Breaking News

ဇော်ထွဋ် - လွန်မြောက်ခြင်း၊ ယဉ်သကိုနှင့် ဘကြီးမိုးညချမ်း



ဇော်ထွဋ် - လွန်မြောက်ခြင်း၊ ယဉ်သကိုနှင့် ဘကြီးမိုးညချမ်း

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၀

`အရေးမကြီးဘူး။ အရေးမကြီးပါဘူး.´.ဆိုတာ ဘကြီးမိုးရဲ့လက်သုံးစကား ၊ ဒဿနဖြစ်ပါသည်။

လောကမှာ ဘာမျှ အရေးမကြီးပါ။ အရေကြီးတာ နှစ်ခုပဲရှိပါသည်။ ရိုးရိုးလေးပဲ ဖြစ်သည်။တစ်ခုက ကိုယ်ဘာလုပ်ချင်သလဲ..ဆိုတာနဲ့ တစ်ခုက ကိုယ် ဘာမလုပ်ချင်သလဲ..ဆိုတာပဲ ဖြစ်ပါသည်။သိပြီးတော့..ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို ပီပီပြင်ပြင် ဖြစ်အောင်လုပ်နိုင်ဖို့ပဲ လိုအပ်ပါသည်။ နောက်တစ်ခုက ကိုယ်မလုပ်ချင်တာကိုလည်း ကိုယ်မလုပ်မိအောင် နေဖို့လိုပါသည်။ သူများဆရာဝန်ဆိုလို့၊ ကိုယ်ဆရာဝန်လိုင်းလိုက်ရင် သူလိုကိုယ်လို ဆရာဝန်ပဲ ဖြစ်ကြမှာပါ။ သူများ အာခီတက် ခေတ်စားတယ်ဆိုလို့ အာခီလိုက်တက်ရင် ရွက်ကြမ်းရေကြို အာခီတက်ပဲ ဖြစ်ကြမှာပါ။ ပန်းတိမ်ဆရာဖြစ်ချင်မှ ပန်းတိမ်ပညာ သင်ယူရမှာ.. ပန်းပဲဆရာဖြစ်ချင်မှ ပန်းပဲပညာ လေ့လာရမှာ မဟုတ်ပါလား။ သူများ ပန်းတိမ်ဆရာ၊ ပန်းပဲဆရာလုပ်လို့ ကိုယ်လိုက်လုပ်စရာ လိုအပ်ပါသလား..။

အဲဒါတွေ အရေးမကြီးပါဘူး။(ဘကြီးမိုးရဲ့လေ ဖြစ်သည်။) ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ဖြစ်ဖို့က အရေးကြီးတာပါ။ လုပ်တာမှ တစိုက်မတ်မတ်၊ ဇွဲနပဲ နှင့် လုပ်ဖို့လိုပါသည်။ ကိုယ်..ဘာလုပ်ချင်တယ် ဆိုတာကိုလည်း တိတိပပ သိသည်။ကိုယ်..ဘာမလုပ်ချင်ဘူးဆိုတာကိုလည်း

ရေရေရာရာ နားလည်သည်။ ဘဝမှာ ..ကိုယ်လုပ်ချင်တာကိုပဲ၊ ၊ ဇွဲ လုံ့လဝိရိယရှိရှိထား၊ ဧကစာရီ ကျင့်ပြီး၊ မှော်အောင်လာတာ Artist တွေပါ။ `ကိုယ့်စိုက်သလောက်ပဲ၊ ကိုယ်ရိတ်သိမ်းရမယ်´..

ဆိုရိုးဟာ Artist တွေအတွက်ပဲ ထင်ပါရဲ့။ `ကံ´ဆိုတာ..`အလုပ်´လို့ ပြောတာ Artist တွေအတွက် ပြောသလိုပါပဲ။ ပန်းပုဆရာဟာ ယမင်းရုပ်တစ်ရုပ်ပဲ ထုဆစ်နိုင်ရင် တစ်ရုပ်တည်းပဲ၊ နှစ်ရုပ်ထုဆစ်မှ နှစ်ရုပ်သာ။ `အလုပ်ကောင်းရင် ကံကောင်းမယ် ´..ဆိုတာလည်း Artist တွေအတွက် ရည်ညွှန်းသလိုပါဘဲ။ ပန်းပုဆရာဟာ ယမင်းရုပ်ကလေးကို လှလှပပ ထုဆစ်နိုင်မှ..။ လက်ရာကောင်းမှ ပန်းပုဆရာလည်း ကံကောင်းမှာ မဟုတ်ပါလား။

Artist တွေမှာ သင်ယူရတယ်။ လေ့လာရတယ်။ လေ့ကျင့်ရတယ်။ တွေးတောရတယ်။စိတ်ကူးရတယ်။ ဖန်တီးရတယ်။ထုဆစ်ရတယ်။ခြယ်သရတယ်။အတွေး ဆင့်ပွားရတယ်..ဆိုတဲ့ အနုသုခုမကျင့်စဉ်တွေ အများကြီးရှိပါသည်။ အလွန်ထူးဆန်းတာက ဘာမှမလုပ်ပဲ `အလိုလို´..သိလာ..မြင်လာ၊ ထင်လာ၊ ရောက်လာ..ကိစ္စရပ်တွေလည်း အများကြီးရှိပါသည်။(နတ်ဒေဝါတွေဘာတွေ ကူညီတာလား ဘာလား..မသိပါ။) ဝါသနာ၊ အထုံ၊ ပါရမီ၊ ဓာတ်ခံ၊ ဗီဇ၊ မွေးရာပါ၊ ပင်ကိုစွမ်းရည်၊ inborn , talent ,ģift , instinctive , genius...

ဘကြီးမိုး နှင့် ကျနော်.ပြောနေကျ စကားလက်တံတွေထဲမှာ ထပ်ခါထပ်ခါ ပါနေတတ်သော ဝေါဟာရ တစ်ခုရှိပါသေးသည်။ရူးသွပ်မှု(crazy)။ ဟုတ်ပါသည်။ Artist တွေမှာ

မရှိမဖြစ်လိုတာ `ရူးသွပ်ခြင်း´ပင် ဖြစ်သည်။ ရူးသွပ်ခြင်းဟူသည်မှာလည်း အတိမ်အနက် အလေးအပေါ့ ရှိသေးသည်။ ဘယ်ရွေ့ ဘယ်မျှ ရူးမှာလည်း.။ ရူးသွပ်ခြင်းဒီဂရီ အနိမ့်အမြင့် ရှိသည်။

`ခရေဇီ´ဆိုကတည်းက အလွန်အကြူးသဘော၊ အရူးအမူးသဘောတွေ ပါသည်။ မိုက်ကယ်အိန်ဂျယ်လို ရူးသလို၊ ပီကာဆို၊ ဂေါ်ဂင်၊ဗင်ဂိုး...အရူးအကောင်းစားတွေ ဖြစ်သည်။

ဘာအတွေးအခေါ် အယူအဆမျှ မရှိပဲ ခေါင်းထဲမှာ ဟာလာဟင်းလင်း ခြေသလုံးအိမ်တိုင် ခုန်ချဆင်းသက် ပုံမျိုးနှင့်မတူ။ အဲဒါက အနုပညာနှင့်မဆိုင်။ ကလေကချေ အရူး။ ဦးနှောက်ပျက်ယွင်းသော တကယ့်အရူး။Artist အမည်ခံလိုလျှင် ရူးတာကတော့ ရူးရမှာပဲ ဖြစ်သည်။ `ပုထုဇ္ဇနော၊ ဥမ္မတ္တကော´(ပုထုဇဉ်ဟာ အရူးပဲ) ဆိုရိုးရှိသည်မဟုတ်လား..။နည်းနည်း ရူးမှာလား။ များများ ရူးသွပ်မှာလား..ဒါပဲကွာခြားသည်။

`ရူး´မှလည်း `ထူး´မယ့်ကိစ္စရပ်တွေရှိသေးသည်။ မဟုတ်ရင်လည်း ပေါ်ဦးသက်လည်း ဒါပဲ။ ခင်မောင်ရင်လည်း ဒါပဲ ဖြစ်မည်။ တကယ်က ပေါ်ဦးသက်က သပ်သပ်၊ ခင်မောင်ရင်က သပ်သပ်ဖြစ်ရမှာလေ။

အဲဒီမှာ ဘကြီးမိုးက `စည်း´ဆိုတာလေးကို ထည့်ပြောသည်။ (စည်းကမ်းမဟုတ်ပါလေ) စည်းလေးတားထားသည့် သဘောကို ဆိုလိုရင်းဖြစ်သည်။ အသုံးအနှုန်းက လှပပြီး သိမ်မွေ့သည်ဟု ခံစားမိသည်။ အဲဒီ`စည်း´ကို ကျော်ဖို့ရာဘကြီးမိုးတို့ ကိုယ်တိုင်ပင် မဝံ့မရဲ။ကျော်မယ်လုပ်လိုက် ပြန်လာလိုက်..ဟုပြောဖူးသည်။ကျနော်တို့လို အပျော်တမ်းတူရိယာအဖွဲ့တွေကတော့ `စည်း´ ကို ကျော်ဖို့ဆိုတာ ဝေလာဝေးပေါ့ကွယ်။ တကယ်တော့..အဲဒီ`စည်း´ကိုကျော်မှ လွန်မြောက်သွားမည်ဖြစ်သည်။မဟုတ်ရင်တော့..သူလိုကိုယ်လို နေထိုင်၊ သူလိုကိ်ုယ်လိုစားသောက်၊ သူလိုကိုယ်လို တွေးခေါ်၊ သူလိုကိုယ်လို စိတ်ကူး၊ သူလိုကိုယ်လို အနုပညာလက်ရာတွေထုဆစ်..။

ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်..နယ်ပယ်အသီးသီးမှာ ဘကြီးမိုးရဲ့မိတ်ဆွေ အရင်းအချာ artist တွေ အများကြီးရှိပါသည်။ ဒါပေမယ့်..`စည်း´ကျော်တဲ့ artist နည်းပါးပါးသာရှိပါသည်။အဲဒီ ရှားရှားပါးပါး artist များမှာ ဗဂျိိီအောင်စိုး၊ ပန်းချီကိုရွှေအောင်သိမ်း၊ ဆရာခင်မောင်ရင်၊ ဒါရိုက်တာမောင်ဝဏ္ဏ...။ကိုရွှေအောင်သိမ်းက `အရူး´ဆိုတဲ့ စာအုပ် ရေးသားဖူးသည်။ ဇာတ်ဆောင်က` တင်မိုးခက်´။

ပန်းချီဆရာတစ်ယောက်ပါ။ modern artist ပါ။

မအိပ်ဆေးတွေသောက်ပြီး ပန်းချီရေးဆွဲရင်း ရူးသွားပါသည်။ စာရေးသူပန်းချီဆရာလည်း ဇာတ်ဆောင်အတိုင်း မအိပ်ဆေးတွေသောက်ပြီး စိတ်ရောဂါကုဆေးရုံမှာ ဆေးဝါးသွားရောက် ကုသရပါသေးသည်။အဲဒီဆေးရုံသို့ ဗဂျီအောင်စိုးကို လိုက်ပို့တာ ကိုရွှေအောင်သိမ်းပါဘဲလို့ ဘကြီးမိုးပြောပြဖူးပါသည်။ ကိုရွှေအောင်သိမ်းသည် မော်ဒန်ပန်းချိီရှေ့ဆောင်ကြယ်တာရာ တစ်ပွင့်ဖြစ်ပါသည်။

`ဗဂျီအောင်စိုး´ဆိုတာ ထူးထူးထွေထွေ ပြောရမယ့် ဆရာကြီးတစ်ယောက် မဟုတ်ပါ။ မော်ဒန်ရှေ့ဆောင်ကြီးပါ။ ပန်ချီ ရိုးရာနဲ့ခေတ်သစ်ကို ထုံကူးဖို့ ကြိုးစားသူကြီးပါ။ လွတ်မြောက်နေသူကြီးပါ။

အနုပညာမှာ လွန်မြောက်၊ ဘဝမှာ လွန်မြောက်။လမ်းထိပ် ခဏဆို၊ အိမ်ပြောထွက်လာတာ မန္တလေးရောက်သွားတယ်ဆိုပဲ။ တစ်သက်လုံး ပန်းချီနဲ့ အရူးအမူး နေထိုင်သွားတာ၊ ရုပ်ရှင်နယ်ပယ်မှာ ဧည့်သည်နေ၊ ဧည့်သည်သွား။သူဟာ ကဗျာတစ်ပုဒ်။

` လူတွေဟာ အရူးတွေ´..ဟုပြောကြသည်။ ဆိုလျှင်.. ဘကြီးမိုးလည်း အရူး(ကန်တော့နော်)။ ကျနော်လည်း အရူး ဖြစ်သည်။တကယ်လည်း ကိုယ့်ကိုယ်ကို ရူးနေမှန်း လက်ခံထားပြီးဖြစ်သည်။သို့ပေမယ့်..ကျနော်တို့ ရူးနေတာက တမျိုးဖြစ်သည်။ ဘယ်သူ့မှလည်း ရန်မမူ။ ဘယ်သူ့မှလည်း အနှောက်အယှက်မပြု။တကိုယ်တော်..စိတ်ကူးနဲ့ရူး။ကိုယ်တွေဟန်ပန်က သိပ်..မသိမသာ ၊ယဉ်ယဉ်လေး နဲ့ ရူးနေခြင်းဖြစ်သည်။အခါအခွင့်သင့်လျှင် လူ့ဘဝရောက်တုန်းရောက်ခိုက် ဘကြီးမိုးပြောတဲ့` စည်း´လေးကို ကျော်ကြည့်ချင်မိသေးသည်။` စိမ်းလဲ့လဲ့ည အချစ်နှုတ်ခမ်း အနမ်းတွေ ဖူးပွင့်ဖို့လေ´... ကိုနေဝင်း သီကုံးသော `ခတ္တာ´..လို သီချင်းမျိုးကဲ့သို့ လှလှပပ ရေးဖွဲ့ကြည့်ချင် ပါသေးတယ်လေ။

စန္ဒယားလှထွဋ်ရဲ့`အိပ်၍မပျော်သောညများ´ မဟုတ်ပါ..ဘကြီးမိုး ။

အိပ်၍ ပျော်သောညများ ဖြစ်ပါစေ.. ဘကြီးမိုး။

ဆောင်းအကြိုညချမ်း။

သာယာသောညချမ်း။

ဘကြီးမိုးညချမ်း။

ကျန်းမာကြပါစေ


(ဘကြီးမိုး အမြန်နေကောင်းစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဆရာဇော်ထွဋ်၏ ဆောင်းပါးကို တင်ဆက်လိုက်ပါသည်)