မောင်ကျော်မော် - "(CDM) ပြည်သူ့လှုပ်ရှားမှုနဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေးလှုပ်ရှားမှု" မှာပါဝင်ကြ
မောင်ကျော်မော် - "(CDM) ပြည်သူ့လှုပ်ရှားမှုနဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေးလှုပ်ရှားမှု" မှာပါဝင်ကြ
(မိုးမခ) ဖေဖော်ဝါရီ ၆ ၊ ၂၀၂၁
၁။ လူတန်းစား လူ့အလွှာအသီးသီးက ပြည်သူများ ကိုယ်ပိုင်နိုးကြားမှုဖြင့် ပါဝင်ဆင်နွှဲလာတဲ့ (CDM) ပြည်သူ့လှုပ်ရှားမှုနဲ့ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကနေ ပြည်သူတွေရွေးချယ်ခဲ့ကြတဲ့ ပြည်သူ့ကိုယ်စားလှယ်များရဲ့ ပြည်သူ့လွှတ်တော် ခေါ်ယူရေး လှုပ်ရှားမှုကလည်း မှန်ကန်ရဲရင့်တဲ့ခြေလှမ်းများနဲ့ ဖြစ်ပေါ်တိုးတက်လျက်ရှိပါတယ်။ ဒီလှုပ်ရှားမှုနှစ်ခုဟာ ဒီကနေ့ 'မင်းအောင်လှိုင် - မြင့်ဆွေစစ်အုပ်စု' ကို ထိထိမိမိ ပီပီပြင်ပြင် ထိုးနှက်နိုင်ဖို့အတွက် အင်မတန်အရေးပါတဲ့ ဘယ်/ညာ လက်သီးအစုံပဲ ဖြစ်ပါတယ်။
၂။ ဒီလှုပ်ရှားမှု နှစ်ခုဟာ ဒီထက်မက ပိုပြီးအရှိန်အဟုန်မြင့်ကျယ်ပြန်ကြီးမားလာဖို့လိုအပ်နေပါသေးတယ်။ စစ်အုပ်စုကတော့ ဒီနှစ်ခုကိုနည်းမျိုးစုံနဲ့ဖျက်လိုဖျက်ဆီးလုပ်မှာကို အားလုံးက ကြိုတင်သိရှိထားကြပြီးဖြစ်ပါ တယ်။ ကျနော်တို့ပြည်သူများဟာ "ကိုယ်ထူကိုယ်ထ"စိတ်ဓာတ်၊ "ကိုယ့်အားကိုယ်ကိုးရမယ်" ဆိုတဲ့ တည်ကြည်ခိုင်မြဲတဲ့ ယုံကြည်ချက်နဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပိုင်းဖြတ်ပြင်ဆင်ထားကြရမှာပဲ မဟုတ်ပါလား။
၃။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူများကရွေးချယ်ထားတဲ့ ပြည်သူ့အာဏာ (mandate) ပေးအပ်ထားတဲ့ အောက်ဖော်ပြပါ နိုင်ငံရေးပါတီများမှ ပြည်သူ့ကိုယ်စားလှယ်များဟာ "(CDM) ပြည်သူ့လှုပ်ရှားမှုနဲ့ ပြည်သူ့လွှတ်တော်ခေါ်ယူရေးလှုပ်ရှားမှု" နှစ်ခုမှာ မဆိုင်းမတွပါဝင်လာကြဖို့ လေးလေးနက်နက် တိုက်တွန်းပန်ကြားပါရစေ။ အဆိုပါ ကိုယ်စားလှယ်များကို ရွေးချယ်လိုက်ကြသော သက်ဆိုင်ရာမြို့နယ်များက ပြည်သူများကလည်း တိုက်တွန်းပေးပါလို့ ပန်ကြားပါတယ်။
(က) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် - စုစုပေါင်း ကိုယ်စားလှယ် (၄၂) ဦး
(ခ) တအာင်း(ပလောင်)အမျိုးသားပါတီ - စုစုပေါင်း ကိုယ်စားလှယ် (၁၂) ဦး
(ဂ) မွန်ညီညွတ်ရေးပါတီ - စုစုပေါင်းကိုယ်စားလှယ် (၁၂) ဦး
(ဃ) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် - စုစုပေါင်း ကိုယ်စားလှယ် (၁၁) ဦး
(င) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ - စုစုပေါင်းကိုယ်းစားလှယ် (၈) ဦး
(စ) ကချင်ပြည်နယ်ပြည်သူ့ပါတီ - စုစုပေါင်း ကိုယ်စားလှယ် (၄) ဦး
(ဆ) ရခိုင့်ဦးဆောင်ပါတီ - စုစုပေါင်း ကိုယ်စားလှယ် (၃) ဦး
(ဇ) 'ဝ' အမျိုးသားပါတီ - စုစုပေါင်း ကိုယ်စားလှယ် (၃) ဦး
အခြားပါတီများကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပါဝင်စေလိုပါတယ်။
၄။ စုစုပေါင်း ကိုယ်စားလှယ် (၁၅) ဦး ရရှိထားတဲ့ (ANP) ရခိုင်အမျိုးသားပါတီ ကတော့ (၄-၂-၂၀၂၁) ရက်စွဲနဲ့ထုတ်ပြန်တဲ့ ‘ ပြည်သူများသို့ အစီရင်ခံတင်ပြခြင်း’ ဆိုတဲ့ ၎င်းတို့ပါတီရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ အာဏာသိမ်း 'မင်းအောင်လှိုင် - မြင့်ဆွေစစ်အုပ်စု'နဲ့ "လိုအပ်သလို ဆက်စပ်ဆောင်ရွက်သွားမည်" လို့ အတိအလင်း ပြောဆိုထားတဲ့အတွက် ချန်လှပ် ထားခဲ့ ရခြင်းဖြစ်ပါတယ်။
၅။ ဟိုးတစ်ချိန်က ဖဆပလအစိုးရအုပ်စိုးစဉ်ကာလမှာရော၊ ဗိုလ်နေဝင်းစစ်အုပ်စုအာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ကာလများမှာရော၊ (နဝတ-နအဖ) စစ်အုပ်စု အုပ်စိုးစဉ်ကာလများမှာရော ယနေ့ လက်ရှိတည်နေဆဲဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ဘယ်တိုင်းရင်းသားလူမျိုးစု တစ်စုအတွက်ဖြစ်စေ လူမျိုးစုအများအတွက်ဖြစ်စေ 'ဒီမိုကရေစီ - တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်' အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် မတည်ရှိခဲ့၊ မရရှိခဲ့ဖူးပါဘူး။ ပါတီတချို့ - လူပုဂ္ဂိုလ်တချို့ရဲ့ စိတ်ကူးယဉ် တွက်ကိန်းနဲ့ အဆက်ဆက်သော အုပ်စိုးသူများနဲ့ပူးပေါင်းသွားတဲ့ ဖြစ်ရပ်များကတော့ ခေတ်အဆက်ဆက်မှာ ရှိခဲ့ပါ တယ်။ အခုလည်းရှိနေပါတယ်။
အများစုဖြစ်တဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့အကျိုးစီးပွားနဲ့ကင်းလွတ်ပြီး 'ကချင် - ကယား - ကရင် - ချင်း - မွန် - ရခိုင် - ရှမ်း ' စသဖြင့် မည်သည့်လူမျိုးစုရဲ့ 'သီးခြားအခွင့်အရေး' ဆိုတာ မရှိစကောင်းပါဘူး။ ဟိုတုန်းက လည်းမရှိခဲ့ဖူးသလို အခုလည်းမရှိနိုင်ပါဘူး။ နောက်နောက်မှာလည်းမရှိနိုင်ပါဘူး။
အာဏာသိမ်းစစ်အုပ်စုက လူမျိုးစုအဖွဲ့ အစည်းတွေ၊ နိုင်ငံရေး ပါတီတွေကို၊ တစ်ဦးချင်းရော ပါတီအဖွဲ့အစည်းအလိုက်ပါ ချဉ်းကပ်သွေးတိုးစမ်းပြီး မြှူဆွယ်နေတာ တွေကို အားလုံးကြားသိနေကြတာပါပဲ။ ဘယ်ဖက်မှာ ရွေးချယ်ပါဝင် ရပ်တည်ကြမလဲဆိုတာကတော့ သက်ဆိုင်ရာပါတီအဖွဲ့ အစည်းနဲ့ လူပုဂ္ဂိုလ်များရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ဆုံးဖြတ်ချက်ပါပဲ။ အကြောင်းပြချက်တွေ ဘယ်လိုပဲ ပေးပေး အချိန်ကာလ နဲ့သမိုင်းက သင်တို့ရဲ့ သဘောထားနဲ့ လုပ်ရပ်ကို အဖြေပေးမှတ်တမ်းတင်ပါလိမ့်မယ်။
၆။ ပြည်သူများနဲ့အတူတက်ကြွသူကျနော်တို့မျိုးဆက်သစ်လူငယ်များကတော့"(CDM)ပြည်သူ့လှုပ်ရှားမှုနဲ့ပြည်သူ့ လွှတ်တော် ခေါ်ယူရေးလှုပ်ရှားမှု"ယခုထက်ပိုမိုအရှိန်အဟုန်မြင့်မားလာရေးနဲ့ကျယ်ပြန့်လာစေရေး ဆိုတဲ့ ပင်မဦးတည်ချက်ကို တည့်မတ် တည်ကြည်စွာအာရုံစိုက်ပြီး လုပ်ဆောင်သွားကြရမှာပါဖြစ်ပါတယ်။
ရိုသေစွာဖြင့်
မောင်ကျော်မော်
၆ ဖေဖေါ်ဝါရီ ၂၀၂၁
မောင်ကျော်မော်
၆ ဖေဖေါ်ဝါရီ ၂၀၂၁
ရိုသေစွာဦးတင်လျှောက်ထားအပ်ပါသည် အရှင်သူမြတ်တို့ဘုရား
ပြီးခဲ့သော ဇန်နဝါရီ ၂၉ ရက်နေ့စွဲဖြင့် ဆရာတော်အရှင်သူမြတ်တို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အရပ်ရပ်အခြေအနေများကို အဖက်ဖက်က ထောက်ရှုပြီး “မေတ္တာရပ်ခံချက်” တစ်စောင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာကို တပည့်တော်တို့ အများပြည်သူက ဖတ်ရှုခဲ့ကြရပါတယ်။
အရှင်ဘုရားတို့က “တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းနဲ့အညီငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာကြရန်” မေတ္တာရပ်ခံခဲ့ ပါသော်လည်း တစ်ဖက်က ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့အုပ်စုဟာ ဘာကိုမှမထောက်ထား ဘာကိုမှမဆင်မခြင်ဘဲ သေနတ် အားကိုးပြီး ‘ဘာမဆိုလုပ်ရဲတယ်’ ဆိုတဲ့ သေးနုတ်သိမ်ဖျင်းလွန်းတဲ့ အတ္တအာဃာတမိုက်မဲမှုဖြင့် ‘အာဏာသိမ်း’ခဲ့တာ ကို အရှင်ဘုရားတို့ ကြားသိတော်မူကြပြီးတဲ့အတိုင်းပါပဲဘုရား။
ပိုးဖလံမျိုးမီးကိုတိုးဆိုတဲ့ စကားပမာလိုပါပဲဘုရား။ သူတို့ရှေ့ဆက်ကာ ပိုပြီး ရမ်းကားမိုက်မဲမှုတွေ အကြမ်းဖက်မှု တွေကို ထပ်တိုးလုပ်လာအုံးမယ့် အရိပ်အယောင်တွေကို အထင်အရှား မြင်တွေ့နေရပါတယ်ဘုရား။
ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့အုပ်စုက သူတို့ရေးခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကိုပင် ကျော်လွန်းချိုးဖောက်ပြီး ထင်ရာ စိုင်းလုပ်ဆောင်နေမှုတွေဟာ ‘နိုင်ငံရေး၊ ဥပဒေ၊ ကျင့်ဝတ်’ စတဲ့ ရှုထောင်ပေါင်းစုံကနေ ဘယ်လိုပင်စိစစ်ကြည့်ရှု ပါသော် လည်း ဘယ်လိုမှအကြောင်းအကျိုးမျှတ ဆီလျော်ကိုက်ညီခြင်း အလျဉ်းမရှိတာကို အထင်သားအရှင်းသားမြင်တွေ့နေရပါ တယ်ဘုရား။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကပင် သူတို့အုပ်စုရဲ့လုပ်ရပ်တွေကို ရှုံ့ချပြစ်တင်ကန့်ကွက်လျက်ရှိနေပါပြီဘုရား။
(မဆလ) တစ်ပါတီခေတ်၊ (နဝတ-နအဖ) စစ်အစိုးရခေတ် စတဲ့ခေတ်ဆိုးခေတ်မှောင်များထဲက ဗိုလ်နေဝင်း၊ ဗိုလ်စိန်လွင်၊ဗိုလ်သန်းရွှေ၊ဗိုလ်ခင်ညွန့် စတဲ့ ဆိုးသွမ်းစစ်ဗိုလ်များရဲ့ကောက်ကျစ်ယုတ်မာမှုမျိုးစုံကို တပည့်တော်တို့ ပြည်သူ များ ရင်ဆိုင်ဖြတ်သန်းခဲ့ဖူးပါသော်လည်း ယခုလက်ရှိ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့လုပ်ရပ်ကတော့ ‘နောက်လာတဲ့ မောင်ပု လဲ ဒိုင်းဝန်ထက်ကဲ’ ဆိုသလို ဗြောင်အကျဆုံး အမောက်မာဆုံး အရိုင်းပြဆုံး လုပ်ဆောင်ချက်ဖြစ်လိမ့်မယ်လို့ စဉ်းစား ယူဆမိ ပါတယ်ဘုရား။
ထို့အပြင် ယခုကဲ့သို့ အမောက်မာဆုံး အရိုင်းပြဆုံးလုပ်ဆောင်ချက်ကို လူတန်းစားလူ့အလွှာအသီးသီးပြည်သူများက တတ်နိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ တစတစအုံကြွဆန့်ကျင်လာကြတာကလည်း ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူဘဲ တမူထူးခြား ကာ ကျယ်ပြန့်ကြီးထွားလာလျက်ရှိပါတယ်ဘုရား။ ဆက်လက်ပြီးတော့လည်း ပိုမို အရှိန်အဟုန်မြင့်မားကျယ်ပြန့်လာ ဖို့သာ ရှိပါတယ်ဘုရား။ သေနတ်အားကိုးပြီး ဘာမဆိုလုပ်မယ့်သူတွေကို တပည့်တော်တို့ပြည်သူများမှာ ဘာပဲ ဖြစ်ဖြစ် ရဲရဲ ရင်ဆိုင်ရ တော့မယ်လို့ ကိုယ်စီကိုယ်စီ ပိုင်းဖြတ်ပြီး စွမ်းရာကနေ ပါဝင်လာနေကြရပါပြီဘုရား။
လက်ဗလာခြေဗလာနဲ့ တပည့်တော်တို့ပြည်သူများမှာ ‘တရားရှိရင်ကူသူများတယ်’ ဆိုတဲ့ အကောင်းမြင် စိတ်ဓာတ် ကို ရင်ဝယ်ပိုက်ပြီး အဆိုးဆုံးကို ရင်ဆိုင်ကြဖို့ ပြင်ဆင်သင့်တာကို ပြင်ဆင်နေကြရတာကို အရှင်ဘုရားတို့ထံ အသိပေး လျှောက်ထားခြင်းပါဘုရား။
သို့ပါ၍ သေနတ်အားကိုးနဲ့ဘာမဆိုလုပ်မယ့် သူတို့ရဲ့လူမဆန်တဲ့အရိုင်းမာန်စွယ်အန္တရာယ်ကို “နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့” ဆရာတော်အရှင်သူမြတ်တို့က တိုင်းသူပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ မထိခိုက်ရစေခြင်း အကျိုးငှာ “ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ” ဆိုသလို ထိန်းကျောင်းတည့်မတ် ဆုံးမပေးပါရန် တောင်းပန်လျှောက်ထားအပ်ပါ သည် အရှင်သူမြတ်တို့ ဘုရား
ရိုသေစွာဦးတင်လျက်
မောင်ကျော်မော်
၆ ဖေဖေါ်ဝါရီ ၂၀၂၁
မောင်ကျော်မော်
၆ ဖေဖေါ်ဝါရီ ၂၀၂၁
နှိုင်းယှဉ်စရာ တချိန်က အချက်အလက်အချို့
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို (၁၆-၉-၁၉၉၈) ရက်နေ့တွင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်အလိုက်ရွေးချယ်အောင်နိုင်မှုအလိုက် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်တို့ လက်တွဲလျက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၅၁) ဦးတို့မှ လွှဲအပ်ပေးထားသည့်လုပ်ပိုင်ခွင့် (mandate) အရ တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၃၉၂ နေရာ
၂။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် - ၂၃ နေရာ
၃။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ၁၁ နေရာ
၄။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ - ၅ နေရာ
၅။ အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီ - ၄ နေရာ
၆။ အမျိုးသားဒီမိုကရေစီပါတီ - ၃ နေရာ
၇။ ဇိုမီးအမျိုးသားကွန်ဂရက် - ၂ နေရာ
၈။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် - ၁ နေရာ
၉။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ - ၁ နေရာ
၁၀။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ - ၁ နေရာ
၁၁။ တသီးပုဂ္ဂလ - ၁ နေရာ
လွန်ခဲ့သော ၂၃ နှစ် ဟိုတချိန်ကဒီလို (CRPP) ဖွဲ့စည်းခဲ့တာဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကြီးပြီးတဲ့နောက် ၈ နှစ်အကြာမှာ ဖွဲ့စည်းရတာပါ။ စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် (၁၀) ဦးသာရှိပြီး နောက်ပိုင်းမှာ (၁၉) ဦးထိတိုးချဲ့နိုင်ခဲ့ပါတယ်။
ဒီကနေ့ အခြေအနေအချက်အလက်များနဲ့ ယှဉ်ထိုးကြည့်နိုင်ကြဖို့ပါ။
- ဖော်ပြပါ အချက်အလက်များကို ကိုယ်ပိုင်မှတ်စုနဲ့ ဦးခင်ကျော်ဟန် (၁၉၉၀၊ ရေနံချောင်းမြို့နယ်၊ အမှတ် ၂၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) ပြုစုတဲ့ မှတ်တမ်းထဲက ရယူပါတယ်။
- ( ခင်မင်လေးစားရသော ဦးခင်ကျော်ဟန်တို့မိသားစုကျန်းမာပါစေ၊ သတိရလျက်ပါ)
ရိုသေစွာဖြင့်
မောင်ကျော်မော်
၆ ဖေဖေါ်ဝါရီ ၂၀၂၁
မောင်ကျော်မော်
၆ ဖေဖေါ်ဝါရီ ၂၀၂၁