Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၂ ရက် မြောက်နေ့ မြင်ကွင်း ...

Mandalay, Tayzar San, 22nd Feb 2021


မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၂ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ တပြည်လုံးအတိုင်းအတာနဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ သပြေညိုလှုပ်ရှားမှုလည်း ဖြစ်တယ်။ တပြည်လုံးအတိုင်းအတာနဲ့ လမ်းမများပေါ် မြန်မာပြည်သူတွေ ထွက်လာပြီး အာဏာသိမ်းစစ်ကောင်စီကို သပိတ်မှောက်ကန့်ကွက်ကြတယ်။ စျေးတွေ ဆိုင်တွေကအစ အစိုးရရုံးတွေ ပုဂ္ဂလိကရုံးတွေ အားလုံးနီးပါး ပိတ်တယ်။ ဝန်ထမ်းတွေ သပိတ်မှောက်ကြတယ်။ လမ်းဘေးစျေးသည်ကအစ သူ့ဖောက်သည်တွေကို တရားဝင်အကြောင်းကြားထားတယ်။ သူတို့ မြန်မာပြည်သူတွေနဲ့အတူ ဝန်ထမ်းသပိတ် အထွေထွေသပိတ် ဆင်နွဲမယ်။ ဖေဖော်ဝါရီ ၂၂ မှာ ဘာမှ လုပ်လို့မရဘူး။

မြန်မာတပြည်လုံးက လူတွေ သိန်းချီ သန်းချီပြီး မြို့ရွာ ကျေးလက်တွေအတထိ သပိတ်မှောက်ကြတယ်။ ကန့်ကွက်ကြတယ်။ တပြည်လုံးဟာ လူပင်လယ်ကြီးပဲ။ စစ်တပ်နဲ့ ရဲလက်နက်ကိုင်တွေက အစိုးရရုံးတွေ ကုလရုံးတွေ သံရုံးတွေ အထင်ကရနေရာတွေကို လက်နက်ကိုင်အစောင့်ချ တားဆီးထားပေမယ့် လူထုက သူတို့လက်တကမ်းကနေ ဆန္ဒပြကန့်ကွက်ကြတယ်။ အချင်းချင်းလည်း လက်တို့ပြီး အကြမ်းမဖက်ဖို့ ရန်စစော်ကားလာရင် လက်တုံ့မပြန်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ သတိပေးကြတယ်။

ပြသနာကတော့ ဆိုရှယ်မီဒီယာမှာ အင်တာနက်နဲ့ ဒေတာကို ပိတ်လိုက် ဖွင့်လိုက်လုပ်နေတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဌာနတွေ ဖြစ်ပါတယ်။ နောက်တခုကတော့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်း စစ်အုပ်စုဘက်တော်သားတွေ မျိုးချစ်တွေ ဖွင့်ထားတဲ့ အကောင့်အတုတွေအများအပြားကနေပြီး သတင်းမှားတွေ ဆူပူအောင်လှုံ့ဆော်တဲ့ အချက်အလက်တွေကို ဆန္ဒပြကွန်ယက် အဖွဲ့နဲ့ အင်န်အယ်ဒီထောက်ခံတဲ့ အသိုင်းအဝိုင်းတွင်းမှာ အဆက်မပြတ် ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ လူတွေက အပြောအဆိုလေး ကောင်း၊ စိတ်လှုပ်ရှားစရာလေးတွေ့တာနဲ့ ကော်ပီလုပ်ပြီး ကူးတင်နေကြတော့ သတင်းမှားတွေ အချက်အလက်မှားတွေ လူတွေကြားထဲ ပိုပြန့်သလို ဖြစ်နေတယ်။ အဲသည်အကောင့်ပုန်းတွေ တင်လာရင် သူတို့အကောင့်က သူတို့အကြောင်းကို သွားကြည့်ပါ။ သူငယ်ချင်းဘယ်နှစ်ယောက်လဲ။ ဘယ်တုန်းကတည်း ပို့စ်တွေ တင်တာပဲ။ ဒေါ်စုပုံတို့ သပိတ်မှောက်ပိုစတာတွေပဲ တင်ထားတာလား။ သူတို့တွေက မက်ဆင်ဂျာထဲကလည်း လိုက်ပို့တယ်၊ We Love NLD တို့ ဘာတို့ ပိတ်ချ်တွေ ဂရုတွေထဲကလည်း တဆင့် ဖြန့်တယ်။ စျေးရောင်းတဲ့ဆိုက်တွေကနေလည်း လုပ်ကြံသတင်းတွေ ဖြန့်တယ်။ ဒီအချိန် ပိုဂရုစိုက်ရမှာ ဖြစ်ပါတယ်။ Myanmar NOW Fan Page ကလည်း ပတ်ဘလစ်ဖွင့်ထားသေးလားမသိဘူး။ လူတိုင်းဝင်တင်နေတာထဲမှာလည်း လုပ်ကြံဖန်တီးတာတွေ ပါလာတတ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၂၀% လောက် ခန့်မှန်းသော်လည်း လူကြိုက်များသူတွေ ရှယ်လိုက်ရင် ပေါက်ထွက်သွားတတ်တော့ သတိထားစရာဖြစ်ပါတယ်။




သတင်းအမှန်ကတော့ နေပြည်တော်ကို ချီတက်ဆန္ဒပြတဲ့ ပျဉ်းမနားကလူထုကို စစ်တပ်ကအကြမ်ဖက်ဖြိုခွဲပြီး လူ ၁၅၀ ကျော် ဖမ်းဆီးခံရပါတယ်။   ဟိုမှာ ဒီမှာ ဝိုင်းနေပြီ ဖမ်းနေပြီဆိုတာတွေ ရှယ်လိုက်တာနဲ့ အဲသည်နေရာတွေ လူအုပ်စု ပြိုတာ ဖရိုဖရဲ ဖြစ်တာကို တွေ့ရပါတယ်။ သီးခြားမက်ဆင်ဂျာနဲ့ မိမိတို့အချင်းချင်းသာ မျှဝေသတိပေးတဲ့စနစ် ကျင့်သုံးလာတာကိုလည်း တွေ့ရပါတယ်။

တနေ့ကလို GSC နဲ့ NLD ဆိုတဲ့ ခေါင်းစဉ်တွေကြား အချင်းများကြ ငြင်းကြခုန်ကြသလိုမျိုး အချိန်ကုန်လူပမ်း မဖြစ်ကြရအောင် NLD နဲ့ CRPH က ၂၂ ရက်နေ့မှာ ခြေလှမ်းတွေ မြန်မြန်လှမ်းချလိုက်ပါတယ်။ ၂၁ ရက်နေ့က မြို့နယ် ရပ်ကွက်အလိုက် ရွေးကောက်ပွဲနိုင်ကိုယ်စားလှယ်တွေ လူထုထောက်ခံသူတွေနဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ထူထောင်ဖို့ ထုတ်ပြန်တယ်။ ၂၂ ရက်ကျတော့ CRPH ကနေ ပြည်ပတာဝန်ခံတွေ ကိုယ်စားလှယ်တွေ ထုတ်ပြန်လိုက်ပါတယ်။ ဒေါက်တာဆာဆာကို ကုလကိုယ်စားလှယ်နဲ့ အမေရိကန်က ကိုထင်လင်းအောင်ကို နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ခန့်အပ်ကြောင်း ကြေညာလိုက်ပါတယ်။ EU ကလည်း မြန်မာပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရနဲ့ လွှတ်တော်ကိုသာ အသိအမှတ်ပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကို ၂၂ ရက် ညနေခင်း သပိတ်မှောက်လှုပ်ရှားမှုက ပြန်လာကြတဲ့ ပြည်သူတွေအတွက် အားဆေး ခွန်အားလို့ ဆိုကြပါတယ်။


ပြည်တွင်းကကော ပြည်ပက မြန်မာတွေကြားထဲမှာ လမ်းပေါ်သပိတ်တွေ ဝန်ထမ်းသပိတ်တွေ ထောက်ပံ့ကူညီမှုတွေ အမြင့်မားဆုံး လွှင့်ထူဆင်နွဲနေချိန်မှာ NLD နဲ့ CPRH ကနေ အခုလို ဦးဆောင်မှုတွေ ကိုယ်စားပြုမှုတွေ ထုတ်ပြန်လိုက်တော့ ပြည်သူတွေကနေ ဝမ်းသာအးရနဲ့ တခဲနက်ထောက်ခံကြကြောင်း ထုတ်ဖော်ပြောဆိုကြတာကို တွေ့ရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက သည်လူထုလှုပ်ရှားမှုကို အင်န်အယ်ဒီပါတီတခုတည်း၏ လုပ်ရပ်အဖြစ် စွပ်စွဲတာကိုလည်း ပယ်ချလိုက်ပြီး လူထုလှုပ်ရှားမှုဟာ အကြမ်းဖက်လုပ်ရပ်မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်တာကိုလည်း တွေ့ရပါတယ်။



အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို အာဏာသိမ်းစစ်ကောင်စီလို့ ရေးသားခြင်းမပြုရလို့ မီဒီယာတွေကို တားမြစ်လိုက်ပါတယ်။ သူတို့ကို အာဏာသိမ်းအစိုးရလို့ ဆက်ခေါ်နေရင် အဲသည် စာနယ်ဇင်းတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ အဲသည်အာဏာသိမ်းစစ်ကောင်စီ၏ လူထုအပေါ် အကြမ်းဖက်မှု သတ်ဖြတ်မှု ခြိမ်းခြောက်စော်ကားမှုတွေ တိုး တိုးလာတာကြောင့် အစိုးရအဖွဲ့မဟုတ်တဲ့ သတင်းမီဒီယာကောင်စီကနေ ကျန်နေသေးတဲ့ အဖွဲ့ဝင်အချို့ ကောင်စီဝင်အဖြစ်ကနေ နှုတ်ထွက်ကြတယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာမှတဆင့် သိရတာက စာရေးဆရာ ထက်မြက်နဲ့ သတင်းစာဆရာ ဇင်လင်းတို့ မိမိသဘောဖြင့် နှုတ်ထွက်တယ်လို့ ဆိုတယ်လို့ သိရပါတယ်။ မြန်မာတိုင်းမ်စ် သတင်းဌာနကတော့ အကြောင်းပြချက် မပေးဘဲ ဖေဖော်ဝါရီ ၂၁ ရက်က စပြီး သတင်းလုပ်ငန်းတွေ ရပ်ဆိုင်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။ သဘောကတော့ မြန်မာပြည်မှာ သတင်းစာနယ်ဇင်းလွတ်လပ်ခွင့်တွေ နေဝင်သွားပြီ ဆိုတဲ့ သဘောပါပဲ။

“အာဏာသိမ်းစစ်ကောင်စီ” ဟာ သူတို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ဆက်လုပ်ဖို့ ခြေလှမ်းအဖြစ် နိုင်ငံရေးပါတီတွေနဲ့ ဖေဖော်ဝါရီ ၂၆ မှာ တွေဆုံမယ်လို့ ထုတ်ပြန်ထားတယ် ဆိုပါတယ်။ အာဆီယံက အင်ဒိုနီးရှားကလည်း စစ်ကောင်စီက လုပ်ပေးတဲ့ ရွေးကောက်ပွဲကို လက်ခံဖို့ ထုတ်ပြန်တယ်လို့ သိရပါတယ်။ ဒါကို NLD နဲ့ လူထုက လက်မခံကြောင်း ကန့်ကွက်ကြောင်း တုန့်ပြန်မယ်လို့ သတင်းများကနေ သိရပါတယ်။


ဖေဖော်ဝါရီ ၂၂ ကတော့ တိုက်ပွဲတွေ အပြန်အလှန် ပြင်းထန်တဲ့နေ့ပါ။ နက်ဖြန် ၂၃ ရက်နေ့ကျရင် အင်ဒိုနီးရှားနဲ့ အာဆီယံတွေကို ပြည်သူတွေက ဖိအားပေးဖို့ ကန့်ကွက်ဖို့ အစီအစဉ်တွေ ဆွဲနေကြတော့မှာ သေချာနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာမှာလည်း မြန်မာဂျန်ဇီတွေနဲ့ မျိုးဆက်ပေါင်းစုံ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ အာရုံစိုက်မှု အခံရဆုံးနဲ့ လေးစားမှုအရဆုံးလို့ ဆိုနိုင်ပါတယ်။ မျိုးဆက်သစ်မြန်မာတွေက ရှေ့မျိူးဆက်တွေထက် နိုင်ငံတကာကို ချိတ်ဆက်နိုင်သလို ပြည်တွင်းက လူနည်းစုတွေ တိုင်းရင်းသားတွေ ဘာသာစကားစုံ ဘာသာပေါင်းစုံလူထုကိုပါ ကိုယ်စားပြုတာ လက်တွဲတာကို တွေ့ရပါတယ်။ ဒီနေ့ အမေရိကန်NPR ရေဒီယိုဌာနက မြန်မာပြည်က တက်ကြွလှုပ်ရှားသူ သဉ္ဇာရွှန်းလဲ့ရည်နဲ့ အသံအင်တာဗျူးလုပ်တာမှာ အဲသည်အမျိူးသမီးလေး၏ တက်ကြွမှု ပြည့်၀မှု ရဲရင့်မှု အမြင်ကျယ်မှု လူထုနဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုမှုတွေ အားလုံးကို တွေ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်က စပြီး လူထုနဲ့အတူ လမ်းပေါ်ထွက်လာတဲ့ လူငယ်ခေါင်းဆောင်တွေ မျိုးဆက်တွေဖြစ်တဲ့ အိသဉ္ဇာမောင်၊ မောင်ဆောင်းခ၊ တေဇာစန်း (မန္တလေး ဆေး၊ ဖေဖော်ဝါရီ ၃) (See cover photo on this article)၊ ကျော်ကိုကို၊ စည်သူမောင်စတဲ့ လူငယ်တွေ (အခြားအမည်တွေလည်း ဖြည့်စွက်ရဦးမှာပါ) တွေနဲ့အတူ လူစုံ အရွယ်စုံ အရောင်စုံကို အားလုံးက ချစ်ခင်ဂုဏ်ယူကြတယ်လို့ မှတ်တမ်းပြုရမှာ ဖြစ်ပါတယ်။