Breaking News

ဧရာ(မန္တလေး) - အမည်ခံဒီမိုကရေစီအောက်က ကျားဖြူတကောင်



ဧရာ(မန္တလေး) - အမည်ခံဒီမိုကရေစီအောက်က ကျားဖြူတကောင်

(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၁


Netflix ကနေ White Tiger ကို ကြည့်ရင်း 2011 ခုနှစ်တုန်းက ဘလော့ပေါ်မှာ ရေးခဲ့ဖူးတာကို သတိရလို့ ပြန်တင်လိုက်ပါတယ်.... ။

*** *** ***

လုပ်ဖော်ကိုင်ဖက် အိန္ဒိယနိုင်ငံသားတွေနှင့် စကားစပ်မိရင်း Avravind Adiga ရေးတဲ့ The White Tiger ဝတ္တုကို ငှားဖတ်ဖြစ်ခဲ့ပါတယ်။ ဆင်းရဲသားဘဝကနေ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်လာခဲ့တဲ့ Balram Halwai က အိန္ဒိယနိုင်ငံ၏ သရုပ်မှန်ကို ဖွင့်ထုတ်ဖို့အတွက် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဆီ ရေးသားပေးပို့လိုက်တဲ့ e-mail စာရှည်ခုနှစ်စောင် အဖြစ်နဲ့ ဝတ္ထုကို ရေးထားတာပါ။ ဇာတ်လမ်းအနေနှင့် သိပ်စိတ်ဝင်စားစရာ မရှိလှပေမယ့် အိန္ဒိယရဲ့ အမှောင်လောကကို သရုပ်ဖော်သွားပုံနှင့် အမြင်အချို့ကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

အိန္ဒိယလို့ပြောလိုက်ရင် Call Center လို အမေရိကရဲ့ outsourcing လုပ်ငန်းတွေနှင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ ဘန်ဂလိုတို့, မွန်ဘိုင်းတို့လို မြို့တွေကိုပဲ ကမ္ဘာကအသိများကြပါတယ်။ စိတ်ဝင်စားကြပါတယ်။ ဒီဝတ္ထုရဲ့ အဓိကဇာတ်ဆောင်ကြီးပြင်းခဲ့တဲ့ ဂင်္ဂါမြစ်ကမ်းရိုးတန်းတလျှောက်က ကုန်းတွင်းပိုင်း ကျေးလက်ဒေသကို အမှောင်လောကလို့ တင်စားထားပါတယ်။ ဒီလိုအမှောင်လောကမှာ ရှင်သန်နေကြတဲ့ ဆင်းရဲသားလူများစုဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဖို့အတွက် မြေရှင်ကြီးတွေကို ခယဝတ်တွားပြီး သူတို့ရဲ့ ချွေးနည်းစာတွေထဲကနေ ခွဲဝေပေးနေရတယ်။ ယုတ်စွအဆုံး လံချားဆွဲစားသူကတောင် သူ့ဝင်ငွေရဲ့ သုံးပုံတစ်ပုံလောက်ကို ခွဲဝေပေးနေရတယ်။ နိုင်ငံရေးသမား အာဏာပိုင်များရဲ့ အကျင့်ပျက်ခြစားမှုကြောင့် ပညာရေး, ကျန်းမာရေးစတဲ့ အခြေခံအဆောက်အအုံတွေကလည်း ပျက်စီးနေတယ်။ ရေသိုးမြောင်းကောင်းကောင်း မရှိ။ လျှပ်စစ်မီး လုံလုံလောက်မရှိ။ ဆေးရုံမှာ ဆရာဝန်မရှိ။ ဆရာဝန်တွေက အစိုးရဆေးရုံတွေမှာ မထိုင်ပဲ စာရင်းညာပြပြီး၊ အပြင်ဆေးခန်းတွေမှာ ရောက်နေကြတယ်။ ကျောင်းတွေမှာ နေ့လည်စာအတွက်, ကျောင်းဝတ်စုံအတွက် အစိုးရကထုတ်ပေးထားပေမယ့် ကျောင်းဆရာတွေက စားလိုက်လို့ ကျောင်းသားတွေ မရကြပါဘူး။ ဒါပေမယ့် ဒီလိုပျက်စီးနေတာကို အပြစ်မမြင်ကြဘူး။ “ငါလည်း သူတို့ နေရာရောက်ရင် ဒီလိုပဲလုပ်မှာပါ” လို့တွေးနေကြတာကိုး။ “ပိပိရိရိ လုပ်တတ်ကြပေရဲ့”လို့တောင် အချို့က ကြိတ်ပြီး ချီးမွမ်း နေတတ်ကြသတဲ့။

ဒီတော့ ဒီလိုအမှောင်လောကထဲမှာ လူတွေက သက်တမ်းစေ့ မနေနိုင်ဘဲ တီဘီလိုရောဂါမျိုးတွေနဲ့ သေကြရတယ်။ ကျောင်းသားတွေကလည်း ပညာကို ဆုံးအောင်မသင်နိုင်ခဲ့ကြလို့ စာရေးတတ် ဖတ်တတ်ပေမယ့် ကိုယ်ဖတ်တဲ့စာ ဘယ်အဓိပ္ပါယ် ပေါက်တာ မသိတဲ့ မတောက်တခေါက်, မကျက်တကျက် (half-baked) တွေ။ ပညာကို ဆုံးခမ်းတိုင်အောင် သင်ပြီး တက္ကသိုလ်တွေကနေ ဘွဲ့ရလာသူတွေကတော့၊ ကုမ္ပဏီတွေမှာ အလုပ်ဝင်၊ အဝတ်အစား ကျကျနနဝတ်ပြီး သူများခိုင်းတာလုပ်ရင်း သူတို့ဘ၀ ကုန်ဆုံးသွားရတယ်။ စီးပွားရေးသမားဖြစ်လာသူတွေက သူလို “မကျက်တကျက်” တွေပါလို့ အဓိကဇာတ်ဆောင် Balram Halwai က သရော်သလို ပြောပြသွားတယ်။

စာရေးသူ အဓိကပြောချင်တဲ့ အချက်တစ်ခုက “ဘာကြောင့် အမှောင်လောက ဆင်းရဲမွဲတေမှုဘဝကနေ ရုန်းမထွက်နိုင်သလဲ” ဆိုတဲ့ ကိစ္စပါ။ ဒါကို သူက ကြက်လှောင်ချိုင့် (Rooster Coop) တစ်ခုနဲ့ နှိုင်းယှဉ်ပြတယ်။ သံဇကာ လှောင်ချိုင့်ထဲမှာ ပြည့်ကြပ်နေတဲ့ ကြက်တွေဟာ တစ်ကောင်နဲ့ တစ်ကောင် တိုးဝှေ့တိုက်ခိုက်ပြီး အသက်ရှုဖို့ ကြိုးစားနေရတယ်။ ဒီလှောင်ချိုင့်အပေါ်က သစ်သားစဉ်းတုံးပေါ်မှာတော့ လောလောလပ်လပ် ခုပ်ထစ်ထားတဲ့ အသားတုံးတွေ, ကလီစာတွေတင်ထားပြီး သွေးတွေနဲ့ ပေကျံနေတယ်…။ လှောင်ချိုင့်ထဲက ကြက်တွေက သူတို့နောင်တော်တွေရဲ့ ကလီစာတွေကို မြင်နေရတယ်။ သွေးနံ့တွေ ရနေတယ်။ နောက် သူတို့အလှည့်ဆိုတာလဲ သိကြပါတယ်။ ဒါပေမယ့် ဒီလှောင်ချိုင့်ထဲက ရုန်းမထွက်ကြဘူး။ ဒီနိုင်ငံက လူတွေရဲ့ အဖြစ်က ဒီအတိုင်းပါပဲတဲ့။

ဒါကလည်း အိန္ဒိယမှာ နှစ်ပေါင်းများစွာ သန္ဓေတည်လာခဲ့တဲ့ ကျွန်စိတ် (servitude) ကြောင့်လို့ စာရေးသူကဆိုတယ်။ ရာမမင်းအပေါ်မှာ သစ္စာရှိရှိ နာခံအမှုထမ်းခဲ့တဲ့ ဟာနုမာန်မျောက်မင်းကို ကိုးကွယ်ခဲ့ကြပြီး၊ အင်္ဂလိပ်တွေက ထပ်အသက်သွင်းပေးခဲ့တဲ့ ဒီကျွန်စိတ်ကြောင့် လှောင်ချိုင့်ထဲမှာ ပိတ်နေရတယ်လို့ ဆိုပါတယ်။ ဘယ်လောက်များ ဒီကျွန်စိတ်က ပြင်းသလဲဆိုရင် … လွတ်မြောက်ဖို့အတွက် သော့ကို လက်ထဲထိုးထည့်ရင်တောင် သော့ကို ပြန်လွင့်ပစ်ပြီး ဆဲလိမ့်မယ်တဲ့။

ဒုတိယအနေနဲ့လည်း လွတ်မြောက်မှုနဲ့ မိသားစုဘဝကို ချိန်ဆကြရတဲ့အခါ လွတ်မြောက်မှုထက် ကိုယ်ဆွေမျိုးသားချင်း, မိသားစုတွေရဲ့ စားဝတ်နေရေးကိုပဲ ငဲ့လိုက်ကြရတာမျိုး တွေရှိတယ်။ ဖိနှိပ်သူမြေရှင်ကြီးတွေ, အကျင့်ပျက်အစိုးရအရာရှိကြီးတွေက ဒီအားနည်းချက်ကိုသိတော့ တစ်စုံတစ်ဦးက မိမိတို့သြဇာရိပ်အောက်က ရုန်းထွက်ဖို့ကြိုးစား လာရင် သူတို့ရဲ့ မိသားစုဝင်တွေကို ခြိမ်းချောက် ဒုက္ခရှာကြတယ်။ ဒီတော့ ကိုယ့်သားသမီး ကိုယ့်ဆွေမျိုးတစ်ဦးဦးက လွတ်မြောက်ဖို့ ကြိုးစားမယ်ကြံရင် မိသားစုဝင်တွေကပဲ စပြီးဝိုင်းတားကြ, ဖျက်ကြတော့တာပေါ့။

စာရေးသူက ပြောပြသွားတဲ့ ဒီကြက်လှောင်ချိုင့်ဥပမာက သိပ်ထိရောက်ပေမယ့် သူဆက်ရေးပြသွားတဲ့ ဇာတ်လိုက် Balram ရဲ့ လွတ်မြောက်ရေးကတော့ စနစ်တစ်ခုကို တော်လှန်ခြင်းမျိုးမဟုတ်ဘဲ၊ ပုဂ္ဂလိက လွတ်မြောက်မှုတစ်ခုပါပဲ။ ဘာမှအကြောင်းခိုင်လုံမှုမရှိဘဲ သူ့အလုပ်ရှင်ကို သတ်, ငွေတွေယူ, ထွက်ပြေးပြီး ဘန်ဂလိုမြို့မှာ စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်ပါတယ်။ အကျင့်ပျက်အရာရှိတွေနဲ့ ပေါင်းပြီးလုပ်တဲ့အတွက် အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်သွားပါတယ်။ လွတ်မြောက်မှုလို့ ဆိုကောင်းဆိုနိုင်ပေမယ့် သူကိုယ်တိုင်က ဒီစနစ်ဆိုးကြီးကို ဆက်လက်ရှင်သန်စေတဲ့ အစိတ်အပိုင်းတစ်ခု ဆက်ဖြစ်နေတဲ့အတွက် စာရေးသူက ထွက်ရပ်လမ်းမှန်ကို ပြသွားနိုင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ထွက်ရပ်လမ်းအစစ်မရှိတာကိုပဲ ရေးပြလိုတာလားတော့ မသိပါ။ ဇာတ်သိမ်းကို ဘဝင်မကျနိုင်တာကတော့ အမှန်ပါပဲ။

စာရေးသူက သူတို့အိန္ဒိယမှာ “ရေသိုးမြောင်းမရှိ, လျှပ်စစ်မီးမရှိ, လမ်းပမ်းဆက်သွယ်ရေး ကောင်းကောင်းမရှိပေမယ့် ဒီမိုကရေစီတော့ရှိတယ်” လို့ခပ်ထေ့ထေ့ ပြောသွားပါသေးတယ်။ အိန္ဒိယဟာ တရုတ်နိုင်ငံလောက် အခြေခံ အဆောက်အအုံကောင်းတွေ မရှိသေးတာကြောင့် ကုန်ထုတ်လုပ်ငန်းလို စီးပွားရေးမျိုးတွေ ဖွံ့ဖြိုတိုးတက်မှု ကောင်းကောင်းမရှိသေးတာကတော့ ငြင်းစရာမရှိပေမယ့် “ဒီမိုကရေစီဟာ စီးပွားရေးဖွံ့ဖြိုးမှုရဲ့ အဟန့်အတားများ ဖြစ်နေမလား” ဆိုတဲ့ အချက်ကို လက်မခံနိုင်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတွေဟာ အမြစ်တွယ်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှု, လူများစု ဆင်းရဲသားလူတန်းစားတွေရဲ့ ပညာရေးအဆင့်အတန်း နိမ့်ပါးနေသေးမှု, ဇာတ်ခွဲခြားမှုလို စနစ်မျိုးတွေကြောင့် နာခံစိတ် (သို့မဟုတ်) ကျွန်စိတ်မကုန်သေးမှု တွေကြောင့်လို့ ထင်ပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာ ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေ ပေါင်းစားသွားတဲ့ အမည်ခံသက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှု, အခွင့်အလမ်းတူညီမှု, တရားမျှတမှုတွေရှိမှသာ ဒီမိုကရေစီက အသက်ဝင်နိုင်ပါလိမ့်မယ်။