မြတ်စံ - " နိုဝင်ဘာမိုးစက်များအောက်မှ အလွမ်း…(သို့) အတွေးအမြင်ပဲ့ကိုင်ရှင် အန်တီမြင့်သို့လွမ်းဆွတ်ခြင်း"
မြတ်စံ - " နိုဝင်ဘာမိုးစက်များအောက်မှ အလွမ်း…(သို့) အတွေးအမြင်ပဲ့ကိုင်ရှင် အန်တီမြင့်သို့လွမ်းဆွတ်ခြင်း"
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၀
ယခုနှစ် နှစ်ဆန်းပိုင်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန် မတ်လဆန်းကတည်းက ၃၃ လမ်းရှိဒေါင်းစာပေသို့ မရောက်ဖြစ်ခဲ့။ ဧပြီ။ မေလများမှာလည်း Stay at Home ကာလဖြစ်လို့ ဘယ်ကိုမှအသွား အလာမရှိခဲ့။မြို့ထဲသို့ရောက်စရာလည်းမရှိခဲ့ချေ။အန်တီမြင့်ကိုယ်တိုင်လည်း ကပ်ရောဂါကို ဆင်ခြင်ရှောင်ကြင်တဲ့အနေနဲ့ မသွားခဲ့ဟုသိခဲ့ရတယ်။ ဇွန် ဇူလိုင်လောက်မှာ အခြားသူငှာများသွားသွားလာလာရှိနေကြပေမဲ့ စာအုပ်ထုတ်ဝေရေးကိစ္စအတွက် ဘားလမ်းရှိနေအိမ်မှာ ဒေါင်းစာပေကိုလိုအပ်တာတွေကို စီစဉ်ညွှန်ကြားပြီး နေအိမ်မှတဆင့် ဒေါင်းစာပေအတွက် စာအုပ်ထုတ်ဝေရေးကိစ္စတွေကို စီစဉ်ခဲ့တယ်ဟု သိခဲ့ရတယ်။ကျနော်ကိုယ်တိုင်လည်း အကြောင်းကိစ္စရှိလို့မြို့ထဲရောက်ဖြစ်တဲ့အချိန်မှာ ၃၃ လမ်း ဒေါင်းစာပေနဲ့ ဘားလမ်းနေအိမ်ကိုမဝင်တော့ပဲ အန်တီမြင့်ဆီ ဖုန်းဆက်ကာနှုတ်ဆက်စကားပြောပြီး ပြန်လေ့ရှိခဲ့တယ်။တခါတရံလည်း ညီမလိုခင်မင်ရင်းနှီးရသူ လတ်လတ် Lut Latt Soe ရှိရာ ၃၆ လမ်းရုံးခန်းသို့ ခဏတဖြုတ်ဝင်ကာ စကားပြောပြီးမှပြန်လေရှိတယ်။
မနေ့က နေ့လယ်ပိုင်းမှာ အန်တီမြင့် ကွယ်လွန်ဆုံးပါးသွားတဲ့အကြောင်း ညီမ လတ်လတ် Post မှာဖတ်လိုက်ရလို့ သိလိုက်တဲ့အချိန်မှာ စိတ်ထဲယူကြုံးမရ ခံစားမိတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က မြို့ထဲရောက်ချိန် အန်တီမြင့်နဲ့ တယ်လီဖုန်းပြောဖြစ်ချိန် " မောင်ဝံသ အမှတ်တရ " စာအုပ်နဲ့ အတွေးအမြင်စာအုပ်များအပါအဝင် စာအုပ်တွေကို ဒေါင်းစာပေ မှာဝင်ယူသွားဖို့ အန်တီမြင့်မှပြောလို့ဝင်ယူပြီး ဖုန်းနဲ့အပြန်အလှန်ပြောဖြစ်ခဲ့ပုံကိုအမှတ်ရမိခဲ့သလို အန်တီမြင့်နဲ့ နောက်ဆုံးပြောဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါလားလို့ ပြန်လည်တွေးနေမိတယ်။
အဲ့ဒီနေ့က စာအုပ်ယူပြီး ဒေါင်းစာပေ မှမထွက်ခွာခင် အန်တီမြင့်ပေးလိုက်တဲ့စာအုပ်ရကြောင်းပြောဆိုရင်း ကျနော့်ကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့။အိမ်မှာကလေးငယ်ရှိတဲ့သူဖြစ်လို့ အပြင်ကိုမလိုအပ်ပဲမထွက်ရန်။အခုဖြစ်နေတဲ့ ကပ်ရောဂါကြောင့်အနေအထိုင်အသွားအလာဆင်ခြင်သင့်ကြောင်းပြောဆိုမှာကြားနေကြောင်း။အန်တီမြင့်ကိုယ်တိုင်လည်း မတ်လဆန်းကတည်းက ဘားလမ်းနေအိမ်မှာပင်နေပြီး အပြင် အသွားအလာလုံးဝမရှိသလောက်နေထိုင်နေကြောင်း။အိမ်သို့လည်း မည်သူမျှအဝင်အထွက်မရှိကြောင်းပြောဆိုနေခဲ့တယ်။
အောက်တိုဘာလ ၆ ရက် ၇ ရက်လောက်က ဘကြီးမိုး( ဒါရိုက်တာမိုးသူ ) ကိုဗစ်ပိုး Possitive ဖြစ်လို့ တောင်ဥက္ကလာပဆေးရုံမှာကုသခံနေရကြောင်း လတ်လတ်ထံ ဖုန်းဆက်ပြောဖြစ်ခဲ့ပြီး နောက်တရက် အောက်တိုဘာလ ၈ ရက်နေ့ညနေပိုင်းမှာ အန်တီမြင့် လည်း အသက်ရှုကြပ်လာပြီးနေထိုင်မကောင်းဖြစ်လို့ မြောက်ဥက္ကလာပဆေးရုံသို့ရောက်နေကြောင်း သမီးဖြစ်သူ လတ်လတ်မှ ဖုန်းဆက်ပြောလို့သိခဲ့ရတယ်။ ခက်ခက်ခဲခဲ အသက်ရှုနေရပြီး လိုအပ်တဲ့ကုသမှုတွေခံယူပြီး တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာမယ်လို့ ယုံကြည်မျှော်လင့်ခဲ့မိတယ်။ အန်တီမြင့် ဆေးရုံတက်စဉ်ကတည်းက အတူတူလိုက်ပါသွားသူ သမီးလတ် လတ်လတ် ကိုယ်တိုင်အနားမှာပြုစုကုသခွင့်ရလို့ အန်တီမြင့်အတွက် အားဖြစ်စေတယ်လို့ခံစားမိတယ်။လတ်လတ် ကိုယ်တိုင်လည်း အမေဖြစ်သူအန်တီမြင့်အနားမှာနေရင်း လိုအပ်တာပြုစုနေရတော့ နေ့မအိပ်ရ ညမအိပ်ရဖြစ်နေပေမဲ့ အန်တီမြင့် မြန်မြန်ပြန်လည်နလန်ထစေဖို့ ကြိုးစားနေခဲ့တယ်ဆိုတာ သိခဲ့ရတယ်။တရက် နှစ်ရက်ကနေ ဆယ်ရက် တပတ်ကြာလာပြီး ရက်တွေက ပိုကြာလာသလိုဖြစ်နေမိတယ်။အန်တီမြင့် Recovery ပြန်ရမယ့်ရက်ကိုမျှော်လင်နေခဲ့ပေမဲ့ ဆုံးသွားတဲ့သတင်းကြားလိုက်ချိန်မှာ ဖော်မပြနိုင်တဲ့ဝေဒနာတခုလို ခံစားခဲ့ရတယ်။
ကျနော့်အပေါ် အဒေါ်အရင်းတစ်ယောက်လို သံယောဇဉ်ရှိပြီး အမြဲတမ်းစာရေးဖို့တိုက်တွန်းတတ်တဲ့ အန်တီမြင့်… ကျနော်နဲ့အတူ ကာလတခုကြာ အတူတူဖြတ်သန်ရင်ဆိုင်ခဲ့ဖူးသော အန်တီမြင့်ရဲ့ ခင်ပွန်းဖြစ်သူ အန်ကယ်ဦးစိုးသိမ်း( စာရေးဆရာ မောင်ဝံသ ) နဲ့ပက်သက်တဲ့အကြောင်းလေးတွေပြောပြတိုင်း သတိတရစိတ်ဖြင့် သူမသိသေးတဲ့အကြောင်းတွေကိုအမြဲမေးတတ်တဲ့ အန်တီမြင့်…ကျန်ခဲ့တဲ့ တော်သလင်းလပြည့်နေညက အကျဉ်းထောင်တွင် လပြည့်နေ့ညဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်အတွေ့အကြုံခံစားမှုလေးနဲ့ပက်သက်ပြီး ရေးဖြစ်ခဲ့တဲ့ ခံစားပုံရိပ်လွှာကို အန်တီမြင့်ဖတ်မိပြီး အတွေ့အကြုံအဖြစ်အပျက်တွေကို စာများများရေးဖို့တိုက်တွန်းခဲ့တာကို အမှတ်ရမိနေတယ်…
ယမန်နှစ် နိုဝင်ဘာလတုန်းက ရေးဖြစ်ခဲ့တဲ့ " နိုဝင်ဘာမိုးစက်များအောက်မှ အဖေ့ကိုလွမ်းဆွတ်မိခြင်း " စာစုလေးကို အခန်းဆက်ဖတ်မိတဲ့ အန်တီမြင့် က အပြီးသတ်အထိဆက်ရေးဖို့တိုက်တွန်းပြီး အားလုံးရေးပြီးပါက သူ့အနေနဲ့ စုပေါင်းကာ လုံးချင်းထုတ်မယ့်အကြောင်းပြောခဲ့တာကို သတိရမိနေတယ်။ကျနော်ကိုယ်တိုင်လည်း အပိုင်း ၇ လောက်အထိရေးထားပြီးနောက်ပိုင်းကျန်နေတဲ့အပိုင်းတွေကိုဆက်မရေးဖြစ်တဲ့အတွက် အန်တီမြင့်နဲ့ဆုံတိုင်း ဆက်ရေးပါမယ့်အကြောင်းကတိပေးဖြစ်ခဲ့တယ်။
တိုင်ဆိုင်စွာပင် ဒီနှစ်ရဲ့ နိုဝင်ဘာလ ရောက်ခါစ တစ်ရက် နှစ်ရက်မှာ အန်တီမြင့်တစ်ယောက် ကျနော်တို့အားလုံးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ချိန်ဟာ ကျနော့်ဖခင် ဆုံးပါးကွယ်လွန်သွားတဲ့ နိုဝင်ဘာလထဲဖြစ်နေတဲ့အတွက် ကျနော့်ဘဝမှာထပ်ဆင့်လွမ်းဆွတ်နေမယ့်နေ့ရက်တရက်အဖြစ် ထင်ကျန်နေမယ်ဆိုတာကို ခံစားနားလည်မိရင်း စိတ် နှလုံးသဘောထားပြည့်ဝပြီး မည်သူ့ကိုမဆို အမြဲလိုလို ကူညီရိုင်းပင်းစိတ်ရှိတတ်သော အန်တီမြင့် ငြိမ်းအေးသောအရပ်မှာ ကောင်းရာသုဂတိဘုံသို့ရောက်ပါစေကြောင်း မေတ္တာပို့ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်…
အစဉ်အမြဲမေတ္တာများဖြင့်
ကိုမြတ်စံ
3/11/2020 ( 4:45 pm )
Credit Photo- Myint Myint's Fb…