Breaking News

မောင်ရစ် - အာဏာတွေ အကြိမ်ကြိမ်သိမ်းပြီး နောက်နေ့တွေအတွက် ငါတို့၏ သဘောထား



မောင်ရစ် - အာဏာတွေ အကြိမ်ကြိမ်သိမ်းပြီး နောက်နေ့တွေအတွက် ငါတို့၏ သဘောထား
(မိုးမခအယ်ဒီတာ့လက်ရေး) ဖေဖော်ဝါရီ ၂၊ ၂၀၂၁



မိုးမခမိတ်ဆွေတို့ ... ရဲဘော်တို့ ...

ဒါမျိုးအခြေအနေတွေ ကျနော်တို့ ကြုံခဲ့ပြီးပါပြီ။ အဆက်အသွယ်တွေ ဖြတ်တောက် ပြတ်တောက် ဖမ်းဆီး ထိန်းသိမ်းခံကြရတဲ့ကြားထဲကလည်း ကြံ့ကြံ့ခံပြီး သတင်းတွေ သဘောထားတွေ ရပ်တည်ချက်တွေ တင်ဆက်နိုင်ခဲ့ကြပါတယ်။ မိတ်ဆွေတွေနဲ့လည်း သေကွဲ ရှင်ကွဲ ကွဲခဲ့ကြပေမယ့် အမှန်တရားနဲ့ တရားမျှတမှုအတွက် ကျနော်တို့ ဘယ်တုန်းကမှ အလျော့မပေးခဲ့ကြပါဘူး။

တဦးချင်းဆီမှာ ဖြတ်သန်းမှု တသက်တာ၊ မိုးမခဆီမှာ ဖြတ်သန်းမှု ၁၅ နှစ် ကျော် ရှိခဲ့ပြီး ဖြစ်ပါတယ်။ သည်အခြေအနေဟာ ကျနော်တို့အတွက် မထူးဆန်းပါဘူး။ ကိုဗစ်ကို မကြုံဘူးခဲ့ပေမယ့် အာဏာရှင်ကပ်ဆိုးကို ဖြတ်သန်းနေဆဲဆိုတာကို ကျနော်တို့ ဘယ်တော့မှ မမေ့ခဲ့ မပေါ့ခဲ့ပါဘူး။

အခု ကျနော်တို့ မိုးမခရဲဘော်တွေအနေနဲ့ မိုးမခစာဖတ်သူတွေအတွက် အမှန်တရား တရားမျှတမှုနဲ့ ခါးသီးမှုတွေကိုပဲ ဆက်ပြီး တင်ဆက်သွားဦးမှာပဲ ဖြစ်ပါတယ်။ မိုးမခနာယကကြီးတွေ ဖြစ်တဲ့ ကွယ်လွန်သူ ဦးဝင်းတင်၊ ဦးတင်မိုး၊ ကြေးမှုံဦးသောင်းတို့ ထုံး နှလုံးမူကြရမှာ ဖြစ်တယ်။ လက်ရှိနာယကကြီးတွေဖြစ်တဲ့ စစ်အာဏာကို ဒူးမထောက်တဲ့ မောင်စွမ်းရည်၊ မောင်မိုးသူ၊ မာမာအေး၊ ဝင်းဖေတို့၏ ကျောရိုးတွေနဲ့ ကျနော်တို့ ဆက်ရပ်တည်ကြမှာ ဖြစ်ပါတယ်။

မိုးမခဝိုင်းတော်သားတွေထဲမှာ ဘယ်တုံးကမှ သစ္စာဖောက်တွေ တွေဝေပျော့ညံ့သူတွေ အညံ့ခံအလျော့ပေးသမားတွေ နောက်ဆုတ်ထွက်ခွာသူတွေ မရှိခဲ့ဖူးဘူး။ အခုလည်း စစ်အာဏာရှင်တွေက မြန်မာပြည်လွတ်မြောက်ရေးရဲ့ လည်မြိုကို တက်နင်းထားချိန်မှာ ဆက်ပြီး ရုန်းကန် တွန်းလှန်ကြရမှာ ဖြစ်ပါတယ်။

တဦးကို တဦး လက်တွဲညီညွတ်စွာဖြင့် ကျနော်တို့ ဆက်ချီတက်ကြမည်။ တဦးကိုတဦး အမြဲတန်း ထိတွေ့ထားကြမည်။ အချိတ်အဆက်ပြတ်တောက်သော်လည်း ကိုယ့်အလုပ် ကိုယ့်နေရာကနေ အစွမ်းကုန် ဆက်လုက်နေကြမည်ဆိုတာကို ကျနော်တို့ ယုုံကည်ပါတယ်။

လေးစားစွာဖြင့်
မောင်ရစ်