Breaking News

ဆားပုလင်းသာပိန် - သာဝဒိုင်ယာရီ (၁)

cartoon Beruma


ဆားပုလင်းသာပိန် - သာဝဒိုင်ယာရီ (၁)

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁

အချို့စာရေးသူများအတွက်တော့ မူရင်းသာဝဒိုင်ယာရီကို ဖတ်ပြီးသကာလ ”ခဲလေသမျှ သဲရေကျ” ဟု အစချီကာ စာရေးသားမှု့ ကို စတင်ကောင်း စတင်လိမ့်မည်။ မှန်ပေသည်၊ တကယ်တော့ အားလုံးသိပြီးကြသည့်အတိုင်း သာဝအာဏာသိမ်းလိုက်ရခြင်း၏ နောက်ကွယ်မှာ အခြားသမိုင်းအဖြစ်အပျက်များကဲ့သို့ ပဟေဋိများနှင့် ပြည့်နှက်နေသည်မဟုတ်၊ အစကတည်းက အာဏာလိုချင်သော သာဝ၊ သိမ်းချင်၍ သိမ်းလိုက်ခြင်းပင် ဖြစ်သောကြောင့်သာ။ ရေးသားစရာ များများစားစား မရှိ။ အရိုးရှင်းဆုံး ဥပမာပေးရလျှင် သာဝသည် စားပွဲပေါ် ဓါးမြှောင်စိုက်ပြီး ဖဲဝိုင်းအတွင်း ဝင်ထိုင်လိုက်သောသူလိုပင်၊ လောင်းကြေးက ၁၀၀ ဆိုလျှင်လည်း ၇၅ သာပေးပြီး ၂၅ အစကတည်းက အသာယူထားသူမျိုး။ ကိုယ့်ဖဲချပ်ကို မသိမသာရော ပြောင်ကျကျပါ နောက်ကနေ ခိုးကြည့်ပေးမည့်သူများက ကိုယ့်နံဘေးမှာရပ်လို့၊ ဆက်ကစားချင်စိတ်မရှိ၍ ထပြန်တော့မည် ကြံတော့လည်းမိုက်ကြည့်ကြည့်နေသည့် သူ့တပည့်များက တံခါးဝကိုပိတ်လို့ စောင့်နေရဲ့။ သူနိုင်ရင် နိုင် မနိုင်ရင် စားပွဲပေါ်ကလောင်းကြေးတွေ ဘာမပြောညာမပြော အိတ်ထဲကောက်ထည့်သွားမည့်သူဆိုတာ ပြောပြစရာတောင်မလို၊ဘယ်အချိန် ထ ဖြစ်မှာကိုသာ မသိကြတာ။

ရပ်ကွက်ထဲမှာ ဒီလိုလူညစ်လူမိုက်တွေ အရင်ကလည်းကြုံပြီးသား၊ တစ်ခုတော့ရှိတယ်၊ ယုံကြတာ မယုံကြတာအသာထား၊ သူတို့ကဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ သရုပ်ဆောင်ပြပြီး၊ မျက်ရည် တောင် ချူလိုက်ကြသေးတယ်။ ဆိုကြပါတော့၊ ဥပမာစစ်တုရင် ကစားနေရင်း ရှုံးဖို့သေချာသွားရင် အရုပ်ကြိုးပြတ် စစ်တုရင်ခုံပေါ်‌ ခေါင်းထိုးစိုက်ကျရင်း ကယ်ပါယူပါ လုပ်လိုက်ပါလေရော၊ မျက်စိကတော့ မသိမသာဖွင့်ပြီး အကွက်တွေပျက်၊အကောင်တွေဖရိုဖရဲနဲ့ ကစားလို့မရအောင်မှ ဖြစ်သွားရဲ့လားပေါ့။ ဆက်သရုပ်ဆောင်ဖို့လိုအပ်ရင် သူ့လူတွေမျက်ကလူးဆန်ပျာလုပ်ပြီး ခေါ်ပေးတဲ့၊ လူနာတင်ယာဥ်ပေါ်လိုက်သွားရင်း ”ဒီတောင်ကို ကျော်နိုင်ပါအုံးမလား၊အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်”ဘာညာပေါ့။

အခု သာဝအကွက်ကတော့ ရှုံးပြီဆိုတာနဲ့ စစ်တုရင်ခုံကို ၊ပေါ်တင်ကြီး တမင်သက်သက် မှောက်ချလိုက် တယ်၊ဘေးက သူ့လူတွေကလည်း စစ်တုရင်ရုပ်တွေကို တက်နင်းကာ၊ နောက်အဲဒီလိုမညစ်နဲ့ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့၊ လောင်းကြေးတွေအားလုံးကိုတော့ အိပ်ကပ်ထဲထည့်လို့။ ပြောချင်တာက သာဝဒိုင်ယာရီမှာ ဘာ့ကြောင့်၊ဘယ်ပုံဘယ်နည်းနဲ့ အာဏာသိမ်းရတဲ့အဆင့်ထိ ဖြစ်သွားတယ်ဆိုတာ ၊လျှို့ဝှက် သည်းဖို ဝတ္ထု တစ်ပုဒ်ကိုဖတ်ရသလို မျှော်လင့်ထားရင်တော့ မှားသွားမယ် ဆိုတာပါဘဲ၊

ဒီလိုသမိုင်းအဖြစ်အပျက် အချိုးအကွေ့ကြုံတိုင်း၊ မီဒီယာတွေမှာ နားထောင်သူများ ပါးစပ်အဟောင်းသားဖြစ်ရအောင် အာဘောင်အာရင်းသန်သန်နဲ့ ပြောလေ့ရှိတဲ့ ဟိုဟာ ဒီဟာလေ့လာသူ၊ ဘာရေးညာရေး ကျွမ်းကျင်သူ၊ဘာဘာညာညာ နှံ့စပ်သူစတဲ့ အမည်ဝိသေသမျိုးစုံနဲ့သူတွေ ခမျာလည်း ဒီတစ်ပွဲမှာ သူတို့သိကြားထားသမျှဟာသာမန်ပြည်သူတွေထက် မပိုလေတော့၊ နဲနဲအကြပ်ရိုက်သွားလေ သတဲ့။ ပြောပြခဲ့ပြီးပြီလေ၊ အားလုံးကနားလည်ပြီးသား၊ သိမ်းချင်လို့သိမ်းပါတယ် ဆိုကာမှပဲ။

သို့ပေသော်ငြားလည်း Textbook of Investigative Journalism ဆိုတဲ့မှီငြမ်းစာအုပ်ကြီးကို ပန်းဆိုးတန်းစာအုပ်အဟောင်းဆိုင်မှာ နာရီဝက်တိတိ နှစ်ခေါက်လေ့လာဖတ်ရှု့ဖူးသူ ဆားပုလင်း သာပိန် တစ်ယောက်အနေနဲ့ သာဝဒိုင်ယာရီထဲက၊ ဟင်ကနဲ ဟာကနဲ ဖြစ်သွားစေမယ့်အချက်များကို ကျွမ်းကျင်ပါးနပ်စွာ၊ မရမကခွဲခြမ်းစိတ်ဖြာပြီး၊ စာဖတ်သူများမငြီးငွေ့ရလေအောင် ဝတ္ထုဆန်ဆန်ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်၊ မိမိအနေနဲ့ရေးသားရသည်မှာလည်း အလွန် တရာမှ ဖိအားများလှပါတယ်၊ အကြောင်းကတော့ အချိန်မရွေးပြုတ်ကျသွားနိုင်တဲ့ သာဝကြောင့်ပါ။ သာဝပြုတ်သွားပြီ ဆိုတာနဲ့ ဘယ်သူကမှ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ပေးပြီး သာဝအကြောင်း တခုတ်တရ ဖတ်ချင်တော့မှာ မဟုတ်လို့ပါ။

အားလုံးသိပြီးကြတဲ့ မဲစာရင်းစစ်တဲ့ဇာတ်လမ်းကို အရင်ပြန်သွားရပါလိမ့်မယ်၊ ခေါင်းတွေရမ်းမသွား ကြပါနဲ့၊ ”သိပြီးသားကြီးပါကွာ”လို့လည်း အပြစ်တင်မစောကြပါနဲ့။ ကိုယ်တိုင်လည် းစာဖတ်သူများလို မဲစားရင်း စစ်ချင်တယ်ဆိုတာ အာဏာသိမ်းဖို့အတွက် သာဝရဲ့ထွင်လုံးဆိုပြီး ထင်ထားမိတာ၊ သာဝရဲ့ဒိုင်ယာရီ မဖတ်ရသေးခင်အထိပေါ့။ “မဲစာရင်းစစ်ခြင်းမှ နိုဘယ်ဆုဆီသို့” ဆိုတဲ့ စာကြောင်းကို ဖတ်ပြီးချိန်မှာတော့ သာဝ ဘာ့ကြောင့်မဲစာရင်း အသည်းအသန်စစ်ချင်ရလဲ ဆိုတာ အရင်နားလည်ထားတာနဲ့ ကွာခြားနေတာကို သိလိုက်ရတယ်။

အဖြစ်ကတော့ဒီလိုဒီလို၊ တကယ်တော့ စာရင်းဆိုရင် ဦးပိုင်တို့ MECတို့ Mytel တို့စတဲ့ နေရာတွေကနေ ကိုယ့်အိပ်ကပ်ထဲ မြိုးမြိုးမျက်မျက် ဝင်လာတဲ့ငွေစာရင်းတွေလောက်ပဲ ၊သာဝက စာရင်းစစ်ဖို့ စိတ်ဝင်စားတာတဲ့။ရွေးကောက်ပွဲမဲစာရင်းစစ်ဖို့ကတော့ ဝေးရောပဲ၊ ခိုးဖေါ်ခိုးဖက်၊ ညစ်ဖေါ်ညစ်ဖက်၊ ခွက်ခွက်လန်တို့တစ်သိုက်ကသာ နားပူနားဆာလုပ်နေကြတာ၊ သာဝကို လွယ်လွယ်ကူကူစည်းရုံးမရတော့ ခွက်ခွက်လန်တို့ နောက်တစ်မျိုးကြံစည်လာကြတယ်၊ 

သာဝကို တစ်နေ့လာမေးကြတယ်၊ ”သာဝနိုဘယ်ငြိမ်းချမ်းရေးဆုမလိုချင်ဘူးလားတဲ့”? ရင်ခုန်သံမြန်သွားတဲ့သာဝက အမှန်အတိုင်းပဲ ပြန်ဖြေလိုက်ပါတယ်၊ ”လိုချင်တာမှနန့်နန့်တက်ပါပဲ”ပေါ့၊ ကိုယ့်အချင်းချင်းတွေပဲ၊ ဘာရှက်စရာလိုလဲ၊ ကြည့်လေ သာဝစိတ်ထဲက ကြိတ်ပြီး မနာလိုဖြစ်နေရတဲ့ ဟိုအမကြီးဆိုရင် အဲ့ဒီဘွဲ့နဲ့ နိုင်ငံတကာမှာ၊ နေရာတကာမှာ အရေးပါနေတာ၊ အရပ်မတိမ်းမယိမ်းဖြစ်သူအချင်းချင်း၊ သာဝထက်ခေါင်းတစ်လုံးပိုသာနေတာ ဒီဘွဲ့ကြောင့်ပဲပေါ.၊ ပြီးတော့ ICJတို့ ICCတို့တက်ရမယ်ဆိုရင်လည်း နိုဘယ်ဆုမျက်နှာနဲ့ သာဝကျခံရမယ့် အပြစ်ဒဏ်တွေ နည်းနည်းပါးပါး များ နည်းသွားမလားပေါ့။

ခွက်ခွက်လန်တို့က အကြောင်းသိတွေဆိုတော့ သာဝရဲ့အညှာကို ကိုင်လိုက်တာ၊ သာဝက သူတို့ကိုပြောခဲ့ဘူးတယ်လေ၊ နိုဘယ်ဘွဲ့.ဆိုတာ ဝယ်လို့ရရင် ဘယ်လောက်ဘဲဖြစ်ဖြစ်၊ ဦးပိုင်ပိုက်ဆံနဲ့ ဝယ်ချင် တယ်လို့၊ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့တော့ မဟုတ်ပါဘူး။ အခု သူတို့က သာဝကိုပြောတယ်၊ “မဲစားရင်းစစ်တယ်ဆိုတာ နိုဘယ်ဆုအတွက် လမ်းပြမြေပုံ”ဆိုပဲ၊ သာဝ လည်ထွက်သွားတယ်။ မဲစာရင်းစစ်ဖို့ ဝင်ပါစေချင်လို့ သူ့ကို ဂျင်းလာထည့်နေတာလို့ ထင်သွားတယ်၊ ဟုတ်တယ်လေ ဒီလူတွေက ဘာယုံရမှာမှတ်လို့၊ သာဝတို့တစ်သိုက်ဟာ လိမ်စရာမရှိရင် ကိုယ့်ပေါင်ကိုပြန်ဆွဲလိမ်နေသူကြတွေဆိုတော့ လွယ်လွယ်နဲ့ လက်ခံလို့မရဘူး၊ ကဲရှင်းပြ ဆိုတော့ပရိုဂျက်တာကြီးထုတ်ပြီး သာဝကို နားချပါတော့တယ်၊ ရွေးကောက်ပွဲအတွက်သာ မည်မည်ရရမလုပ်ခဲ့ကြတာ အခုလိုကလိမ် ကညစ်လုပ်ဖို့ကြတော့ တော်တော်လေးပြင်ဆင်လာကြတယ်၊ နားထောင်လို့အဆုံးမှာ သာဝရင်တွေ ဒိုင်းကနဲဒိုင်းကနဲခုန်လာတယ်၊ ”နိုဘယ်ငြိမ်းချမ်းရေးဆု”ဆိုတာ သာဝနဲ့ လက်တစ်ကမ်းမှာ ပါပဲလား။

ကဲသေသေချာချာနားထောင်၊ သာဝကိုယ်တိုင်လည်း အစက ဝိုးတိုးဝါးတားပါပဲ၊ သူတို့ပြောတာတွေက အခုတစ်ကမ္ဘာလုံးမှာ ကိုဗစ်ကြောင့် စီးပွါးရေးတွေကျနေတယ်တဲ့၊ အဲဒီတော့ လေ့ကျင့်သင်ကြားရေးနယ်ပယ်မှာလည် းပိုစျေးသက်သက်သာတဲ့ တက္ကသိုလ်ကောလိပ်တွေကို ရှာဖွေလာကြသတဲ့၊ စစ်တက္ကသိုလ်တွေလည် းဒီအတိုင်းပဲ၊ ကုန်ကျစားရိတ်နည်းမယ့် နိုင်ငံကစစ်တက္ကသိုလ်ကို ပြောင်းရွှေ့သင်ကြားဖို့၊ ကမ္ဘာ့နိုင်ငံ အတော်များများကကြံရွယ်နေကြတယ်။ ခက်တာက စျေးချိုတဲ့နိုင်ငံတွေက စစ်တက္ကသိုလ်တိုင်းမှာ သင်ကြားတဲ့ဘာသာရပ်တွေက အားလုံးအတူတူဘဲ ဆိုတော့ သာဝတို့ကျောင်းအနေနဲ့ ဒီစျေးကွက်ကို ဝင်ရမှာ တော်တော်ခက်တယ်တဲ့၊

သာဝကို တချက်အကဲခတ်ပြီး ဆက်ပြောတယ်၊ တစ်ကယ်လို့ ဒို့ဆီမှာစစ်တက္ကသိုလ် သင်ရိုးညွှန်း တန်းတွေအပြင် မဲစာရင်းစစ်နည်းပါ သင်လိုက်ရင် သူများနိုင်ငံတွေထက် သာသွားပြီ၊ ဘာသာရပ်ပိုများတဲ့ ဒို့ဆီကိုပဲ လာအပ်ကြတော့မှာပေါ့တဲ့၊ ဒီတော့ မဲစာရင်းစစ်တာကို လေးလေးနက်နက်စလုပ်ကြဖို့ လိုအပ်နေပြီ။ ကမ္ဘာမှာမဲစာရင်းစစ်တဲ့စစ်တပ် ဘယ်မှာမှ မရှိဘူးတဲ့လေ၊၊ ဟုတ်တုတ်တုတ်ဘဲ၊

ဒါပေမယ့်သာဝမျှော်လင့်နေတဲ့ နိုဘယ်ဆုနဲ့ဆက်စပ်ပုံက ပါမလာသေးဘူး၊ ဆက်မပြောခင် ခွက်ခွက် လန်တို့က တံခါးတွေလိုက်ပိတ်တယ်၊ ဖုန်းတွေလည်း အားလုံးပိတ်ရတယ်၊ ပြီးတော့မှမေးတယ် “ဒို့ဆီက ကျောင်းဆင်းသွားရင် စစ်ပညာတွေကျွမ်းကျွမ်းကျင်ကျင် တတ်ကြမှာလား”တဲ့၊ တစ်ယောက်မျက်နှ ာတစ်ယောက်ကြည့်ပြီး အားလုံးပြိုင်တူခေါင်းခါယမ်းလိုက်ကြတယ်၊ သာဝက လေသံတိုးတိုးနဲ့ သူတောင် ”ဟန်ကိုယ့်ဖို့ လုပ်နေရတာ၊ လက်နက်မဲ့တဲ့သူတွေကိုဘဲ ခြောက်လှန့်တတ် တယ်” လို့ ဝင်ပြောလိုက်တယ်၊ ခွက်ခွက်လန်တို့က ဆက်ပြောတယ်၊ ဒို့ဆီကကျောင်းဆင်းပြီး သူတို့နိုင်ငံတွေဆီပြန်ရောက်သွားသူတိုင်းက၊ သူတို့အကြောင်းသူတို့သိပြီ းစစ်တိုက်ရမှာလန့်လို့၊ စစ်မဖြစ်အောင် နေလာကြလိမ့်မယ်၊ ဒီလိုနဲ့ကမ္ဘာကြီးမှာ စစ်ပွဲတွေလျော့လာပြီးတစ်ကမ္ဘာလုံးငြိမ်းချမ်းသွားလိမ့်မယ်၊ အဲဒီတော့စစ်ပညာမကျွမ်းကျင်တဲ့ စစ်တက္ကသိုလ်ဆင်းတွေ ကမ္ဘာအနှံ့မွေးထုတ်ပေးတဲ့ သာဝကလွဲရင် ဘယ်သူ နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်ပါ့မလဲဆိုပြီး အဆုံးသတ်လိုက်တယ်၊ အဲဒီမှာပဲ လုံးဝပေါက်သွားပြီဖြစ်တဲ့သာဝလည်း နိုဘယ်ဆုရဘို့အတွက်အတွက် အခြေခံအကျဆုံးဖြစ်တဲ့မဲစာရင်းစစ်ဖို့ သဘောတူလိုက်သတဲ့။ သာဝကခွက်ခွက်လန်တို့ကို ချည်လိုက်သေးတယ် ၊နိုင်ငံတကာသင်တန်းသားတွေကို စစ်ပညာဝင်သင်ပေးဖို့ပေါ့၊ အင်းဘာသာပြန်တော့ ထားပေးရမှာပေါ့။ ဖြစ်ဖြစ်မြောက်မြောက် မရှိတဲ့သူတွေသင်ပေးမှ မတတ်ဖို့ ပိုသေချာမယ်လေ၊ ဒါမှသာဝနိုဘယ်ဆုနဲ့ ပိုနီးစပ်မှာ။

ကဲ အခုဆိုရင် ”ဘာ့ကြောင့် သာဝမဲစာရင်းစစ်ချင်ရတာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေဟာ သာဝရဲ့ မတန်မရာနိုဘယ်ငြိမ်းချမ်းရေးဆုအိပ်မက်နဲ့ အတော်ကြီးဆက်စပ်မှု့ရှိနေတယ်ဆိုတာ စာဖတ်သူများနား လည်ကြပြီလို့ ထင်ပါတယ်။ စာဖတ်သူတိုင်း နဂိုကတည်းက မေးခွန်းထုတ်ခဲ့ကြတဲ့ သာဝရဲ့ဥာဏ်ရည် ဥာဏ်သွေးကိုလည် းဤဆောင်းပါးဖတ်အပြီးမှ ာပိုအကဲဖြတ်လာနိုင်မှာ သေချာပါတယ်။ ကျန်ရှိနေသေးတဲ့ သာဝဒိုင်ယာရီထဲကအကြောင်းအရာများကိုတော့ သာဝမပြုတ်သေးလျှင် ဆက်လက် ရေးသားပါအုံးမယ်။

(ဆားပုလင်းသာပိန်)