မိုးဖွဲ့တိမ် - အိမ်မြှောင်
(မျက်ပေတုံးကောင်တစ်ကောင်ရဲ့အိမ်မြှောင်)
မိုးဖွဲ့တိမ်
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၁
အိမ်မြှောင်။
အိမ်မြှောင်တစ်ကောင် အိမ်ထဲမှာ ရှိနေပြီဆိုရင် သေပြီ။
တကယ်က အိမ်တစ်အိမ်မှာ အိမ်မြှောင်တစ်ကောင်ရှိနေတာကိုက လာဘ်တိတ်တာ။
တချို့က အိမ်မြှောင်စုတ်ထိုးရင် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး လျှောက်ဖောနေကြတယ်။
အမှန်က အဲဒီလိုမဟုတ်ဘူး။ အိမ်မြှောင်ဟာ စုတ်ထိုးထိုး စုတ်မထိုးထိုး အိမ်မြှောင်ဟာ ဘယ်သောအခါမှ လူ့လောကကြီးရဲ့ လာဘ်ကောင်တစ်ကောင် ဖြစ်လာမှာမဟုတ်ဘူး။ သူ့ပုံစံကိုလည်း ကြည့်ဦးလေ။ မိကျောင်းမျိုးစိတ်တစ်ခုလိုပဲ။ မိကျောင်းနဲ့မတူတာဆိုလို့ ကြီးမားတဲ့ခွန်အားမရှိဘူး၊ ကြမ်းတမ်းတဲ့အရေခွံမရှိဘူး။ အကောင်သေးသေးလေးနဲ့ ပြောင်ချောချောကြီး။
အိမ်မြောင်ရဲ့အားသာချက်က အကန့်အသက်မရှိတာပဲ။ ဒီကောင်တွေရဲ့ထူးခြားချက်က အဲဒါပဲ။
အကန့်အသတ်မရှိတာ။ အိမ်မြှောင်တွေမှာ နံရံဆိုတာမရှိဘူး။ အထက်အောက်မရှိဘူး။ ဘေး ဘယ် ညာဆိုတဲ့ ဦးတည်ချက်တွေမရှိဘူး။ မြောက်အရပ် ညွှန်ပြကိရိယာကို ဘာကြောင့်များ သံလိုက်အိမ်မြှောင်ဆိုပြီး နာမည်ပေးခဲ့ကြပါလိမ့်။ ကျွန်တော်စဉ်းစားလို့ကိုမရတာ။
ရှေးပညာရှိကြီးတွေလည်း တကယ်တော့ အိမ်မြှောင်ဆိုတဲ့ဝေါဟာရကို သိပ်သဘောပေါက်ကြပုံမရဘူး။ “သံလိုက်မြောက်အရပ်ညွှန်တံ” လို့ နာမည်ပေးလိုက်ရင်ကော မရဘူးလား။ ရတယ်။ ဒါပေမယ့် ပညာရှိဆိုတဲ့ပညတ်ဆရာကြီးတွေက သံလိုက်အိမ်မြှောင်လို့ပဲ ခေါင်းမာမာနဲ့ မှည့်ခေါ်ခဲ့ကြပုံပါပဲ။ အခြေခံကျကျစဉ်းစားလိုက်ရင်တော့ ပညာရှိကြီးတွေထဲမှာလည်း အိမ်မြှောင်တစ်ကောင်ရှိချင်ရှိနေမှာလေ။ ပြောလို့မှမရတာ။
ဒီလိုပြောရတာက အကြောင်းရှိတယ်။ အိမ်မြှောင်တွေရဲ့ နေပုံထိုင်ပုံနဲ့ အသက်ရှူပုံ၊ ရှင်သန်ဖြတ်သန်းပုံကို ကျွန်တော့်လောက် ဘယ်သူမှမသိဘူး။ တကယ်ပြောတာ။ တကယ်က ကျွန်တော်တကယ်ပြောတယ်ဆိုတာလည်း ရွှီးနေတာမျိုးဖြစ်ချင်ဖြစ်နေမှာ။ ရွှီးနေတာဟုတ်မဟုတ်ဆိုတာ အောက်က အကြောင်း အရာတွေကိုကြည့်ပြီး မိတ်ဆွေအနေနဲ့အကဲခတ်မိနိုင်ပါတယ်။ မိတ်ဆွေဟာ ခပ်ထက်ထက် လူတစ်ယောက်ဖြစ်မယ်ဆိုရင်ပေါ့လေ။
အကယ်၍များ မိတ်ဆွေဟာ ခပ်တုံးတုံးကောင်တစ်ကောင်/ကောင်မတစ်ကောင်မဆိုရင်တော့ ဘယ်သိနိုင်လိမ့်မလဲလေ၊ နော။ ဒီလိုပြောရတာက မိတ်ဆွေကိုနှိမ်တာမဟုတ်ဘူး။
ကျွန်တော်ကိုယ်တိုင်ကလည်း ခပ်တုံးတုံးကောင်တစ်ကောင်ဖြစ်ခဲ့တာကိုး။ မိတ်ဆွေဟာ ခပ်တုံးတုံးကောင်တစ်ကောင်ဆိုတာ သေချာနေပြီဆိုရင် မပူနဲ့။ မိတ်ဆွေမှာ အဖော်ရှိတယ်။ အဲဒါဟာ တစ်ခြားသူမဟုတ်ဘူး။ ဒီစာကိုရေးနေတဲ့ ကျွန်တော်ကိုယ်တိုင်ပဲ။
ကျွန်တော် အိမ်မြှောင်တစ်ကောင်ကို စတွေ့တုန်းက မှတ်မိသေးတယ်။ မှတ်မိတယ်ဆိုတာ သိပ်ထူးထူးခြားခြားကြီးမှတ်မိနေတာမျိုးတော့မဟုတ်ဘူး။ ဆိုလိုတာက အသေးစိတ်မမှတ်မိတာမျိုးကို ပြောတာ။ သဘောတရားလောက်ပဲ မှတ်မိနေတဲ့ မှတ်ဉာဏ်မျိုးပေါ့။
တကယ်က ကြောင်တောင်တောင် မှတ်ဉာဏ်မျိုးပါပဲ။ လူတိုင်းဖြစ်ဖူးတဲ့ မှတ်မိသလိုလို မမှတ်မိသလိုလို အဖြစ်မျိုးပေါ့။ အဲဒီနေ့က ကျွန်တော်ပန်းချီပြပွဲတစ်ခုမှာပါပဲ။
ကိုယ့်ဂုဏ်ကိုယ်ဖော်ရရင် ကျွန်တော်က ပန်းချီဆရာပေါက်စလေးပေါ့။ အဖွဲ့လိုက်ပန်းချီပြပွဲလေးတွေမှာ တစ်ကားနှစ်ကားလောက် ဝင်ပြတဲ့သဘောပါပဲ။ ကျွန်တော်က ပန်းချီကိုတတ်လို့ရေးတာမဟုတ်ဘူး။ ရေးချင်လို့ရေးတာ။ ကျွန်တော် လူပုံတွေကိုမရေးတတ်ဘူး။
ရှုခင်းပုံတွေလည်း မရေးတတ်ဘူး။ ကျွန်တော်ရေးတာက ကျွန်တော့်စိတ်ခံစားချက်အရောင်တွေနဲ့အလင်းအမှောင်တွေအကြောင်းပဲ ရေးတာ။ ဆိုတော့ ကျွန်တော်က ကြောင်တောင်တောင်ပန်းချီဆရာပေါ့။ ပန်းချီကားတစ်ကားမှ မရောင်းရဖူးသေးတဲ့ ရှားရှားပါးပါးပန်းချီဆရာအမည်ခံတွေထဲမှာ ကျွန်တော်က စာရင်းရဲ့ နောက် ဆုံးပိတ်လောက်လေးနားမှာ ရှိလောက်တယ်။ အဲဒီလို ကြောင်တောင်တောင် ပန်းချီဆရာဖြစ်နေရတာကိုက ကျွန်တော့်ဘဝမှာ တကယ်ပျော်တာ။ ရေးချင်တာရေး လုပ်ချင်တာလုပ်။ သောက်ချင်သလိုသောက်။ ပျော်ချင်သလိုပျော်။
ကမ္ဘာမှာ နာမည်ရှိပြီး ဘယ်သူမှအသိအမှတ်ပြုတာမခံရတဲ့ပန်းချီဆရာလောက်ပျော်ဆရာကောင်းတာ ဘာရှိလို့တုန်း။
ဗန်ဂိုးကို ကြည့်လေ။
ဗန်ဂိုးဟာ သူ့ဘဝတလျှောက်လုံး ဘယ်သူမှ သူ့အနုပညာကို အသိအမှတ်မပြုဘူး။ ဗန်ဂိုးဟာ သူ့ဘဝတလျှောက်လုံး သောက်ရမ်းပျော်ခဲ့တာ သေချာတယ်။ သူ့ညီ သီအိုဆီကနေအထောက်အပံ့တွေ အများကြီးနဲ့ သူလုပ်ချင်တာတွေ သူလုပ်နေတာ။ သူ့နားရွက်ကို ဖြတ်တာလည်း ပျော်လို့ ဖြတ်ပစ်ခဲ့တာ။ သူချစ်တဲ့သူကို သူ့နားရွက်ကြီးပြပြီး ဘာလုပ်ရမှာတုန်း။ သွေးသံရဲရဲ့နဲ့ ဇီဝဓါတ်ကင်းမဲ့နေတဲ့ သူ့နားရွက်ကြီးကို သူ့ကောင်မလေးကမြင်လိုက်မယ်ဆိုရင် ဘယ်လောက်ပျော်လေမလဲဆိုတဲ့အတွေးနဲ့ ဖြတ်ခဲ့တာပဲ။ ဒါက ဗန်ဂိုးနဲ့ သူ့ကောင်မ လေးရဲ့ လျှို့ဝှက်အကြံအစည်ဆိုတာ တလောကလုံးက သိပ်သိတာမဟုတ်ဘူး။ အထူးသဖြင့် ဗန်ဂိုးအကြောင်း တောပြောတောင်ပြော ပြောပြောနေတဲ့ မှတ်တမ်းဆရာတို့၊ သုတေသီတို့၊ ရုပ်ရှင်ပြန်ရိုက်သူတို့၊ နောက်ပြီး ဘာတို့ညာတို့ဗျာ။ သောက်လောကကြီးကလည်း ခေါင်းစဉ်တွေက များလွန်းတော့ ကျွန်တော်လည်းမမှတ်မိဘူး။ ထားလိုက်တော့။ ဗန်ဂိုးက အဲဒီနားရွက်ကြီးကိုအနာခံပြီးဖြတ်ပစ်ခဲ့တာဟာ တကယ်က ပျော်လို့ဗျ။ သောက်ရမ်းပျော်လို့။ ဘယ်လောက်အထိအောင် ပျော်သလဲဆိုရင် သူ့ရဲ့နားရွက်မရှိတဲ့မျက်နှာကြီးကိုတောင် ပုံတူရေးခဲ့သေးတာပဲလေ။ အဲဒီပုံတူမှာ သူ့မျက်လုံးတွေကို မျက်ရစ်မပါဘဲ ဘာ့ကြောင့်ရေးတယ်ထင်သလဲ။ ဂျပန်ကောင်တွေကိုတွေးတွေးပြီး ရယ်ချင်နေလို့ဗျ။ ဂျပန်တွေဆိုတာ မျက်ပေတုံးတွေလေ။ ဗန်ဂိုးက ဂျပန်ပန်းချီတွေကို လေ့လာတုန်းက ဒီမျက်ပေတုံးတွေရဲ့ ရယ် စရာဟန်ပန်တွေကို တွေ့ရှိခဲ့တာပဲ။ အဲဒါကြောင့်ပဲ ဗန်ဂိုးက သူ့ရဲ့နားရွက်မရှိတဲ့ ပုံတူပန်းချီကားကို မျက်ပေတုံးကြီးနဲ့ရေးခဲ့တာ။ အဲဒီ မျက်ပေတုံးနဲ့ နား ရွက်မရှိတဲ့သူ့ပုံတူပန်းချီကားကြီးကို ကြည့်ကြည့်ပြီး ဗန်ဂိုးဟာ တစ်သက်လုံး ရယ်မောပျော်ရွှင်နေခဲ့တာပဲ။ ဒါကိုလူတိုင်းမသိဘူး။
နောက်ဆုံး ပျော်လွန်းလို့ဆိုပြီး သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး သေသွားတာ။ ကဲဘယ်လောက် ပျော်စရာကောင်းသလဲ။ ဒါကိုပဲ တစ်ချို့ သုတေသီဆိုတဲ့ကောင်တွေက ကလေးတွေလက်ဆော့ရာကနေ ဗန်ဂိုးကြီး မတော်တဆ သေနတ်မှန်ပြီး သေသလိုလိုဘာလိုလိုတွေ ရေးကြသေးတာ။ သောက်ကျိုးနည်း သုတေ သီတွေ။ ထားလိုက်ပါ။ အပျော်ဆိုတာ ဘာမှန်းမသိတဲ့မျက်ပေတုံးကောင်တွေ။
နေဦး။ ကျွန်တော် ပြောတာ ဘယ်ရောက်သွားပြီလဲ။ ဟုတ်ပြီ။ ကျွန်တော်ပြောနေတာ အိမ်မြှောင်။ ကျွန်တော် အိမ်မြှောင်ကို စတွေ့တာ။ ပန်းချီပြပွဲအဖွင့်ပွဲနေ့ဆိုတော့ လူတွေလာကြတာပေါ့လေ။ လူတွေလာတယ်ဆိုတာလည်း ပန်းချီပြပွဲကို စိတ်ဝင်စားလို့၊ ပန်းချီကားတွေကို စိတ်ဝင်စားလို့မဟုတ်ဘူး။ လူတွေဟာ ခက်တော့ခက်သား။ လူတွေဟာ အချောင်သမားတွေများပါတယ်။ ဗန်ဂိုးရဲ့မျက်ပေတုံးကောင်တွေလိုပေါ့။ ရယ်စရာလည်း ကောင်းတယ်။ ကျွန်တော်တို့က ပန်းချီပြပွဲဆိုရင် အစားအသောက်တွေ တည်ခင်းထားတယ်။
ပြင်သစ်ကို ဗမာမှုပြုရင် ဘူဖေးဗျာ။ ကြိုက်ရာစားပေါ့။ ကျုပ်တို့ ပန်းချီပြပွဲကို လာတဲ့လူတွေက ဘယ်တော့မှကြိုက်ရာစားကိုစိတ်မဝင်စားဘူး။ ရောက်လာရင် ဗိုက်ပြည့်ရုံလောက်ပဲ ခေါက်ဆွဲတို့ဆမူဆာသုပ်တို့ စသည် ဖြင့်(တွေ့ရာမြင်ရာ) ဗိုက်ပြည့်မယ့်ဟာတစ်ခုခုကို ကမန်းကတန်း ရောက်ရောက်ချင်း တန်းကြိတ်တာပဲ။ ပြပွဲလာသူတွေဗိုက်ပြည့်ရင် ဘာလုပ်တယ်ထင်သလဲ။
ဝိုင်ခွက်လေးဖြစ်ဖြစ်၊ ဝီစကီခွက်လေးဖြစ်ဖြစ်ကိုင်ပြီး ပန်းချီကားတွေကို လိုက်ကြည့်တော့တာ။
တကယ်က အဲဒီပန်းချီကားတွေကို လိုက်ကြည့်တဲ့အထဲမှာ ပန်းချီကားကိုစိတ်ဝင်စားတဲ့သူဆိုတာ လက်ချိုးရေတွက်လို့ရတယ်။ သူတို့ဟာ ပန်းချီကားကို ဘယ်တော့မှစိတ်မဝင်စားဘူး။ ခံစားမှုဆိုတာဝေးသေးတယ်။ တကယ်ကို အဝေးကြီး။ ပန်းချီကားတွေကိုကြည့်ပြီး နားလည်သလိုလို၊ ခံစားသလိုလိုကလည်း ဟန်ဆောင်ကောင်းသေးတယ်။ ဗန်ဂိုးရဲ့ မျက်ပေတုံးကောင်တွေလို့ပဲ ကျွန်တော်က သူတို့ကို ခေါ်တယ်။ ပြပွဲလာ ရွှေပွဲလာပရိသတ်ကြီးကလည်း ဗန်ဂိုးရဲ့မျက်ပေတုံးကောင်ဆိုတဲ့နာမည်ကို တော်တော်သဘောကျနေပုံရတယ်။ ရယ်ရတယ်။
ရယ်ရတယ်ဆိုတာ အဲဒါ။ မျက်ပေတုံးကောင်ဆိုတာ အဲဒါ။
နေဦး။ ကျွန်တော်က စကားပြောရင် အဲလိုပဲ အမြီးအမောက်မတည့်ဘူး။ သောက်တလွဲတွေ သိပ်လုပ်တာ။ အိမ်မြှောင်အကြောင်း ပြောတာပါဆို အိမ်မြှောင်အကြောင်းကို မရောက်နိုင်ဘူး။
ဗန်ဂိုးတွေ၊ မျက်ပေတုံးကောင်တွေအကြောင်းပဲ ခဏခဏပြောနေမိတာ။ ကျွန်တော်က မူးလာရင် အဲလိုပဲဗျ။ ပြောချင်တာတွေ ပြောတာ။ တကယ်တော့ ကျွန်တော်က သောက်ကျင့်ကောင်းတဲ့ကောင်မဟုတ်ဘူး။ ဘယ်သောက်ကျင့်တွေ မကောင်းတာလဲလို့မေးကြည့်ရင် မည်မည်ရရမရှိဘူး။ ကိုယ့်ကိုယ်ကို သောက်ကျင့်မကောင်းတဲ့ကောင်လို့တော့ သိထားတာကြာပြီ။
ကျွန်တော်သောက်ကျင့်မကောင်းတယ်ဆိုတာကလည်း ပျော်စရာကောင်းတဲ့ သောက်ကျင့်မကောင်းခြင်းမျိုးပါပဲ။ ကျွန်တော့်ရဲ့ အဲဒီသောက်ကျင့်မကောင်းတဲ့အကျင့်ကြောင့်ပဲ အိမ်မြှောင်တစ်ကောင်ကို တွေ့ခဲ့ရတာ။ ဟုတ်တယ် အိမ်မြှောင်တစ်ကောင်။ ထပ်ပြောမယ် အိမ်မြှောင်တစ်ကောင်ဗျာ။ ကျွန်တော်တို့ရဲ့ မော်ဒန်အတိပြီးတဲ့ ပန်းချီပြပွဲကြီးက ပြီးပြီ။
အဲဒီခေတ်တုန်းကတော့ ခေတ်ပြိုင်အနုပညာ ဘာညာဆိုပြီး အမည်တပ်သေးတယ်။ တကယ်က သရုပ်မှန်မဟုတ်တဲ့ပန်းချီတွေပါပဲ။ မျက်ပေတုံးကောင်တွေပြောသလို တောင်ခြစ်မြောက်ခြစ်တွေပေါ့။
ည ခုနှစ်နာရီလောက်ရောက်တော့ ကျွန်တော်က ပြပွဲနားက ဘီယာဆိုင်မှာ ဘီယာသောက်နေတာ။
အဲဒီမှာ အဲဒီအိမ်မြှောင်ကို သတိထားမိတာပဲ။ အိမ်မြှောင်က ထုံးစံအတိုင်း ပြောင်ချောချောကြီး။
ခြေကားယား လက်ကားယားနဲ့။ ကျွန်တော့်ရှေ့ကခုံမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ဘီယာသောက်နေတာ။ ကျွန်တော့်အတွက် အိမ်မြှောင်တစ်ကောင် ဘီယောသောက်တာ သိပ်မဆန်းဘူးဗျ။ ခြင်္သေ့တွေ၊ ဒေါင်းတွေတောင် ဘီယာသောက်သေးတာပဲ။
အိမ်မြှောင်တစ်ကောင်မှာလည်း ဘီယာသောက်ဖို့ အခွင့်အရေးရှိတာမဆန်းပါဘူး။
အိမ်မြှောင်တစ်ကောင်ရဲ့ဘီယာအခွင့်အရေးတွေဆိုတာ ကျွန်တော် လျှောက်ပြောနေတာ။ တကယ်က ဘီယာဆိုင်မှာမျက်နှာချင်းဆိုင်ပြီး ဒီအကြောင်းတွေ ပြောနေတာမဟုတ်ဘူး။ ကျွန်တော်က ကျွန်တော့်အတွေးနဲ့ကျွန်တော် အိမ်ပြန်ဖို့ပဲစဉ်းစားနေတာ။ အိမ်မြှောင်ကလည်း အိမ်မြှောင်ပဲ။
သူ့ဟာသူ မနေနိုင်ဘူး။ ကျွန်တော့်ကို လာစကားပြောတယ်။
“ရှင်လေး . . မူးနေပြီလား”
ဟိုက်ရှ်။ ဘာတုန်းဟ။ ဒီအိမ်မြှောင်က စကားပြောတယ်ဆိုတာ သာမန်ရိုးရိုးပြောရင် ရပါတယ်။ ခုတော့ ရှင်လေးတွေ ဘာတွေနဲ့။ သောက်ကျိုးနည်း အိမ်မြှောင်ပါလား။
“အိမ်မြှောင်က အိမ်မြှောင်လို နေစမ်းပါ။ စကားပြောချင် ပြောလို့ ရတယ်။ ငါ့ကိုရှင်လေးတွေဘာတွေ ခေါ်စရာမလိုဘူး။ ငါ့ပန်းချီပြပွဲကိုလာတဲ့ မျက်ပေတုံးကောင်တွေလို လာမစားနဲ့”
ကျွန်တော့်စကားကို အိမ်မြှောင်က ခိ(ကဗျာဆရာ လူပအောင် ရယ်သလို) ဆိုပြီး ပေါ်တင်အသံထွက်ပြီး ရယ်လိုက်သေးတယ်။ ပြီးတော့ မြန်မာစီဘီယာတစ်ခွက်ဆိုပြီး စားပွဲထိုးလေးကို (ခပ်တည်တည် ခပ်မိုက်မိုက် ခပ်စတိုင်ကျကျ) မှာလိုက်တယ်။ အဲဒီ မှာထားတဲ့စီဘီယာတစ်ခွက် မရောက်မချင်း အိမ်မြှောင်က ကျွန်တော့်ကို စကားကို မပြောတာ။ ကြိုက်တယ်လေ။
အိမ်မြှောင်တစ်ကောင်ကို ကျွန်တော်က စပြီး စကားပြောစရာလား။ ကျွန်တော်က ခေတ်ပြိုင်ပန်းချီလောကထဲကို ထိုးဖောက်ဖို့ အတွေးအသစ်တွေရအောင် ဘီယာသောက်နေတာ။
ဒီအိမ်မြှောင်က မျက်နှာကြက်က မတော်တဆပြုတ်ကျလာပြီး ဘီယာလာသောက်တာဖြစ်မှာပေါ့။
အဆင့်အတန်း(အဆင့်အတန်းဆိုတာထက် အနေအထားလို့ပြောရမယ်ထင်တယ်)က တစ်ခြားစီ။
အတွေးအခေါ်က တစ်ခြားစီ။ ကိုယ်က အနုပညာသမား။ သူက အိမ်မြှောင်။
သောက်တလွဲတွေမဖြစ်ခင် ကျွန်တော်က ဘီယာဆိုင်ထဲက လစ်ချင်နေပြီ။ ပိုက်ဆံရှင်းမယ်ဆိုပြီး စားပွဲထိုးလေးကို ခေါ်လိုက်တယ်။ စားပွဲထိုးကလည်း သောက်တလွဲဗျ။ ကျွန်တော့်အတွက်ဘေ(ကုန်ကျငွေစာရင်း) ယူမလာခင် အိမ်မြှောင်မှာထားတဲ့ ဘီယာခွက်ကို အရင်ချပေးတယ်။
သောက်ကျိုးနည်း လောကကြီးပါလား။ အိမ်မြှောင်ကို အဲဒီလောက်အထိ အရေးပေးနေရအောင် ဒီဘီယာဆိုင်က ဘာတုန်း။ ကျွန်တော်လည်း မြန်မြန်ထပြန်ချင်နေပြီ။ ကမ္ဘာကြီးတစ်ခုလုံးသက်ရှိသက်မဲ့တွေအကုန်လုံး ဘီယာသောက်ပြီး မူးနေပြီဆိုတာ သေချာပြီလေ။
“ရှင့်ကြည့်ရတာ ဒီနေ့ အိမ်ပြန်ချင်ပုံမရဘူး”
လာပြန်ပြီ။ အိမ်မြှောင်ရဲ့ နောက်ထပ်စကားလုံးတွေ။
“မင်းဟာ တစ်ထွာတောင် မပြည့်တဲ့ အိမ်မြှောင်တစ်ကောင်လေ။ ဘာ့ကြောင့် ငါ့ကိုသောက်ရေးသောက်ရာ လုပ်ပြီး စကားတွေ လာပြောနေတာလဲ။ မင်းစကားတွေကိုငါ့စိတ်မဝင်စားဘူး။ သိလား။ နားညည်းတယ်။ -ီးပဲ”
ကျွန်တော် ရင့်ရင့်သီးသီးဆဲပေမယ့် အိမ်မြှောင်က အိမ်မြှောင်ပဲလေ။
“ကျွန်မက အိမ်မြှောင်အယောင်ဆောင်ထားတဲ့ ကြာပန်းတစ်ပွင့်ပါ။ အဲဒါကို ရှင်သိချင်မှာ သေချာတယ်။ ကြာဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ ကမ္ဘာကြီးပေါ် ရှင်သန်နေတာရှင်သိပါတယ်။ ဘာသာတရားတွေမှာလည်း ကြာဆိုတာ ရှိတယ်။ ရှင်တို့ပန်းချီလောကမှာလည်း ကြာပန်းရေးဟန်တွေရှိတာပဲလေ။ ကနုတ်တွေဘာတွေ ရေးတယ်ဆိုတာ ကြာပန်းတွေကို အခြေခံပြီး ရေးတာမို့လား”
“နေပါဦး . . မင်းက သောက်ရေးသောက်ရာလုပ်ပြီး ပန်းချီအကြောင်းပြောရအောင် မင်းက ပန်းချီအကြောင်း ဘယ်လောက်များ သိလို့တုန်း . . သောက်အိမ်မြှောင်မရဲ့”
ကျွန်တော်က ဘီယာအရှိန်နဲ့ စကားလုံးရင့်ရင့်တွေ သုံးတယ်။ ဒါပေမယ့် ဒီအိမ်မြှောင်က ပါးနပ်တယ်။ အေးဆေးပဲ။
“ရှင့်ပန်းချီကားတွေကို ကျွန်မ ကြည့်ပြီးပြီ။ ကလေးကလား ရေးချက်တွေချည်းပဲ။ ရှင်ဟာရှင့်ရဲ့ တကယ့် အစစ် အမှန်တစ်ခုကို မရနိုင်သေးဘူး။ ခံစားချက်တွေ များနေသေးတယ်။
ရှေ့ရောက်ချင်လွန်းနေတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေသေးတယ်။ ကိုယ့်ကိုယ်ကို ကင်းဗက်ပေါ်မှာ တိုးတက်အောင်လုပ်ရမယ့်အစား တစ်ယောက်တည်း ငေးငိုင်နေတာများတယ်။
ဘော်ဒါတွေနဲ့ ဘီယာဆိုင်ထိုင်ပြီး ဟေးလားဝါးလားလုပ်နေတာများတယ်။ အထင်ကြီးတစ်လုံးနဲ့ကိုယ့်အချင်း ချင်း မြှောက်ပင့်နေတာများတယ်။ ရှင်ဟာ ဒီထက်တိုးတက်နိုင်ခြေရှိတဲ့အနုပညာသမားတစ်ယောက်ပဲ။ ဒါပေမယ့် ရှင်က အတွေးထဲမှာပဲ နစ်မွန်းနေတာ များတယ်။
အဲဒါကြောင့် ရှင်ဟာ ပန်းချီဆရာမည်ကာမတ္တပါပဲ”
“ဟေ . . သောက်အိမ်မြှောင်မ . .မင်းက ပန်းချီအကြောင်း ဘာသိလို့ ငါ့ကိုလာပြောနေတာတုန်း . . အနုပညာဆိုတာဘာလဲ မင်းသိရဲ့လား မသာမ အိမ်မြှောင် . .”
ဒီဇာတ်က မြန်မြန်သိမ်းမှ ရတော့မှာ။ ကျွန်တော်ကလည်း တော်တော် မူးနေပြီလေ။ မူးဆို ဘီယာအပြင် ဝီစကီတွေပါ ထပ်သောက်လိုက်သေးတာကိုး။ ဒီတော့ တော်တော်ကို မူးနေတာ။
“ရှင် မပြန်နိုင်တော့ဘူးမို့လား”
အဲဒါ ကျွန်တော်နောက်ဆုံးမှတ်မိတဲ့စကားပဲ။ အဲဒါ အိမ်မြှောင်တစ်ကောင်ရဲ့နောက်ဆုံးစကားပဲ။ ကျွန်တော်ဟာ မျက်နှာကြက်တွေ၊ နံရံတွေထဲ လျှောက်သွားနေတာ မှတ်မိသေးတယ်။ မှတ်မိသေးတယ်ဆို အိပ်မက်ဆိုးမက်သလို ဝိုးတဝါးပေါ့။ ကျွန်တော်ရင့်ရင့်သီးသီးတွေ ရေးပြလို့ရသေးတယ်။ ဒါပေမယ့် ရေးမပြတော့ဘူး။
ကျွန်တော် ရေဆာတယ်။
ဒါ့ကြောင့် ကျွန်တော်သောက်တဲ့ရေဟာ ရေသန့်ဗူးထဲက ရေလား၊ အိမ်သာကြွေခွက်ထဲက ရေလားကျွန်တော် မသဲကွဲဘူး။ ထားတော့ ကျွန်တော်ဟာ ကျွန်တော်ပေါက်တဲ့သေးကိုပြန်သောက်တယ်ဆိုဦးတော့။ ထားတော့။ အဓိက ကျွန်တော်မဖြစ်စေချင်တာ ကျွန်တော်ယိုတဲ့ချေးတုံးတွေကို ကျွန်တော်ပြန်မစားဘူးဆိုတာ သေချာစေဖို့ပဲ။ ဟုတ်ပြီဗျာ။
ကျွန်တော်ဟာ ကျွန်တော့်ချေးတုံးတွေကို ပီဇာတွေလို၊ ဟန်ဘာဂါတွေလို၊ ကိုရီးယား ကင်ချီတွေလို စားလိုက်တယ်ပဲ ဆိုပါစို့။ အဲဒီညက ကျွန်တော်ဟာ ချေးတုံးတစ်တုံးရဲ့အရသာကို သိခဲ့တယ်ဆိုရင် ကျွန်တော် ကျေနပ်တယ်။
ဒါပဲ။
ပြောစရာက ဒါပဲ။
ကျွန်တော် အိမ်မြှောင်တစ်ကောင်နဲ့ အတူတူနေခဲ့တယ်။ အိမ်မြှောင်က လူမဟုတ်ဘူး။
ဒါပေမယ့် သူယောင်မယ်တွေလို လူယောင်ဆောင်လိုက်တယ်။ ကျွန်တော်ကလည်း သောက်ရမ်း မူးနေတယ်။ မူးနေတယ်ဆိုတာ လုံလောက်တဲ့အကြောင်းပြချက်မဟုတ်ဘူး။ ကျွန်တော်ကဂေါက်ကြောင်။ အဲဒါကြောင့် အဲ့ဒီ အိမ်မြှောင်တစ်ကောင်နဲ့ လိင်ပိုင်းဆိုင်ရာ ဘာညာဖြစ်ခဲ့ပုံပဲ။
တော်တော် ရယ်ရတယ်။ ကျွန်တော်က မျက်ပေတုံးကောင်တစ်ကောင်လေ။ သောက်ကျိုးနည်းအာရှသား။ အသားဝါပြီး တရုတ်လိုလိုကောင်မျိုး။ နုတ်ခမ်းမွေးပေါက်နေပြီဆိုရင်တော့ ကျွန်တော်ဟာ ဗီယက်နမ်ဗီလိန်တစ်ယောက်နဲ့တူတဲ့ သောက်ကျိုးနည်း ဗမာပြည်သားပေါ့။ အဲ ခု ၂၀၂၁ မှာ ဗမာပြည်သားလို့ မသုံးတော့ဘူး။ ကျွန်တော်ဟာ သောက်ကျိုးနည်း မြန်မာပြည်သား။ ပန်းချီဆရာ။ မျက်ပေတုံးကောင်။
-
မိုးဖွဲ့တိမ်