်စု တွင် အမှတ် လက္ခဏာ ၅ ရပ် ရှိသည်ဟု ဆိုသည်။

၁။ အဖွဲ့ဝင်များကြားတွင် ဘုံ တူညီမှု တစ်ရပ် ရှိသည်ဟု ခံယူမှု

၂။ သမိုင်းကြောင်းတစ်ရပ်ရှိသည်ဟု ခံယူပြီး။ ယင်းသမိုင်းကို အဖွဲ့ဝင်များ သိနားလည်မှု

၃။ ရုန်းကန် လှုပ်ရှားသည့် သဘောရှိမှု

၄။ အမိမြေ တစ်ရပ်၊ သို့မဟုတ် ပထဝီ နယ်မြေ တစ်ရပ်ရပ် နှင့် ချိတ်ဆက်ထားမှု

၅။ လူထု ယဉ်ကျေးမှု ရှိမှုတို့ဖြစ်သည်။

အမျိုးသားရေး အုပ်စုဝင်များကြား ငါတို့ ဆိုသည့် စိတ်ခံစားမှု တစ်ရပ် ပေါ်လာစေရေး၊ မျိုးဆက် အလိုက် ကျင့်ဝတ်ပိုင်း တန်ဖိုးများကို လက်ဆင့်ကမ်းသွားနိုင်ရေးတို့ အတွက် အမျိုးသားရေး ဒဏ္ဍာရီ တစ်ခု လိုသည်ဟု မီလာက ထောက်ပြထားသည်။

ထို့အပြင် မီလာ၏ အမြင်အရ ဘက်လိုက်မှုကို တရားသေ မမှတ်နိုင်ဟု ခံယူသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်ရန် ဝင်ရောက် စွက်ဖက်သင့်သည့် အချိန်တွင် ဝင်ရောက် စွက်ဖက်ရမည် ဟု ဆိုသည်။ ပြောင်းပြန်ယူပါက ခိုင်မာသည့် အကြောင်းပြချက် မရှိဘဲ အခြားသော အမျိုးသားရေး အုပ်စု တစ်ခု၏ အရေးကို ကျန်အမျိုးသားရေး အုပ်စု တစ်ခုက ဝင်ရောက် မစွက်ဖက်သင့်ဟု ဆိုသည်။ အခြေအနေ အချိန်အခါ လိုက်၍ ဘက်လိုက်မှု၊ စွက်ဖက်မှုများ လုပ်ဆောင်ရမည်ဟု မီလားက ခံယူသည်။တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည့် အမာစား အမျိုးသားရေး ဝါဒ

အမျိုးသားရေး အုပ်စုများသည် လူမျိုး (race) အပေါ် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ် သည်ဆိုသော အမြင် ကို တိုင်းရင်းသားဖြစ်မှုအပေါ် အခြေခံသည့် လစ်ဘရယ် အမျိုးသားရေး ဝါဒီများ (တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည့် အပျော့စား အမျိုးသားရေး ဝါဒီ ) ဝေးဝေး ရှောင်လေ့ရှိသည်။ သို့သော်လည်း တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည့် အမာစား အမျိုးသားရေး ဝါဒ အကြောင်း မဆွေးနွေးပါကအမျိုးသားရေး ဝါဒ အပေါ် ဆွေးနွေးမှု ပြီးပြည့်စုံမည် မဟုတ်ပေ။

အဆိုပါ အမာစား အမျိုးသားရေး ဝါဒတွင် တိုင်းရင်းသား အုပ်စုဝင်ဖြစ်မှုကို (ethnic group) ကို ဇီဝဗေဒ အပေါ် အခြေခံဖွင့်ဆိုခြင်းဖြစ်ပြီး ယဉ်ကျေးမှု တစ်သားတည်းဖြစ်မှု အပေါ် အခြေခံခြင်း မရှိပေ။

တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံသည့် အမျိုးသားရေး ဝါဒ ပြန်လည် အားကောင်းလာခြင်းမှာ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ချား ဒါဝင်၏ ဆင့်ကဲဖြစ်စဉ် သီအိုရီ အပေါ် လူမှုရေး သိပ္ပံပညာရှင် များ၏ စိတ်ဝင်စားမှု ပြန်လည် မြှင့်တက်လာခြင်းကြောင့်ဖြစ်သည်။

ဆင့်ကဲဖြစ်စဉ်ဟု လူအများစု ခေါ်ဆိုသည့် အကြောင်းအရာသည် ဒါဝင် ဖော်ထုတ်ထားသည့် သဘာဝတရား၏ ရွေးခြယ်မှု၊ လိင်ရွေးခြယ်မှု နှင့် မျိုးရိုး ဗီဇ အကြောင်းတို့ ဖြစ်သည်။ မျိုးရိုး ဗီဇ အကြောင်း ဒါဝင် မည်သည့် အချက်မျှမသိသောကြောင့် ဆင့်ကဲဖြစ်စဉ်၏ ဒုတိယမြောက်အပိုင်း သည် ဂရီဂေါ မန်ဒဲ ( Gregor Mendel )၏ အားထုတ်မှုမှ ရယူထားခြင်းဖြစ်သည်။ ခေတ်သစ် ဆင့်ကဲဖြစ်စဉ် သီအိုရီ ဆိုသည်မှာ ဒါဝင် နှင့် မန်ဒဲ တို့၏ တွေ့ ရှိချက်များကို ပေါင်းစပ် ဖော်ထုတ်ထားခြင်းဖြစ်ပြီး Òခေတ်သစ် ဆင့်ကဲ ပေါင်းစည်းမှုÓ ဟု ခေါ်ဆိုလေ့ရှိသည်။

ဆွေစဉ်မျိုးဆက် ဆက်ခံနိုင်သည့် အရည်အသွေးများကို အဓိက သယ်ဆောင်သူသည် ဗီဇမျိုးစေ့ဖြစ်သည်ဟု ဆင်းကဲ့ဖြစ်စဉ် သီအိုရီသမား အများစုက ယူဆထားသည်။ ယင်းသို့သော သယ်ဆောင် မှုကို အုပ်စုများ (အစုအဖွဲ့များ)လည်း လုပ်ဆောင်နိုင်သည်ဟု အချို့က ယူဆသည်။ အုပ်စုတစ်ခုတွင်းရှိ အခြားသူများ အကျိုး အတွက် အဖွဲ့ဝင်များက ကိုယ်ကျိုးစွန့်လုပ်ဆောင်ပါက အစုအဖွဲ့တစ်ခုလုံး အကျိုးအမြတ် ရှိမည်ဟု ဆိုသည်။

ယင်းကို ဝေဖန်သည့် အမြင်သည် အောက်ပါ အတိုင်းဖြစ်သည်။ ကိုယ်ကျိုးစွန့်လုပ်ဆောင်သူသည် မိမိ၏ ရင်းမြစ်များကို အခြားသူများအတွက်သာ အသုံးပြုနေရသဖြင့် ကိုယ်ပိုင် သားသမီး ရနိုင်ခြေ ပိုနည်းသည်။ ထိုမှ တစ်ဆင့် ကိုယ်ကျိုးစွန့်လုပ် ဆောင်သူ၏ ဗီဇမျိုးစေ့သည် ကိုယ်ကျိုးမစွန့်သူများ၏ ဗီဇမျိုးစေ့လောက် လက်ဆင့်ကမ်းခံရမည် မဟုတ်ဘဲ နောက်ဆုံးတွင် ကိုယ်ကျိုးစွန့်မှု ဗီဇမျိုးစေ့သည် ယင်းအသိုက်အဝန်း၏ ဗီဇ ရေအိုင်မှကွယ်ပျောက်သွားမည်ဖြစ်သည်။

ယင်းသို့သော ကိုယ်ကျိုးစွန့်မှု ပုံစံ ရှင်သန်ကျန်နေရခြင်းအပေါ် ရှင်းပြသည့် အခြားသော နည်းတစ်ခုလည်း ရှိသည်။ အဆိုပါ နည်းလမ်းအရ ကိုယ်ကျိုးစွန့်မှုကို အုပ်စု သဘောအပေါ် အခြေတည်ခြင်းမပြုဘဲ တစ်သီးပုဂ္ဂလ လူတစ်ချင်းခြင်းဆီ အပေါ် အခြေပြုသည်။ မိမိနှင့် ဗီဇအားဖြင့် နီးစပ်သူများ ရှိသည့် အုပ်စု တွင် နေထိုင်ပါက မိမိ၏ ဗီဇမျိုးရိုး ထပ်မံ မျိုးပွားနိုင်ခြေ ပိုများသည်ဟု ဆိုသည်။

အမျိုးသားရေး အုပ်စု တစ်ခုဆိုသည်မှာ အပြန်အလှန် မျိုးစပ်လျက်ရှိသည့် (နှိုင်းရအားဖြင့် သီးသန့်ရှိနေသည့် ) လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ နှစ်ပေါင်း ၂၀ဝ ဝ၀ဝ သမိုင်းရှိလာသည့် ခေတ်သစ် လူသား သမိုင်းတွင် နိုင်ငံတော် ( အမျိုးသား နိုင်ငံတော် ကို ဆိုလိုသည် ) ပေါ်ထွက်လာသည်မှာ သိပ်မကြာသေးပေ။ နိုင်ငံတော်၏ အဓိက တာဝန် သည် နယ်မြေ နယ်နိမိတ်များကို အကြမ်းနည်း သုံး၍ စောင့်ကြပ်ရန် ဖြစ်သည်။ ကိုယ်ပိုင်နယ်မြေ တစ်ရပ် မရှိသည့် တိုင်းရင်းသား အခြေပြု အမျိုးသားရေး ဝါဒီများ အတွက် မိမိတို့အုပ်စု၏ ဗီဇမျိုးရိုးကို ထပ်မံ ပွားထုတ်ရေး လွန်စွာ ခက်ခဲမည်ဖြစ်သည်။

ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒ ပညာရှင်များကြား အငြင်းပွားလျက်ရှိသည့် အချက်တစ်ရပ်သည် ဒါဝင်၏ ရွေးခြယ်မှု ဖြစ်စဉ်သည် မည်သည့် အဆင့်တွင် ဖြစ်နေသနည်း ဆိုသည့် ငြင်းခုံမှုဖြစ်သည်။ ဗီဇမျိုးရိုး အဆင့်တွင်လား၊ လူတစ်ဦးချင်းစီ အဆင့်တွင်လား၊ အုပ်စု အဆင့်တွင်လား ဆိုသည့် အငြင်းပွားမှုဖြစ်သည်။ အစဉ်အလာ အမျိုးသားရေး ဝါဒီများကမူ အုပ်စု အဆင့်တွင် ရွေးခြယ်မှု ဖြစ်စဉ် ပေါ်ပေါက်သည်ဟု ယူဆကြမည်ဖြစ်သည်။ လစ်ဘရယ် ဝါဒီများကမူ လူတစ်ဦးချင်းစီက အရေးကြီးသည်ဟု မှတ်ယူမည်ဖြစ်သည်။ အချို့ကမူ ဗီဇမျိုးရိုး အဆင့်ဟု ခံယူကြသည်။ ကျွနိုပ်တို့နှင့် တူသည့် ဗီဇမျိုးရိုး ရရှိရေးအတွက် ကျွနိုပ်တို့ကိုယ်တိုင် မျိုးပွားရန် မလိုပေ။ ကျွနိုပ်တို့နှင့် ဗီဇ အနီးစပ်ဆုံး တူညီသူများ မျိုးပွားရေး ကူညီပေးရုံဖြင့် လိုချင်သည့် ရလဒ် ရရှိမည်။

ရွေးပြောင်းနေထိုင်သူများကြောင့် မူရင်းနိုင်ငံရှိ လူဦးရေ အပေါ် မည်သို့သက်ရောက်မည်ကို Garret Hardin က ရှင်းပြထားသည်။ ရွေ့ပြောင်းနေထိုင်သူများ၏ ဗီဇမျိုးရိုးသည် ၎င်းတို့ကို လက်ခံထား သည့် နိုင်ငံသားများ၏ ဗီဇမျိုးရိုး နှင့် လွန်စွာ ကွာဟ နေပါက ဗီဇ ဆုံးရှုံးမှု လွန်စွာ ကြီးမားမည်။ ဒိန်းမတ်လူမျိုး ၁၂ ဒသမ ၅ သန်း ဗြိတိန် နိုင်ငံသို့ဝင်ရောက်လာပါက အင်္ဂလန်၏ ဗီဇမျိုးရိုး ဆုံးရှုံး မှုသည် ကလေးငယ် ၂၀၉ ဝ၀ဝ ဦး ပမာဏ နှင့် ညီမျှမည်ဖြစ်သည်။ ၁၂ ဒသမ ၅ သန်းသော အိန္ဒိယသားများ ဗြိတိန်သို့ရောက်ရှိလာပါကမူ ဆုံးရှုံးမှုသည် ကလေးငယ် ၂ ဒသမ ၆ သန်းထိရှိမည်ဖြစ်သည်။ Bantus လူမျိုးများ ရောက်ရှိလာပါကမူ ဆုံးရှုံးမှုသည် ကလေးငယ် ၁၃ သန်း နှင့် ညီမျှသွားမည်ဖြစ်သည်။

ယင်းကဲ့သို့သော အချက်အလက်များသည် လူဖြူ အမျိုးသားရေး ဝါဒီများကြား ရေပန်စားလျက်ရှိ သော်လည်း အားနည်းချက်များ ရှိနေသည်။ ကိန်းဂဏန်းများ အပေါ် အခြေခံထားသည့် အရာဖြင့် ဘာလုပ်သင့်သည်ဆိုသော ဒဿနပိုင်း ကျင့်ဝတ်ပိုင်း မေးခွန်းကို အဖြေပေးမှု မလုပ်သင့်ပေ။ နောက်ထပ် အားနည်းချက်မှာ ကျွနိုပ်တို့အလေးထားသည်မှာ ဗီဇမျိုးရိုး မဟုတ်ဘဲ ယင်း ဗီဇမျိုးရိုး မှ ထုတ်လုပ် ပေးလိုက်သည့်အရာဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေး

အမျိုးသားရေး အုပ်စုကို မည်ကဲ့သို့အဓိပ္ပာယ်ဖွင့်ဆိုမည် ဆိုသည့်အချက်သည် မည်သူ ကို နိုင်ငံတွင်းသို့ဝင်ခွင့်ပြုမည်၊ မည်သူ ကို အမျိုးသားရေး အုပ်စုဝင် ဖြစ်ဖွင့်ပေးမည် ဆိုသည့် သတ်မှတ်ချက်ကို ချမှတ်ပေးမည်ဖြစ်သည်။ ဗီဇမျိုးရိုးအပေါ် အခြေခံဖွင့်ဆိုမည်လား။ လူတစ်ဦး ချင်းစီအပေါ် အခြေခံမည်လား။ အုပ်စု အပေါ် အခြေခံမည်လား စသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ယင်းသို့သော အမြင်ကွဲပြားမှု အပေါ် မူတည်၍ လူဝင်မှု ကြီးကြပ်ရေး မူဝါဒလည်း ပြောင်းလဲသွား မည်ဖြစ်သည်။

မျိုးရိုးဗီဇ

မျိုးရိုးဗီဇ သက်သက်အပေါ် ကိုသာ အလေးထားမည်( မျိုးရိုးဗီဇမှ သက်ရောက်မှု အပေါ် အလေးမထား ) ဆိုပါက လူဝင်မှုကြီးကြပ်ရေး မူဝါဒကို လွန်စွာ တင်းတင်းကြပ်ကြပ် ကျင့်သုံး ရမည်ဖြစ်သည်။ မိသားစုဝင်ဖြစ်မှု အပေါ် အခြေခံသည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒ ကို ကျင့်သုံးမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာ ဌာနေ လူဦးရေ ၏ ဗီဇမျိုးရိုး အပေါ် သက်ရောက်မှု မကြီးပါကအရည်အချင်းရှိသည့် ရွေ့ပြောင်းနေထိုင်သူများကို ခွင့်ပြုပေးနိုင်သည်။

လူတစ်ဦးချင်းစီ

လူတစ်ဦးချင်းစီ အပေါ် အခြေခံပြီး လူဝင်မှုကြီးကြပ်ရေး မူဝါဒ ကို ကျင့်သုံးမည်ဆိုပါက လက်တွေ့ ကျင့်သုံးရေး နည်းလမ်းများစွာ ပေါ်ပေါက်လာမည်ဖြစ်သည်။

၁။ ဖွင့်ထားသော နယ်နိမိတ်။ လူသားတစ်ဦးချင်းစီသည် ကျင့်ဝတ်ပိုင်းအရ တန်းတူညီမျှမှု ရှိသည်ဆိုပါက ရွေ့ပြောင်းနေထိုင်သူများ အပေါ် ကန့်သတ်မှု မရှိသင့်ပေ။

၂။ ကန့်သတ်မှုများကျင့်သုံးခြင်း။ တစ်ကမ္ဘာလုံးရှိ ဒေသ အသီးသီးကို နိုင်ငံတော်များ အဖြစ် ဖွဲ့စည်းထားမှုသည် ကောင်းမြတ်သည်ဟု ခံယူကာ ကန့်သတ်မှု ကို ဆင်ခြေပေး ခြင်းဖြစ်သည်။ ကနဦး ငွေထည့်ဝင်မှု ရှိမှသာ လူမှုလူဖုံရေး အကျိုးအမြတ်များ ခံစားသင့်သည် ဆိုသော ယူဆချက်ဖြစ်သည်။ လူမှုဖူလုံရေး ကျင့်သုံးရန် နိုင်ငံသားအားလုံး ငွေထည့်ရန် လိုသော်လည်း အသစ်ရွေ့ပြောင်းလာသူများ ငွေထည့်ရေး အခက် အခဲ ရှိမည် ဖြစ်သည်။ ထို့အပြင် လိုအပ်နေသူများကို ကူညီသင့်သည်ဆိုသော အမြင်ကိုလည်း ဆန့်ကျင်ရာ ရောက်သည်။ ငွေထည့်ဝင်မှု မရှိသူများကိုပါ လူမှုဖူလုံရေးအကျိုးအမြတ် ခံစားခွင့်ပေးလိုက်ပါကလည်း လစ်ဘရယ် လူ့အဖွဲ ့အစည်းတစ်ရပ် ကို ထိန်းထားနိုင်ရေး လိုအပ်သည့် လူမှုရေး စည်းနှောင်မှုများ အားနည်းသွားနိုင်သည်။

၃။ လူအများစု အတွက် ကောင်းကျိုးဖြစ်မည်ဆိုပါက လူဝင်မှုကြီးကြပ်ရေး မူဝါဒ ဖြေလျှော့ပေးသင့် သည်ဆိုသော အမြင်ဖြစ်သည်။ ပို၍ လစ်ဘရယ်ဆန်သည်။ ရွေ့ပြောင်းနေထိုင်သူများကြောင့် သက်ဆိုင်ရာ အမျိုးသားအုပ်စု တစ်ခုလုံး၏ ကုန်ထုတ်လုပ်မှု တိုးတက်လာမှုသည် သက်ဆိုင်ရာ အဖွဲ့ဝင်အားလုံး ကို အကျိုးကျေးဇူးရှိစေသည်ဟု လက်ခံသည်။

၄။ လူများစု ကောင်းကျိုးဖြစ်စေသည်ဆိုသောအမြင် နှင့် ဆန့်ကျင်ဘက် အမြင်မှာ အောက်ပါ အတိုင်းဖြစ်သည်။ ရွေ့ပြောင်းနေထိုင်သူများကြောင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွင်းရှိ အနွမ်းပါးဆုံးသူများ ရသင့်ရထိုက်သည်များ ထိခိုက်ဆုံးရှုံးစေသည်ဟု ဆိုသည်။

အုပ်စု

အုပ်စု အဖြစ် တည်ရှိနေမှုက အရေးကြီးသည်ဆိုပါက အုပ်စုဝင်လူတစ်ဦးစီ ရှင်သန်မှုကို အရေးစိုက်ရန် မလိုသည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒ ကျင့်သုံးနိုင်သည်။ အဆိုပါ အုပ်စု အနေနှင့် ဇီဝဗေဒပိုင်း ရှင်သန် တည်ရှိမှု ရှိရန်မလို ယဉ်ကျေးမှုပိုင်း ရှင်သန်ရန်သာ လိုသည်ဟု ဆိုသည်။ ယင်းအမြင်ကို လက်ခံမည်ဆိုပါက ရွေ့ပြောင်းနေထိုင်သူများ နှင့် မူလ ရှိပြီးသူများ ပေါင်းစည်းရေး ကို ကျင့်သုံးရမည်ဖြစ်ပြီး (သက်ဆိုင်ရာ ယဉ်ကျေးမှုများ သီးသန့်တည်ရှိခွင့်ကို အလေးပေးသည့် ) ဗဟုစုံ ယဉ်ကျေးမှု ဝါဒ ကို ရန်လိုရမည်ဖြစ်သည်။ မိသားစုဝင်ဖြစ်မှု အပေါ် အခြေတည်၍ နိုင်ငံသားဖြစ်ခွင့်ကို အဓိပ္ပာယ် ဖွင့်မည်ဖြစ်သော်လည်း ပေါင်းစည်းနိုင်ကြောင်း ပြသသည့် ရွေ့ပြောင်း နေထိုင်သူများကိုလည်း နိုင်ငံသားဖြစ်ခွင့်ပေးမည်ဖြစ်သည်။ အတတ်ပညာ တစ်ခုခု ကျွမ်းကျင်သည့် ရွေ့ပြောင်း နေထိုင်သူများကို ခွင့်ပြုပေးနိုင်သော်လည်း စီးပွားရေး တိုးတက်မှုထက် ယဉ်ကျေးမှု ထိန်းထား နိုင်ရေး သာ၍ အရေးကြီးသည်ဟု ရှုမြင်သည်။

သုံးသပ်ချက်

အမျိုးသားရေး စိတ် သည် နိုင်ငံရေး သီအိုရီ သမားများကို ခေါင်းခဲစေသည့်အရာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော တစ်လောကလုံးသဘောဆောင်သည့် အယူအဆ များကို အမျိုးသားရေး စိတ်က လက်မခံခြင်း ကြောင့်ဖြစ်သည်။ အမျိုးသားရေး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ အမျိုးသားရေး အုပ်စုတိုင်း တန်းတူရည်တူရှိခွင့် စသည့် တစ်လောကလုံး သဘောဆောင်သည့် အယူအဆများကို အမျိုးသားရေး ဝါဒီများ လက်ခံသည်ဟု ဆိုနိုင်သော်ငြားလည်း လက်တွေ့နိုင်ငံရေး နှင့် အမျိုးသားရေး အုပ်စု အယူအဆများက ယင်းအမြင်ကို အားနည်းစေပြန်သည်။

အနူးညံ့ဆုံး၊ အပျော့ပြောင်းဆုံး၊ တံခါး အဖွင့်ဆုံး ဟု ဆိုသည့် အမျိုးသားရေး ဝါဒီများသည် ပင် ၎င်းတို့၏ အမျိုးသားရေး အုပ်စုသာ အရေးပါဆုံးဟု ခံယူကြသည်။ တခြားတစ်ဖက်တွင်လည်း အမျိုးသား နိုင်ငံတော်များဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာတွင်သာ လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှုတို့ကို အာမခံပေးနိုင်မည်ဖြစ်သည်။ ရန်လိုသည့်၊ လူမျိုးရေးဆန်သည့် အမျိုးသားရေး ဝါဒတွင်မူ ယင်းသို့သော လွတ်လပ်မှုများ အတွက် နေရာမရှိပေ။

ဘာသာပြန်ဆိုသူ-အောင်ငြိမ်းချမ်း

ကိုးကား- Introduction to Political Theory by John Hoffman and Paul Graham, Chapter 12 Nationalism.