နိုင်ဝင်းသီ - ကျိုက်ခေါက်
နိုင်ဝင်းသီ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၀
( တစ် )
အဲဒီတုန်းက ကျွန်တော်တို့ဟာ လေတိုက်ရာအရပ်ကို ဆန့်ကျင်ပျံသန်းခဲ့ကြတဲ့ မိုးတိမ်တွေ။ရှေ့မှာ ဘယ်လိုအဆီးအတားမျိုးပဲပိတ်ပင်ကာဆီးထားပါစေ။ အပိတ်အပင်အဆီးအတား မှန်သမျှကိုအားကောင်းသန်မာစွာနဲ့ စီးနင်းဖြတ်တိုက်သွားမယ့် မုန်တိုင်းတွေပေါ့။
ကျွန်တော်တို့ရဲ့ သန်လျင်မြို့ကလေးမှာ ကျိုက်ခေါက်ဘုရားပွဲ ဖြစ်နေပြီလား။ ရှည်လျားနေတဲ့ ဆံပင်တွေကို လက်နဲ့ သပ်တင်လိုက်။ အရောင်လွင့်နေတဲ့ ဂျင်းဘောင်းဘီကိုဝတ်။ ကျောပိုးအိတ်ထဲကို တီရှပ် သုံးလေးထည်ထိုးထည့်။ အမေ့ဆီက ငွေစက္ကူသုံးလေးရွက်တောင်းပြီး "ဘုရားကိုဘုရားကို" အော်ဟစ်နေတဲ့ စစ်လက် ကျန် ချက်ဗလက် ကားတစ်စီးပေါ်ကို ခုန်တက်ပစ်လိုက်။
ဖဲကြိုးနက်တစ်ခွေ ခင်းဖြန့်ထားသလို အခွေလိုက် အခေါက်လိုက်ဖြစ်နေတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ ကားဟာ မိနစ် နှစ်ဆယ်လောက် ကြာမြင့်အောင် မောင်းသွားပြီးပြီလား။လူတွေ၊ ဈေးဆိုင်တန်းတွေ၊ ပွဲရုံ၊ ဆပ်ကပ်၊မျက်လှည့်၊ ရုပ်သေး၊ ကြည့်ချင်ပွဲ အမျိုးမျိုးနဲ့ ရှုပ်ထွေးလှုပ်ခတ်နေတဲ့ ဘုရားပွဲခင်းထဲကို ရောက်ရှိလာခဲ့ပြီ။
ပွဲတော်ညဟာ အနံ့အသက်မျိုးစုံ။ အသံဗလံ မျိုးစုံ။အသွေးအရောင်မျိုးစုံ။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် လှိုင်းထနေတဲ့ လူအုပ်ကြီးဟာ အိနွဲ့လှုပ်ယိမ်းလို့။နိမ့်ချည် မြင့်ချည် ဖြစ်နေတဲ့ လူပင်လယ်ကြီးထဲမှာ ကျွန်တော်ဟာ ဘယ်ထိအောင် မျောပါသွားမှာပါလိမ့်။
လွင့်ချင်တဲ့အရပ်ကို လွင့်ထွက်သွားစမ်းပါစေကွာ။ ကုံရာသီရဲ့ ဟောဒီလို ညမျိုးတွေမှာ။ ညဥ့်နက်ကြယ်တွေတောင် နှင်းပြာတွေ ကြားက အတင်းတိုးထွက်ပြီး ပွဲတော်ညထဲကို ခုန်ချလာခဲ့ပြီ မဟုတ်လား။
( နှစ် )
သန်လျင်မြို့ကလေးမှာ မွေးဖွားခဲ့တဲ့ ကျွန်တော့်အတွက်တော့ ကျိုက်ခေါက်ဘုရားပွဲဟာ တအားကို ပျော်ရွှင်စရာကောင်းခဲ့တဲ့ ပွဲတော်တစ်ခုပါပဲ။။ " ဘုရားကို ..ဘုရားကို "လူခေါ်အော်ဟစ်သံကို ကြားလိုက်ရုံနဲ့တင် ကျွန်တော့်တို့ရဲ့ သွေးတွေထဲမှာ ပူနွေးဆူပွက်သွားခဲ့ပြီ။
တစ်မြို့တည်းသား သူငယ်ချင်းဟာ ဘုရားပွဲဖြစ်လေတိုင်း အထက်ရုံဘက်မှာ သံသေတ္တာဆိုင်လေးဖွင့်ပြီး နှစ်တိုင်းလိုလိုတက်ရောင်းပါတယ်။
ဘုရားပွဲတော်ရက် တစ်လျှောက်လုံးသူ့ရဲ့ ဆိုင်ခန်းလေးဟာ ကျွန်တော်တို့ရဲ့ နားခိုရာ အိုအေစစ်လေးပါပဲ။ နေဖို့လည်း မပူပင်ရ၊ စားဖို့ အိပ်ဖို့လည်း မပူပင်ရတဲ့ ကျွန်တော်တို့ဟာ ညဥ့်နက်သန်းခေါင် ဘယ်ဇာတ်ရုံထဲကို ဝင်ကြည့်ကြမလဲ။ မိုးအလင်း အောင်ပွဲခံနေတဲ့ ရုပ်ရှင်ရုံထဲကိုပဲ ဝင်ကြည့်မလား။ ဒီလိုမှမဟုတ်ရင် ဖွဲဖွဲလွင့်လွင့် နှင်းမှုန်တွေအောက်က ရုပ်သေးစင်ရှေ့မှာပဲ ဖျာကြမ်းလေးတစ်ချပ် ခင်းပြီး အရသာရှိရှိ သွားကွေးနေကြမလား။မြို့တော်သိန်းအောင်ရုံထဲလား။ လူငယ်ကြည်ခိုင်ရဲ့ ရွှေမန်းကျော်အောင် ဇာတ်ရုံထဲကိုလား။ လူသူ ကင်းရှင်းနေတဲ့အချိန် ဘုရားရင်ပြင်တော်ပေါ် တက်ပြီး လက်ဝဲရစ်လိုက်၊ လကျ်ာရစ်လိုက်နဲ့တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်နေမှာလား။
ဒါမှမဟုတ် ညလုံးပေါက် ကဖေးဆိုင်တစ်ဆိုင်ထဲ ဝင်ထိုင်ပြီး ညလုံးပေါက် ဂီတသံတွေအောက်မှာ ကိုယ့်ကိုကိုယ် ရက်ရက်စက်စက် ဖောက်ခွဲပစ်လိုက်ရမှာလား။
ဘုရားပွဲတော်ရက်တွေဟာ ကျွန်တော့်အတွက်တော့ လွမ်းမောစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေပါပဲ။ အခန်းတိုင်း အခန်းတိုင်းမှာ လွမ်းမောစရာအရိပ်တွေဟာ တစ်ရိပ်ပြီးတစ်ရိပ် ထိုးကျလို့။ လွင့်မျောနေတဲ့အရိပ်တွေကြားမှာ ကိုယ့်အရိပ် ကိုယ် ပြန်မြင်လိုက်ရရင်ပဲ ကျွန်တော်တို့ဟာ ဝမ်းနည်းသွားလိုက် ဝမ်းသာသွားလိုက်နဲ့။
မှတ်မိနေပါသေးတယ်။ " စေလိုရာစေ " ဇာတ်ကားနဲ့အတူ မင်းသားဇော်ဝမ်း အရမ်းကို နာမည်ကြီးသွားတဲ့ အချိန်။ အဲဒီ ကားထဲမှာ ဇော်ဝမ်း သီဆိုခဲ့တဲ့ "ကျောက်ခဲ " သီချင်းဟာ တအားကိုပေါက်သွားတဲ့အချိန်။ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် ကျောက်ခဲသီချင်းဟာ တအားကို လွင့်မြူးတောက်ပနေတဲ့အချိန်။
အဲဒီနှစ်ကဘုရားပွဲမှာ သန်လျင်မြို့မဈေးကြီးထဲက ဈေးသည်ကြီး တစ်ယောက်ပေါ့။သူ ကိုယ်စားလှယ်ယူရောင်းတဲ့ ကြယ်ငါးပွင့် ဆေးပေါ့လိပ်ကို သူများတွေနဲ့ ကွဲပြားခြားနားအောင် စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ ကြော်ငြာခဲ့ပါတယ်။
သူက ကျိုက်ခေါက်ဘုရားပွဲခင်းထဲမှာ ဆိုင်ခန်း အကျယ်ကြီး ယူလိုက်တယ်။ သူ့ရဲ့ဆိုင်ခန်းကို သူများတွေနဲ့ ကွဲပြားအောင် နှစ်ထပ်ဆောက်ပြီး အောက်ထပ်မှာ ဝါ စိမ်း နီ ပြာ ရောင်စုံမီးပွင့်တွေ တပ်ဆင်တယ်။ကြယ်ငါးပွင့် ဆေးပေါ့လိပ် ကြော်ငြာဘုတ်ကြီးတွေ ထောင်တယ်။
အပေါ်ထပ်မှာတော့ ကျွန်တော်တို့မြို့က ဂစ်တာသူရဲကောင်းတစ်ဦးဖြစ်တဲ့ကိုအောင်ထွန်းပေါ့။ ဟော်လိုဂစ်တာတစ်လုံးနဲ့ပေါ့။ ကျောက်ခဲသီချင်းပေါ့။
ဒီ့ပြင်သီချင်းတွေပါပေမဲ့ ကျောက်ခဲကတော့ အဓိက သီချင်းပေါ့။ Intro မှာကိုက လူတစ်ယောက် လမ်းလျှောက်လာတဲ့ solo မျိုးနဲ့ ကျောက်ခဲဟာ ချောက်ချားစရာ။ စဖွင့်လိုက်တဲ့ စကားလုံးတွေကလည်း လူငယ်တွေကို တအားကြွေသွားစေတဲ့ စကားလုံးမျိုး။
အဲဒီလိုစကားလုံးတွေနဲ့၊အဲဒီလို solo ဖွဲ့စည်းပုံမျိုးနဲ့ ၊ ကျောက်ခဲဟာ လူငယ်တွေ ကြားထဲကို အရှိန်ပြင်းပြင်းနဲ့ လိမ့်ထွက်လာခဲ့တာပေါ့။
ကိုအောင်ထွန်းဆိုတဲ့ အသားညိုညို ...အရပ် မြင့်မြင့်မားမားနဲ့လူဟာ ကျွန်တော်တို့မြို့ကလေးက ဂစ်တာသူရဲကောင်း။
သူ ဂစ်တာတီးတော့မယ်ဆိုရင် ဘားတွေဟာ မြင့်နေမှ။ ဂစ်တာကြိုးတွေဟာ သန်မာကြမ်းရှနေမှ။
တိတ်ဆိတ်အေးစက်နေတဲ့ ညတွေထဲမှာ သူ့ရဲ့လက်ချောင်းတွေကြားက လွင့်စဉ်ပြန့်ကြဲ ထွက်ကျလာတဲ့ ဂစ်တာသံအောက်မှာ ကျွန်တော်တို့ဟာ မူးရီမိန်းမောခဲ့ဖူး။ ဆွေးမြည့်လှိုက်မောစွာ သူ ဆိုညည်းခဲ့တဲ့ သီချင်းတွေအောက်မှာ ကျွန်တော်တို့ဟာ တစ်ညပြီးတစ်ည မျောပါနစ်မွန်းသွားခဲ့ဖူး။
အဲဒီနှစ်က ကိုအောင်ထွန်းဟာ ကြယ်ငါးပွင့်စင်မြင့်မှာ ကျောက်ခဲသီချင်းကို အခေါက်ပေါင်းများစွာ တစ်ကိုယ်တော် သီဆိုဖြေဖျော်ခဲ့။ သန်လျင်မြို့သူမြို့သားတွေကို လွမ်းတသသ ဖြစ်သွားစေခဲ့တဲ့ ကျိုက်ခေါက်ဘုရားပွဲတော်ရက်ပါပဲ။
နောက်တစ်နှစ် ဘုရားပွဲရက်ပါပဲ။ ခပ်လွင့်လွင့်ဖြစ်နေတဲ့ သူငယ်ချင်းသုံးယောက်ဟာ တွံတေးသိန်းတန်ဇာတ်ရုံ အနောက်ကနေပြီး ရုံထဲကို ခပ်တည်တည်နဲ့ ဝင်သွားခဲ့ကြတယ်။ ရုံအနောက်မှာ အစောင့်ရှိနေပေမယ့် "ကိုသိန်းတန်မှာထားလို့ဗျ" မင်သေသေနဲ့ ပြောပြီး ဝင်ချသွားလေတော့ အစောင့်ခမျာ
လည်း ဘာမှ မပြောသာဘူးထင်ပါရဲ့။ အထဲရောက်တော့ တွံတေးသိန်းတန်ဟာ ထွက်လုဆဲဆဲအနေအထား။ သူ့ခမျာလည်း အနယ်နယ် အရပ်ရပ်ကို လှည့်လာခဲ့တာ ဒီလိုလူမျိုးတွေနဲ့ မကြာခဏ ကြုံခဲ့ဖူးပါလိမ့်မယ်။ ဒါပေမဲ့ အခု သန်လျင်သားတွေကတစ်မျိုး။ သူနဲ့တွေ့လိုက်တာနဲ့ "ကျွန်တော်တို့က ကိုသိန်းတန်ရဲ့ အနုပညာကို အရမ်းလေးစားတန်ဖိုးထားတဲ့ လူငယ်တွေပါ" လို့ပြောပြီး သူ့ကိုလက်အုပ်ကလေးချီပြီး ထိုင်ကန်တော့လိုက်တယ်။ ကျေးလက်အဆိုတော်ကြီးဟာ ဘာပြောရမှန်း မသိအောင်ကို ဖြစ်သွားရှာပါတယ်။ သူ့ကို ချစ်ခင်လေးစားတဲ့စိတ်နဲ့ နွဲ့ဆိုး လာဆိုးနေမှန်းသိပေမယ့် ကျေးလက်အဆိုတော်ကြီးဟာ စိတ်မဆိုးရှာပါဘူး။ ပွဲပြီးသွားတဲ့အထိ ကျွန်တော်တို့ကို ဇာတ်ခုံထောင့်မှာထိုင်ခိုင်းပြီး သူ့ရဲ့ဇာတ်အဖွဲ့ကို အနီးကပ် အားပေးစေပါတယ်။ ကျွန်တော့်အတွက်တော့ လူ့ဘဝအသေးလေးနဲ့ တူတဲ့ ဇာတ်ခုံပေါ်ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခဲ့တာပါပဲ။
ပြောမယ်ဆိုရင်ပေါ့။ နွယ်ရိပ်သစ်ရိပ်နဲ့၊ လရောင်စိမ်းစိမ်းမှုန်မှုန်အောက်က ပဲခူးမြစ်နဲ့၊ လှပချောက်ချားဖွယ်ရာ ရာဇဝင်လာ ဇာတ်ဝင်ခန်းများနဲ့ကျွန်တော်တို့ရဲ့သန်လျင်မြို့ကလေးဟာ သိပ်ကို လွမ်းမောစရာကောင်းတဲ့ မြို့ကလေးပါ။ ထူးခြားတာတခုက အဲဒီလွမ်းမောစရာ အဖြစ်အပျက်တွေဟာ ကျိုက်ခေါက်စေတီတော်နဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်ချိတ်ဆက် နေတာပါပဲ။
ကျွန်တော် အမှတ်ထင်ထင် အဖြစ်ဆုံးကတော့ တောင်ငူဘုရင် နတ်သျှင်နောင်ရဲ့နောက်ဆုံးနေ့ရက်တွေနဲ့ ရှင်မွေ့နွန်း၊မင်းနန္ဒာတို့ရဲ့ ကြေကွဲဖွယ်ရာ အလွမ်းပြဇာတ်လေးပါပဲ။ ပြီး..တောင်ငူဘုရင်နဲ့သန်လျင်သူလေး" မြင့်ဘုန်းရှိ" တို့ရဲ့ မဆုံစည်းခဲ့လေသော အချစ်။ ပြီး...မမနီဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ဝဲစာပေအပေါ် ရူးသွပ်တိမ်းမူးခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ကြေကွဲကွေ့ကွင်းသွားခဲ့ရာ ဇာတ်သွားဇာတ်လာတချို့ .....
ကျောင်းသားဘဝတုန်းကဆိုရင် ကျွန်တော်တို့ဟာ ဘုရားပေါ်ကို အမြဲတမ်းလိုလို ရောက်သွားတတ်တာပေါ့။ ကျောင်းသားဘဝ ပြီးဆုံးသွားတော့လည်း ကျိုက်ခေါက်ဟာ ကျွန်တော်တို့ရဲ့ ဘဝထဲမှာ အခေါက်ခေါက် အခါခါ ။
ကျိုက်ခေါက်စေတီ ခြေတော်ရင်းကိုရောက်ရှိသွားခဲ့ပြီလား။ ဝန်ကြီးပဒေသရာဇာရဲ့ အုတ်ဂူရှေ့သွားပြီး နွေဦးကာလ မြူထသောအခါကို ကျွန်တော်တို့ဟာ ရွတ်ဆိုခဲ့ကြ။ ပြီးရင် မြောက်ဖက်စောင်းတန်းက နတ်သျှင်နောင်ရဲ့ အရိုးအိုး ဂူညိုညိုရှေ့သွားပြီး ဆွတ်ပျံ့ဘွယ်အောင်၊ ယုဂန်တောင်က၊ ဝေမှောင်အုံ့ပျ၊ နွေနှောင်းလကိုတစ်လုံးချင်း၊တစ်ပါဒချင်း ရွတ်ဆိုခဲ့ကြ။
ကဗျာတွေ ရွတ်ဆိုလို့ ပြီးစီးသွားပြီလား။
စာဆိုတော်ကြီးတွေကို ချစ်ခင်လေးမြတ်သောစိတ်နဲ့ ကျွန်တော်တို့ဟာ အလေးနီပြုခဲ့ကြ။
အဲဒီလို ကဗျာတွေ သွားရွတ်လို့လည်း မဆလခေတ်တုန်းက ပါတီယူနစ်ရုံးကို ရောက်သွားပြီး အမေးအမြန်း ခံလိုက်ရသေးတယ်။
ဘဝထဲမှာ အမြဲတစေ ဖြစ်တည်သွားမဲ့ရက်စွဲတချို့ပါပဲ။
( သုံး )
ဒီလိုနဲ့ပဲ........
ဘဝတွေဟာ မီးတောက်မီးလျှံကြားမှာ ကလို့ ခုန်လို့။ နေ့လည်ခင်း အော်ပရာတွေဟာ အခါမလပ် သွေ့ခြောက်ပူပြင်းလို့။ ပူလောင်အိုက်စပ်မှုတွေဟာ ညတွေထဲအထိ ပွတ်သပ်တိုးဝင်လို့။
နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ။
ကျွန်တော်တို့ဟာ အလင်းလား၊ အမှောင်လား သိပ်မသဲကွဲတဲ့ နှစ်ကာလတွေထဲမှာ လွင့်မျောပျံသန်းခဲ့တဲ့ မိုးတိမ်တွေ။
တချို့ဆိုရင် သံသရာ ခရီးရှည်ကြီးထဲကို လွင့်ထွက်သွားခဲ့ကြ။တချို့ဆို အဝေးတစ်နေရာမှာ။ တချို့များ ဘယ်ရောက်လို့ ရောက်နေမှန်းမသိအောင် အဆက်အသွယ်တွေဟာ စိမ်းကားပြတ်တောက်လို့။
ကျွန်တော်တို့ရဲ့လူငယ်ဘဝထဲမှာ အသေအချာရှိခဲ့ဖူးတဲ့ ကျိုက်ခေါက်ဘုရားပွဲတော်ကတော့ သိပ်မကြာခင်မှာပဲ စတင်တော့မှာပါ။ "ဘုရားကို ..ဘုရားကို"တစ်လမ်းဝင် တစ်လမ်းထွက် အော်ဟစ်မောင်းနှင်နေတဲ့ကားရောင်စုံနဲ့ သန်လျင်မြို့ကလေးဟာ ရှုပ်ထွေးလှုပ်ခတ်တော့မှာပါ။
ဒီနှစ်ဘုရားပွဲမှာ အဝေးရောက်နေတဲ့ ဆယ်လ်မွန်ငါးတွေထဲက ဘယ်သူတွေများ ကျိုက်ခေါက်စေတီ ခြေတော်ရင်းကို ဝပ်တွားခယ လာမယ်မသိ။
ကိုယ့်မြေကိုယ့်ရေပေါ် နင်းလျှောက်ရတဲ့ ခံစားမှုမျိုး။အထူးအားဖြင့် ကျိုက်ခေါက်ဘုရားပွဲတော်ညတွေထဲမှာ ပျော်ရွှင်တိုးဝှေ့ရတဲ့ အရသာဟာ ဘယ်လိုအရာမျိုးနဲ့မှ မတူနိုင်ဘူးဆိုတာ အဝေးရောက်နေတဲ့သန်လျင်သားတိုင်း သိကြပါတယ်။
ဘယ်သူတွေဘာပဲ ပြောနေပြောနေကျိုက်ခေါက်ဟာ ကျွန်တော်တို့အတွက်တော့ ဆွေဘုရား မျိုးဘုရား။ ကျိုက်ခေါက်ဟာရွှေသား ရွှေစင် ရွှေမျှင် ရွှေခက်တွေနဲ့ စိမ်းမြလက်ပနေတဲ့ ကျွန်တော်တို့သန်လျင်မြို့သားတွေရဲ့ ဇမ္ဗူရစ်ရွှေတောင်။
ပွဲတော်ညတွေကို တွေးကြည့်ရုံနဲ့တင် အေးစက်နေတဲ့ နာရီလက်တံတွေဟာ ပူနွေးတုန်ရီလာခဲ့ပြီ။
ဟိုတစ်ရက်လေးကတင် မမျှော်လင့်ဘဲနဲ့ အိမ်ရောက်လာခဲ့တဲ့ သူငယ်ချင်းမတစ်ယောက်ကို ကျိုက်ခေါက်ဘုရား လိုက်ပို့ပေးခဲ့ရ။
ကျွန်တော်တို့ ဘုရားပေါ် ရောက်သွားတဲ့အချိန်ဟာ နံနက်စောစောဖြစ်နေလို့လားမသိ။ စေတီရင်ပြင်ပေါ်မှာ လူသူကင်းရှင်းပြီး တိတ်ဆိတ်အေးငြိမ်းလို့။ နှင်းရနံ့ပါတဲ့ဆောင်းလေဟာ ရင်ပြင်တော်ပေါ်မှာ လှည့်ပတ်ပြေးလွှားလို့။
"ဘုရားပေါ် မရောက်တာတောင် ကြာမြင့်လှပြီ။ဘယ်လောက်တောင် ကြာနေလည်းဆိုတာ ကိုယ့်ကိုကိုယ်တောင် မမှတ်မိချင်တော့ဘူး။မရှိတော့တဲ့ သူငယ်ချင်းတွေကို အရမ်းသတိရတာပဲ။အဝေးကိုရောက်နေတဲ့သူငယ်ချင်းတွေကိုလည်း သတိရပါတယ်"
ကျွန်တော့်ကို ကျောပေးပြီး တိုးတိုးညင်ညင်လေးပြောနေပေမဲ့ သူမရဲ့စကားလုံးတွေဟာ ထိခိုက်ကြေကွဲစရာ။ အခုလို အချိန်မျိုးမှာ သူမဟာ တစ်စုံ တစ်ယောက်ယောက်ကို နာနာကျင်ကျင်နဲ့ သတိရနေနိင်တာပေါ့။ အချိန်ကာလတစ်ခုအောက်မှာ အားလုံးဟာ ပြီးစီးသွားနိုင်ပေမဲ့ အဆုံးမသတ်နိင်သေးတဲ့ အရာတချို့လည်း ရှိနေတတ်ကြသေးတာပဲ မဟုတ်လား။ တချို့တချို့သောဘဝတွေထဲမှာ။
ရင်ပြင်တော်ပေါ်မှာ ခရေပန်းရနံ့ဟာ သင်းရီမွှေးဝေလို့။ ဆည်းလည်းခတ်သံ သဲ့သဲ့ညင်ညင်ဟာ တိုးရီအေးလွင်လို့။
ခဏလောက်နေတော့ သူမဆီက စကားပြောသံဟာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့။ အာရုံဟာ ဓမ္မရိပ်ဆီ တိုးဝင်နွေးလျသွား။
စိမ်းမြငြိမ်းအေးမှုဟာ သူမနဲ့ အနီးကပ်ဆုံးနေရာမှာ ကြည်လင်အေးသက်လို့။
သူမ ဘုရားဝတ်ပြုနေတဲ့အချိန်မှာ တိုးတိုးတိတ်တိတ်လေး ကြွေလွင့်ကျလာတဲ့ ခရေပွင့်ချွန်ချွန်ဝိုင်းဝိုင်းလေးတွေကို ငေးရီကြည့်နေရင်း ဘုန်းနေသွန်း ရေးဖွဲ့ထားခဲ့တဲ့ကဗျာလေးတစ်ပုဒ်ကို လွမ်းလွမ်းဆွေးဆွေးနဲ့ သတိရနေမိတော့တယ်။
သန်လျင်
´´´´´´´´´´´
ပြီးခဲ့သောတရားများထဲ
မသေပန်းတစ်ပွင့်လို စိမ်းလန်းတယ်
လမ်းကမ်းမမြင်ရာ
သစ္စာတရားဟာ ငမိုးရိပ်ရဲ့အာခံတွင်းမှာ အဆုံးသတ်ရမလား
ဆံပင်တွေနဲ့ရှို့လို့ မီးခိုးချင်းကူးစက်ခဲ့ပြီ
နိမိတ်ပုံအရ
မြေကပ်ပန်းတွေက ဆဗားနားဆန်ပြီး
ဖြစ်စဉ်အရ
ဒုတိယကောင်းကင်တော်၊ကျိုက်ခေါက်စေတီကိန်းဝပ်ရာ
နွယ်ရိပ်သစ်ရိပ်
မွေးညင်းနုစိမ်းမြို့ကလေး
ရပ်ရှစ်ခွင်
ကျေးလက်ဆန်ဆန်၊" ဒါဒါ" အဝါမြို့ကလေး
ရာဇဝင်တွေ ရင်ဘတ်ထဲမှာ အပြည့်အသိပ်
ဝိညာဉ်ရှိတဲ့မြို့ကလေး
သူ့ရဲ့ရင်ခွင်မှာ ပဲခူးမြစ်စီးဆင်းပြီး
ပဲခူးမြစ်ရင်ခွင်မှာ ခေတ်အဆက်ဆက်စီးဆင်းရာ မြို့ကလေး
" နွေဦးကာလ မြူထသောအခါ "
ငဇင်ကာ ၊ နတ်သျှင် ၊ " သူဇာ "
မျက်လုံးတွေကို လွှတ်တင်ကြည့်တော့
တိမ်စိုင်တွေက သေးသေးငယ်ငယ်
" ခိုင် " ရယ် " မောင် " ရယ်
ချစ်ခြင်းတရားဟာ ခူးဆွတ်လို့မရ
ကြိုးညှိလို့လည်း မရတော့ပြီ ။ ။
ဘုန်း နေ သွန်း
Dadism ....... ဒါဒါဝါဒ
သူဇာ ...........ဝန်ကြီးပဒေသရာဇာရဲ့ .. သူဇာပျို့
ခိုင် ............ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်ထဲ" ...မှ
( နိုင် ဝင်း သီ )