သားဦး - ဒီနေ့ပြီးရင်
သားဦး
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၀
ဒီနေ့ပြီးရင် မြစ်ကြီးဆီသွားမယ်
ဘုရားလမ်းက ဆုံးသွားတဲ့ သူငယ်ချင်းတစ်ယောက်အိမ်ဝင်ပြီး သာကြောင်းမာကြောင်းပြောမယ်
ပြီးရင် ချောင်းအဆက်မပြတ်ဆိုးနေတဲ့ကိုနီတွတ်ဆီသွား ခင်းဗျားချောင်းကမကုန်သေးဘူးလား
လူတစ်ယောက်မှာ ချောင်းဆိုးတဲ့ကိရိယာဘယ်နှစ်ခုပါသလဲလို့ နောက်ရမယ်
စာကလေးတွေက ခိုကိုပြောင်နေသလို
ခုန်စွ ခုန်စွ
ရှဉ့် တွေက တစ်ကောင်နောက်တစ်ကောင် အပြေးလိုက်လို့
ဗာဒံသီးတွေက အရောင်ပြောင်းလို့
ဒီအချိန်ဆို အရီးလေး အကြမ်းပန်းကန်ထဲမှာ
ဧည့်မြှောင် လက်ဖက်ခြောက်ကလေးထောင်နေမှာ မြင်ယောင်ပါသေးတယ်
ကျနော်တို့ငယ်ငယ်
ထမင်းစားပွဲမှာလက်ဆုံရင်
အမေက ဇွန်းနဲ့ ဟင်းခွက်ကိုမွှေတယ်
ဧည့်သယ် မျက်စိလည်အောင်လို့တဲ့
ပြောသေးတယ်
ခေတ်ကြီးကလွယ်တာမဟုတ်ဘူး
နင့် အဘ နင်အဘိုး
နောက်တော့ ငါတို့တစ်မျိုးလုံးပါပဲ
ခေတ်ကြီးကလွယ်တာမဟုတ်ဘူးထဲ
ရေခပ် ထင်းခွေ တောင်ယာလုပ် ဝါးခုတ်
တောကိုအမျိုးလုပ်နေခဲ့ရတာတဲ့
ဝါဆိုမှာ ဝါဆိုပန်းတွေပြီးရင်
ဝါခေါင်မှာ ခတ္တာဟာ ပြန်လာပါလိမ့်မယ်
အမွှေးတိုင်ဝယ်ရမယ်
ဘုရား ရေချမ်းကပ်ရမယ်
ညနေ နေညိုရင် အောင်ကိုတို့ခြင်းဝိုင်းဘက်သွားရမယ်
ဖိုးတာကိုတွေ့အောင်ရှာပြီး ဘာဂဏန်းကောင်းသလဲမေး
ပြီးတော့ပြန်မေ့ပစ်ရမယ်
အေးစေတီဘုရားဝင်းထဲက နဝကမ္မအလှူခံပုံးမှာ
အလှူခံဘယ်လောက်ရပြီလဲဆိုတာကြည့်ပြီး
ကုသိုလ်ယူရမယ်
ညရောက်ရင်တော့ ပုရစ်သံထဲဝင်အိပ်
ငါ့မျက်လုံးကို ဘဏ်တွေလိုအသေပိတ်လိုက်တယ်ဆိုတဲ့ ဖိုးခွားလေးအကြောင်းတွေးရမယ်
သွားတိုက်တန် တစ်ချောင်းဝယ်ရမယ်
ခြင်ဆေးခွေ ကော်ဖီမစ်နဲ့
အစ်မလေးက လူကြုံဘာမှာဦးမလဲမေးရမယ်
နောက်တော့ မြစ်ဆီသွား
ကိုနီတွတ်ရဲ့ ချောင်းဆိုးသံကိုနားဆင်
အဖွားရဲ့ ကျီးကန်းမလာအောင်တားဆီးနည်းကိုလည်းလေ့လာရဦးမယ်
ဒီနေ့ပြီးရင်ပေါ့
ဒီနေ့မပြီးတော့လည်း ဘာအရေးလဲ
မနက်ဖြန်ဟာ အများကြီးကျန်နေပါသေးတယ် ။
သားဦး
၂၆ ၁၀ ၂၀၂၀