ပြည်တွင်းစစ်နဲ့ စစ်သားသစ် စုဆောင်းမှု
မြန်မာနွေဦးခရိုနီကယ် - မေ ၂၇ မြင်ကွင်း
(မိုးမခ) မေ ၂၈ ၊ ၂၀၂၆
ပြည်တွင်းစစ်နဲ့ စစ်သားသစ် စုဆောင်းမှု
ပြည်တွင်းစစ် နှစ်ကြာရှည်လာတာနဲ့အမျှ အဓမ္မစစ်သားသစ် စုဆောင်းမှုပြဿနာက အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ နေထိုင်ရတဲ့ ပြည်သူတွေ ရင်ဆိုင်နေကြရသလို အချို့သော တော်လှန်ရေးလက်နက်ကိုင်အင်အားစု ထိန်းချုပ်နယ်မြေတွေမှာလည်း တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။
စစ်ပွဲတွေ နှစ်ရှည်ကြာလာခြင်း၊ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုကိန်းဂဏန်းတွေ မြင့်တက်လာခြင်း၊ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်တိုက်ကြုံတွေ့လာရခြင်း စတဲ့အခြေအနေတွေနဲ့ အမိန့်ပေးစီမံခန့်ခွဲမှုပိုင်းရဲ့ အားနည်းချက် အစရှိတဲ့ အကြောင်းအချက်တွေကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေကနေ စွန့်ခွာသူ များပြားလာခြင်းတွေက စစ်သားသစ် အဓမ္မ စုဆောင်းဖို့ အကြောင်းခံလာစေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ အခြားသောမြို့ကြီးတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေ လမ်းသွားရင်း စစ်ဆေးစရာရှိလို့ဆိုကာ ဖမ်းဆီးစုဆောင်းခံနေကြရသလို မကြာသေးခင်သီတင်းပတ်တွေမှာတော့ အချို့သော ရပ်ကွက်တွေမှာ နေအိမ်ပေါ်အထိ တက်ရောက်ခေါ်ဆောင်ပြီး အဓမ္မစစ်သားစုဆောင်းတာတွေ လုပ်နေကြတဲ့ သတင်းတွေ နေ့စဥ် ကြားသိလာကြရပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အသက်ဝင်စေခဲ့တဲ့ စစ်မှုထမ်းဥပဒအရ ဆိုရင် အသက်အရွယ်အကျုံးဝင်သည့်တိုင် အလှည့်ကျ သို့မဟုတ် မဲစနစ်နဲ့ စစ်သားစုဆောင်းရမယ်လို့ ဆိုထားပေမယ့် လက်တွေ့မှာတော့ ငွေကြေးအင်အားနည်းသူ၊ အသိုင်းအဝိုင်းနောက်ခံ အားနည်းသူတွေကို ထိပ်ဆုံးထားပြီး စုဆောင်းကြတဲ့ အနေအထား ဖြစ်ပါတယ်။ ငွေကြေးချမ်းသာသူတွေ အနေနဲ့ မိမိတို့သားသမီးတွေကို ပြည်ပပို့ထားတာ၊ ယုတ်စွအဆုံး စစ်မှုထမ်းခေါ်ခံရတောင်မှ ငွေကြေးကျပ် သိန်းရာဂဏန်းပေးပြီး အစားထိုး ထည့်စေတာတွေလုပ်ဆောင်နိုင်ကြပေမယ့် နေ့လုပ်နေ့စား ငွေပေးပြီး အစားမထိုးနိုင်တဲ့သူတွေ အဖို့ စစ်မှုထမ်းလိုက်ရုံကလွဲပြီး အခြားရွေးစရာမရှိပါဘူး။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းစုဆောင်းတဲ့ ယန္တရားထဲမှာ ပါဝင်နေတဲ့ သူတွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ တရားဝင်မဟုတ်ဘဲ စုစည်းထားတဲ့ စစ်တပ်ထောက်ခံသူတွေ အဖို့ စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းတဲ့ လုပ်ငန်းစဥ်က ငွေတွင်းတခုသဖွယ် မြင်လာကြပါတယ်။
လူစားထိုးရာမှာ၊ လိုအပ်တဲ့ အရေအတွက်ထက် ပိုပြီး ဖမ်းဆီးစုဆောင်းကာ ငွေသိန်းချီပေးမှ လွှတ်ပေးကာ ငွေကြေးရအောင် လုပ်ဆောင်တာတွေနဲ့ အဓမ္မစစ်သားစုဆောင်းတဲ့ လုပ်ငန်းစဥ်က ငွေသိန်းပေါင်း ထောင်သောင်းချီ ခြစားမှု၊ လာဘ်စားမှုတွေနဲ့ လည်ပတ်နေတဲ့ ယန္တရားတခု ဖြစ်လာနေပါတယ်။
စစ်မှုထမ်း ဥပဒေအရ စုဆောင်းခံရသူတွေက တလကို အရေအတွက်အားဖြင့် ၅ ထောင် ဝန်းကျင် သင်တန်းပေးပြီး စစ်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတွေဆီ စေလွှတ်နေတာကြောင့် တဖက် ဆန့်ကျင်ဘက် တော်လှန်ရေးအင်အားစုတွေ အဖို့ အချိန်ကြာလာတာနဲ့ အမျှ ဖိအားဖြစ်လာနေတာတွေ့ရမှာပါ။ အဓမ္မ စစ်မှုထမ်း စုဆောင်းခံရသူတွေကို လက်နက်ယူပြီး ဘက်ပြောင်းခိုဝင်ဖို့ အကြံပေး လမ်းညွှန်နေကြသည့်တိုင် အုံနဲ့ကျင်းနဲ့ ဘက်ပြောင်းလာတာမျိုးတော့ မတွေ့ရပါဘူး။ ဒီလို ဘက်ပြောင်းတာတွေ လွယ်လွယ်ကူကူ မလုပ်ဆောင်နိုင်အောင် နဲ့ တော်လှန်ရေး အင်အားစုတွေ နဲ့ ပတ်သက်တဲ့ သတင်းတွေကို မရရှိအောင် အာဏာသိမ်းစစ်တပ်ဘက်က ဝါဒဖြန့်ချိရေး နဲ့ စီမံကွပ်ကဲ လုပ်ဆောင်နေပုံရပြီး ပစ လို့ အတိုကောက်ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေ ဘက်ပြောင်းခိုလှုံတဲ့ ခြိမ်းခြောက်မှုမျိုး မတွေ့ရဘူးလို့ ဆိုနိုင်ပါတယ်။
ဒါတွေက တိုင်းပြည်ရဲ့ နယ်မြေ ၄၀ ရာနှုန်းကနေ အများဆုံး ၆၀ ရာနှုန်းဝန်းကျင်သာ ထိန်းချုပ်ထားနိုင်တယ် ဆိုတဲ့ အာဏာသိမ်းစစ်တပ်ဘက်က အဓမ္မစစ်သားစုဆောင်းမှု အခြေအနေဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေဘက်မှာလည်း တပ်သားသစ် စုဆောင်းနိုင်ဖို့ အမိန့်နဲ့ အာဏာနဲ့ လုပ်ဆောင်ရတဲ့ အခြေအနေတွေ အတိုင်းအတာတခုထိ ရှိလာနေတာတွေ့ကြရပါတယ်။
ခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတပုဒ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ သက္ကမာ (ဒိုင်းနက် လို့လည်း ခေါ်ဝေါ်) လူမျိုးတွေ နေထိုင်ကြတဲ့ ရခိုင်ပြည်နယ် တောင်ပြို လက်ဝဲမြို့နယ်ခွဲ သင်္ဘောလှ ကျေးရွာမှ ကျေးရွာသားများကို အာရက္ခတပ်တော် (AA) က စစ်မှုထမ်းခေါ်ယူရာမှာ သေနတ်ပစ်ဖောက်တာ၊ ရိုက်နှက်တာတွေ ရှိခဲ့ကြောင်းနဲ့ အမျိုးသား အမျိုးသမီး ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သက္ကမာ အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့က ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာ သတင်းတွေမှာ တွေ့ရပါတယ်။
ဒီအဖြစ်အပျက်က လတ်တလော အဖြစ်အပျက်တခု ဖြစ်ပြီး အလားတူ အမိန့်နဲ့ စစ်မှုထမ်းစုဆောင်းတာ၊ လူငယ်အရွယ် စစ်မှုထမ်းနိုင်တဲ့ အရွယ် ကျားမမရွေး နေရပ်ဒေသတွေကနေ ထွက်ခွာခွင့်မပေးတာ စတဲ့အဖြစ်အပျက်တွေ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင် ပြည်နယ်တို့လို ဒေသတွေမှာ ဖြစ်ပွားနေတာကို သတင်းဖေါ်ပြမှုတွေမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။
စစ်မှုထမ်းစုဆောင်းမှု ပြဿနာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ကချင်၊ ရှမ်းမြောက်၊ ရှမ်းတောင် နဲ့ ရှမ်းအရှ့တို့လို ဒေသတွေမှာ ရှိနှင့်ပြီးဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နေရတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KIA, SSPP/SSA, RSSS, PNO/PNA စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ စိုးမိုးထိန်းချုပ်ရာ နယ်မြေတွေမှာ စစ်မှုမထမ်းမနေရ အမိန့်တွေထုတ်ပြန်ပြီး စုဆောင်းခဲ့ကြတာ ဖြစ်ပါတယ်။ အချို့သော တိုင်းရင်းသား ဒေသတွေက အသက်မပြည့်သေးတဲ့ ဆယ်နှစ်ဝန်းကျင် အရွယ်တွေကတည်းက တနယ်တကျေးမှာ ကိုရင်၊ သီလရှင် အဖြစ်ဝင်ရောက်စေပြီး စာသင်ကြားစေတဲ့ အဖြစ်တွေ ရှိခဲ့တာ အားလုံး သိရှိပြီးဖြစ်ကြပါတယ်။ ဆယ်စုနှစ်များစွာ ရှည်ကြာလာတဲ့ ပြည်တွင်းစစ် အတွင်း မန္တလေး၊ ရန်ကုန် နဲ့အချို့မြို့ကြီးတွေက ပရိယတ္တိ ဘုန်းတော်ကြီးကျောင်းတွေမှာ စာသင်သားတွေ များပြားရတဲ့အကြောင်းတွေက ပြည်တွင်းစစ် အတွင်း အဓမ္မ စစ်သားစုဆောင်းမှုရဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။
အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်စတဲ့မြို့တွေလို မှာနေထိုင်တဲ့သူတွေ အနေနဲ့ အဓမ္မစစ်သားစုဆောင်းတာ ခံကြရပေမယ့် ပြည်နယ်ဒေသတွေ ကျေးလက်တွေမှာ နေထိုင်တဲ့သူတွေအဖို့ ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီခေတ်ကာလတွေမှတော့ တိုက်ပွဲတွေက နေ့တိုင်း နေရာတိုင်းဖြစ်ပွားနေတာမျိုး မဟုတ်လို့ စစ်သားစုဆောင်းခံရပြီးနောက်မှာ အသက်အန္တရာယ်ကျရောက်နိုင်ခြေက နီးနေတာမဟုတ်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ စုဆောင်းတဲ့ စစ်မှုထမ်းအဖြစ်က ထမ်းဆောင်ရမယ့် နှစ်အကန့်အသတ် မရှိတာကြောင့် တပိုင်း မိသားစုကို ငွေကြေးပြန်လည် ထောက်ပံ့နိုင်တဲ့ အနေအထား မဟုတ်တာကြောင့်ပါ အများအပြားသော မိဘတွေက သားသမီးတွေကို မစေလွှတ်လိုကြတာပါ။
အခု ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မီးက အရှိန်အဟုန်နဲ့ တောက်လောင်နေတဲ့ ကာလမှာတော့ စစ်မှုထမ်းအဖြစ် ပါဝင်ရခြင်းနဲ့ အသက်အန္တရာယ် ဖြစ်နိုင်ခြေက နီးစပ်နေတာကြောင့် အချို့သော ကာယကံရှင်နဲ့ မိဘဆွေမျိုးတွေက ဖြစ်နိုင်ရင် မထမ်းဆောင်ချင်ကြတာ ဖြစ်ပါတယ်။
သို့ပေမယ့် လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက ရင်ဆိုင်တိုက်ခိုက်နေကြရတဲ့ တိုက်ပွဲတွေ၊ စစ်ဆင်ရေးတွေမှာ အနိုင်ရဖို့ တပ်အင်အားကြီးထွားလာစေဖို့ အတွက် နည်းလမ်းအမျိုးမျိုး အသုံးပြုကာ စုဆောင်းနေကြတာက ယနေ့ ခေတ်ရဲ့ မျက်မှောက်ရင်ဆိုင်နေကြရတဲ့ အခြေအနေပင် ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar