ပျော်တော်ဆက်သာဂိ – နောက်အင်္ဂါနေ့ အမေရိကန်က ပြည်ခိုင်ဖြိုးပါတီသမ္မတ ဒေါ်နယ်ဒတ် နိုင်ခဲ့သည် ရှိသော် …

ပျော်တော်ဆက်သာဂိ – နောက်အင်္ဂါနေ့ အမေရိကန်က ပြည်ခိုင်ဖြိုးပါတီသမ္မတ ဒေါ်နယ်ဒတ် နိုင်ခဲ့သည် ရှိသော် …
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၆
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း၊ နိုဝင်ဘာ ၁၊ ၂၀၂၀)
ဒီဆောင်းပါးက လွန်ခဲ့တဲ့ ၄ နှစ်က ဒေါ်နယ်ထရန့်မနိုင်ခင် သရော်စာရေးခဲ့တာပါ။ အခု ပြန်ဖတ်ကြည့်ဖို့ တင်ဆက်လိုက်တယ်။
ပေါက်ပန်းစျေး လူကြမ်းကြီး ဒေါ်နယ်ဒတ် နိုင်သွားရင် ကယ်လီဖိုးနီးယားက လူတွေအတွက်က ဘာမှ သိပ်ထူးမှာ မဟုတ်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါ။ တပြည်နယ်လုံးက ဒီမိုကရက်တွေကိုး။ တခြားပြည်နယ်တွေတော့ ထူးချင် ထူးမယ်။
ဟီလာရီကတော့ မြန်မာပြည်ကို ထွက်ပြေးပြီး ဒေါ်စုဆီမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းဖို့ များတယ်။ ဒေါ်နယ်ဒတ်က ကလင်တန်တို့တမျိုးလုံး ထောင်ထဲထည့်မယ် ကြိမ်းထားတာကိုး။ အိုဘားမားကတော့ သူ့ပရိုဂျက်ဖြစ်တဲ့ အင်္ဂ ါဂြိုဟ် လူသွားနေရေး စီမံကိန်းမှာ ပထမဆုံး ဗော်လံတီယာလုပ်ပြီး မိသားစုလိုက် ပြောင်းမှာပဲ။ သူလက်နဲ့ ရေးထားတဲ့ အမေရိကန်ပြည်ကြီးကို ဒေါ်နယ်ဒတ်က ခြေနဲ့ ဖျက်တော့မှာ ဘယ်ကြည့်ရက်ပါ့မလဲ။ ဒေါ်နယ်ဒတ်က သူ့ကို တလျောက်လုံး သရော်မော်ကားနေတဲ့ တီဗီလူရွှင်တော်တွေ အားလုံးကို (ဦး) မင်းအောင်လှိုင်ရဲ့ ပုဒ်မ ၆၆(လကြီး) နဲ့ တရားစွဲ ထောင်ချပစ်မှာ သေချာတယ်။ မေမေနိုင်မှ ဖြစ်မှာပါ သီချင်းဆိုတဲ့ ဘီယွန်းဆေးတို့ လင်မယားလည်း အနုပညာဖျော်ဖြေခွင့် အပိတ်ခံရမှာ။
အမေရိကန်တွေ အားလုံးထဲက အသားမဖြူတဲ့သူတွေ အားလုံး သန်းကောင်စာရင်းတိုင်ပြီး နေကြရဖို့ များတယ်။ မူဆလင်ဘာသာဝင်တွေ အားလုံးကို မက္ကဆီကို ပို့ပြီး ဂရိတ်ဝေါကြီး အဓမ္မလုပ်အားပေးအဖြစ်နဲ့ ဆောက်ခိုင်းမှာပဲ။ ကျန်းမာရေးအာမခံခွင့်ကို ရုတ်သိမ်းလိုက်တာမို့ မြန်မာပြည်က စတုမဒူတို့၊ သွေးဆေးတို့၊ ပရုပ်ဆီတို့ အင်ပို့လုပ်ပြီး ဆေးမြီးတိုကုကြရဖို့ အမေရိကန်တွေ လေ့ကျင့်ကြရလိမ့်မယ်။ မြန်မာတွေ တင်လေ့ရှိတဲ့ ဖေ့စ်ဘွတ်ပေါ်က မြက်စားရင် ကင်ဆာပျောက်တယ် ဆိုတာတွေကို အမေရိကန်တွေက လိုက်လုပ်ကြရမှာ။ သူတို့လည်း အားကိုးရာ အိုဘားမားတို့ ဟီလာရီတို့မှ မရှိတော့တာကိုး။ ဒေါ်နယ်ဒတ် လက်ညိုးညွှန်ရာ ရေဖြစ်တော့မှာဆိုတော့ အမေရိကန်တွေလည်း ဟင်ဘာဂါ မစားနိုင်တော့ဘဲ ရေသောက် ဗိုက်မှောက် နေတတ်လာကြမှာပါ။
သာဂိတို့ကတော့ ဒေါ်နယ်ဒတ် အမေရိကန်သမ္မတဖြစ်သွားတာလောက်က အေးဆေးပါ။ အနှစ် ၂၀ ကျော် စောမောင်၊ ခင်ညွန့် ၊ သန်းရွှေ၊ သိန်းစိန်တို့ လက်အောက်မှာ နေခဲ့တာ အရေထူနေပြီမို့ ဒေါ်နယ်ဒတ် ၄ နှစ်လောက် သမ္မတလုပ်တမ်း ကစားတာလေးများ ပျင်းတောင် ပျင်းသေး။ ဒေါ်နယ်ဒတ်ရာ မင်းကို “ငါက ၈ နှစ် ၈ နှစ်” လု့ိ ဗမာပြည်က ဘုန်းကြီးဝတ်သွားတဲ့ မင်းသားကျော်ဟိန်း အိုက်တင်နဲ့တောင် ပြောလိုက်ဦးမယ်။ မင်းလုပ်ချင်ရင် လေးနှစ် မကဘူး ၈ နှစ် လုပ်ချင်လုပ်သွား။ အေးဆေးပဲ။ အမေရိကန်တွေကိုတော့ ခံနိုင်ရည်မရှိဘူးဆိုရင် မြန်မာပြည်ကို လွှတ်ပေးလိုက်မယ်။ ဒေါ်စု အစိုးရဆိုပေမယ့် ဟိုစစ်သူကြီးတွေက အုပ်ချုပ်နေသေးတာဆိုတော့ ဟိုမှာ သွားနေပြီး အရသာမြည်းကြည့်လို့ရတယ်လို့။
အင်း … ဒေါ်နယ်ဒတ် အမေရိကန်သမ္မတ ဖြစ်သွားခဲ့သည် ရှိသော် … ပျော်စရာကြီးပါဗျာ။ “အစိုးရဟူသမျှ ဆန့်ကျင်ချေမှုန်းကြ” ဆိုပြီး တသက်လုံး အကျင့်ပါနေတဲ့ ကန့်လန့်တိုက်သာဂိ ဆိုတော့ အစိုးရကောင်းများ မတော်မတည့် တက်ခဲ့သည်ရှိသော် ဘာအလုပ်မှ လုပ်စရာမရှိတော့ဘဲ ပျင်းပြီး ကိုယ့်ဆံပင်ကိုယ် နှုတ်ပြီး သတ်သေသွားစရာ မလိုတော့ဘူးလေ။ ဆက်ပြီး တော်လှန်ရေးတိုက်ပွဲ ဆက်နွှဲရဦးတော့ မပေါ့။
ဒေါ်နယ်ဒတ် သက်တော်ရာကျော် ရှည်ပါစေ။ ကင်ဆာ ကျဆုံးပါစေ။ ဗိုလ်ချုပ်မှူးကြီး လည်း အရေထူအောင်လေ့ကျင့်ပြီး နောင်ရွေးကောက်ပွဲမှာ ဝင် ပြိုင်နွှဲ နိုင်ပါစေ။ အမေရိကန်ဖြစ်ဖြစ် ဗမာပြည်ဖြစ်ဖြစ် နိုင်ငံတွေ ရွေးမနေပါနဲ့ဗျာ။