Breaking News

တပ်မတော်က အာဏာသိမ်းပြီလား

တပ်မတော်က အာဏာသိမ်းပြီလား

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၁

ဖေဖော်ဝါရီ ၁ ရက် မနက် ၂ နာရီလောက်ကစပြီး အင်တာနက်ဖုန်းလိုင်းအချို့ စတင် ဖြတ်တောက်ခံရပါတယ်။
မကြာခင်မှာပဲ အင်န်အယ်ဒီအစိုးရနဲ့ မီဒီယာများနဲ့ နီးစပ်သူတို့၏ သတင်းရင်းမြစ်များကနေ အစိုးရဝန်ကြီးများ အမတ်များ ပါတီခေါင်းဆောင်များ အသီးသီး မြန်မာပြည်အနံ့ အိမ်များ ရုံးများကနေ တပ်မတော်က လာရောက်ခေါ်ဆောင် ထိန်းသိမ်းလိုက်ကြောင်း သတင်းတွေ တက်လာပါတယ်။

တိုင်းနဲ့ ပြည်နယ်များက ဝန်ကြီး ဝန်ကြီးချုပ် ပါတီခေါင်းဆောင်တွေ အားလုံးနီးပါးကို စစ်တပ်က ဖမ်းထားကြောင်း၊ နေပြည်တော်ကိုလည်း စစ်တပ်က ပိတ်ဆို့ထားပြီ ဖြစ်ကြောင်း တယ်လီဖုံးနဲ့ အင်တာနက် မပြတ်တောက်ခင် အချို့ အထိန်းသိမ်းခံ ကာယကံရှင်နဲ့ သက်ဆိုင်ရာမိသားစုဝင်တို့က ဖေ့စ်ဘွတ်ပေါ်မှာ အကြောင်းကြားစာတွေ တင်ခဲ့ကြတာကို တွေ့ရပါတယ်။

အတည်မပြုသေးတဲ့ ခန်မှန်းချက်တွေကတော့ မနက်မှာ မင်းအောင်လှိုင်နဲ့ ထိန်းသိမ်းခံများ တွေ့ဆုံပွဲ ဆွေးနွေးပွဲ ထုတ်ပြန်ပွဲတွေ လုပ်လိမ်မယ်လို့ ဆိုပါတယ်။ အချို့ အထိန်းသိမ်းမခံရသေးတဲ့ အမတ်တွေ အစိုးရဝန်ကြီးတွေ ရှိနိုင်သေးတဲ့အကြောင်းနဲ့ တချို့ အမတ်တွေ ဝန်ကြီးတွေ ကိုယ်တိုင်ကလည်း အတည်ပြုချက်မပေးနိုင်သေးလို့ မဝေခွဲနိုင်ဖြစ်နေကြတယ် ဆိုပါတယ်။

ဆက်လက် တင်ဆက်ပေးပါမည်။

အစိုးရနဲ့ ပါတီဝင်မဟုတ်တဲ့ ၈၈ မျိုးဆက်များ တက်ကြွ လှုပ်ရှားသူများ၊ သတင်းသမားများကိုလည်း ဆက်လက်ဖမ်းဆီးနေတယ်လို့ သတင်းများက ဆိုပါတယ်။

(မိုးမခ မီဒီယာ)