Breaking News

စစ်ဘေးဒုက္ခ ရင်ဆိုင်နေကြရချိန် မုတ်သုံရာသီ ရေကြီး မြေပြိုမှုတွေ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၆


စစ်ဘေးဒုက္ခ ရင်ဆိုင်နေကြရချိန် မုတ်သုံရာသီ ရေကြီး မြေပြိုမှုတွေ

၅ နှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ နှစ်စဥ်မိုးရာသီမှာ ကျရောက်လေ့ရှိတဲ့ မုန်တိုင်း၊ ရက်ဆက်မိုးသည်းထန်ပြီး ရေကြီးတဲ့ သဘာဝဘေးဒဏ်တွေကို ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ စတင်ခံစားနေကြရပြီဖြစ်ပါတယ်။ မိုးရာသီအလယ်ပိုင်းကာလကို ဝင်ရောက်လာချိန်မှာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေချောင်းရေတွေ မြင့်တက်လာကာ လူနေထိုင်ရာ မြို့နဲ့ ကျေးရွာတွေ ရေနစ်မြုပ်မဲ့အခြေအနေမျိုး ဖြစ်လာနေတာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် မေလက မိုခါ အမည်ရှိတဲ့ အပူပိုင်းမုန်တိုင်း ရခိုင်ပြည်နယ်ကို ဝင်ရောက်စဥ်က ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး ထိုစဥ်က ရခိုင်ပြည်နယ်ဒေသအများအပြားကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ အဲဒီနှစ် မေလလယ် မုန်တိုင်းဝင်ရောက်ပြီးနောက် အာဏာသိမ်းစစ်အစိုးရက ကူညီကယ်ဆယ်ရေး အချို့ဒေသတွေမှာ လုပ်ဆောင်ခဲ့ပေမဲ့ လုံလောက်တဲ့ ကူညီမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုတွေ မရခဲ့ကြပါဘူး။ 

ရခိုင်ပြည်နယ် အနေနဲ့ အခု ၂၀၂၆ ခုနှစ် မုတ်သုံရာသီမှာ ရေကြီးတာကို ပထမဆုံး စတင်ကြုံတွေ့လာကြရပြန်တာ ဖြစ်ပါတယ်။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ရခိုင်ပြည်နယ်အနေနဲ့ နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန်အထိ ရေကြီးတဲ့အခြေအနေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြောင့် ရခိုင်အခြေစိုက်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့ မဟာမုနိဘုရားတဝိုက်မှာ ရေတွေနဲ့ ပြည့်နေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ တွေ့မြင်ရပါတယ်။ 

၂၀၂၃ ခုနှစ်မေလ မိုခါ မုန်တိုင်းပြီးနောက် အခုတကြိမ် ရခိုင်ပြည်နယ်မှာ ရေကြီးမှုနဲ့ ကြုံတွေ့လာရရင် ပြည်မဘက်က ကုန်စည်တင်သွင်းမှုကို ပိတ်ဆို့ခံနေရတဲ့ ရခိုင်ပြည်နယ်က ပြည်သူလူထုအနေနဲ့ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြရမလဲ ဆိုတဲ့ မေးခွန်းက အဖြေမရှိသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်ကောင်စီက ထုတ်ပြန်တဲ့ ဆုံးရှုံးမှု ကိန်းဂဏန်းတွေ အရဆို မုန်တိုင်းကြောင့် လူနေအိမ် ၁ သိန်း ၈သောင်းကျော်၊ စာသင်ကျောင်း ၁၃၀၀ ကျော်၊ ရုံးအဆောက်အဦ ၃၀၀ ၊ ဆေးရုံဆေးခန်း ၂၂၀ နဲ့ ဘာသာရေးအဆောက်အဦ ၁၇၀၀ ကျော် ပျက်စီးပြီး ၁၄၅ ဦး အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ AA လက်နက်ကိုင်တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းကို ULA/AA က ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလကတည်းက အာဏာသိမ်းစစ်အစိုးရက ရခိုင်ပြည်နယ်ကို ပို့ဆောင်မဲ့ ကုန်စည်၊ ရခိုင်ပြည်နယ်က ပြည်မဘက်ကို တင်ပို့မဲ့ ကုန်စည်နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ လုပ်ဆောင်တဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ဆိုင်းသွားခဲ့တာကြောင့် ရခိုင်ပြည်နယ်က ပြည်သူလူထုအနေနဲ့ ပိတ်ဆို့မှုအောက်မှာ ၂ နှစ်ကျော် သုံးနှစ်နီးပါး နေထိုင်နေကြရတာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေအောက်မှာ သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့အခါ ဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို ဘယ်သူတွေက လုပ်ဆောင်ကြမလဲ။ ဘယ်လို အုပ်ချုပ်ရေးယန္တရားက လုပ်ဆောင် ကြမလဲဆိုတာ စောင့်ကြည့်ကြရမဲ့ အနေအထားပါ။ 

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အောင်မြင်မှုတွေ ရရှိထားတဲ့ ULA/AA အနေနဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးတွေ ဖော်ဆောင်နေပြီးဖြစ်ကာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ ကယ်ဆယ်ရေးနဲ့ ကူညီရေးတွေကို ဘယ်လို စီမံလုပ်ဆောင်မလဲ၊ ရံပုံငွေ၊ အရေးပေါ် အကူအညီ ထောက်ပံ့မှုတွေကို အခုလို စစ်မက်ဖြစ်ပွားနေချိန် မှာ အဆင်ပြေအောင် စီမံခန့်ခွဲနိုင်ဖို့ အတော်လေးကြိုးပမ်းရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

သဘာဝဘေးအန္တရာယ်က ရခိုင်ပြည်နယ် တခုတည်းကို သက်ရောက်တာမျိုး မဟုတ်ဘဲ ယခုကာလတွေမှာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာလည်း ကျရောက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တဝိုက်မှာလည်း ချောင်းရေတွေ မြင့်တက်လာကာ မြို့ရဲ့လူနေရပ်ကွက်တွေ အထိ ရေဝင်ရောက်လာတာ တွေ့ရပါတယ်။ ကချင်ပြည်နယ် ဖားကန့်လို ကျောက်စိမ်းတူးဖော်တဲ့ မှော်တွေ၊ ရွာတွေမှာလည်း ချောင်းရမြင့်တက်လာတာ၊ ကျောက်စိမ်းမှော်တွေမှာ မိုးကြီးပြီး မြေပြိုလို့ လူသေပျောက်တာတွေ ရှိတဲ့ အဖြစ်တွေက မထူးဆန်းတော့တဲ့ အဖြစ်အပျက်သဖွယ် ဖြစ်နေတာ တွေ့ရပါတယ်။ 

ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရေကြီးမှုတွေက ကျောက်မျက်အလွန်အကျွံတူးဖော်တာ၊ မြစ်ချောင်းတွေမှာ ယန္တရားစက်တွေနဲ့ ရွှေမျောလုပ်ငန်းတွေကြောင့် ဘေးအန္တရာယ်ကျရောက်ဖို့ အခြေအနေကို ပိုအားဖြည့်ပေးနေတဲ့ သဘောလည်း တွေ့မြင်ကြရပါတယ်။ 

ဥရုချောင်း ချင်းတွင်းမြစ်အထက်ပိုင်း စတဲ့ နေရာဒေသတွေမှာ ရွှေမျောတွေကြောင့် မြစ်ချောင်းတွေ ရေစီးတဲ့လမ်းကြောင်း ပျက်စီးလာသလို မြစ်ကြမ်းပြင်မှာ သဲနုန်းတွေ အနယ်ထိုင်ပြီး မြစ်ချောင်းတွေ တိမ်ကောလာနေတာလည်း ဖြစ်ပါတယ်။ မြစ်အထက်ပိုင်းမှာ သစ်တောပြုန်းတီးမှုတွေ များလာလေလေ မြစ်အောက်ပိုင်းဒေသတွေမှာ ရေကြီးမှုကို ခံစားရဖို့ အခွင့်အလမ်းများလာလေလေ ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ တောက်လောင်နေပေမဲ့ ရွှေနဲ့ ကျောက်မျက်ရှာဖွေမှု၊ တူးဖော်ထုတ်လုပ်မှုတွေက အရှိန်အဟုန် လျော့ပါးသွားခြင်း မရှိဘဲ စစ်ပွဲတွေအတွက် ကုန်ကျတဲ့ ရံပုံငွေဖြည့်တင်းနိုင်ဖို့အတွက် သယံဇာတ အလွန်အကျွံ ထုတ်ယူတာကို ဘယ်အဖွဲ့အစည်းကမှ ကန့်ကွက်တားဆီးနိုင်ခြင်း မရှိတာတွေ့ရမှာပါ။ 

ပတ်ဝန်းကျင် ပျက်စီးလာလေလေ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်နိုင်ချေမြင့်တက်လာလေလေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို အဆိပ်သင့်စေရုံမျှမက ရေကြီးမြေပြိုတဲ့ အန္တရာယ် ဖြစ်နိုင်ခြေတွေကိုပါ တွန်းအားဖြစ်စေတာပါ။ 

ယခုနှစ် မုတ်သုံမိုးရာသီဟာ ယခင်နှစ်တွေနဲ့ မတူဘဲ ဆူပါအယ်လ်နီညို ဖြစ်စဥ်ကြောင့် ပုံမှန်ရာသီဥတု အနေအထားမဟုတ်တော့ဘဲ အစွန်းရောက်ပြင်းထန်တဲ့ အပူချိန်နဲ့ မျှော်လင့်မထားတဲ့ မိုးသည်းထန်မှုတွေ၊ အပူပိုင်းမုန်တိုင်းတွေနဲ့ ရင်ဆိုင်ကြရမဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်ဖြစ်ပွားခြင်း မရှိတဲ့ နိုင်ငံတွေ အနေနဲ့တော့ ၂၀၂၆-၂၀၂၇ ဆူပါအယ်လ်နီညိုဖြစ်စဥ် နဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်မှုတွေ ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ပြီး လူထုနဲ့ အစိုးရအကြား ပူးပေါင်းကာကွယ်မှုတွေလည်း လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး ဖြစ်ပေမဲ့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအဖို့တော့ သဘာဝဘေးအန္တရာယ်နဲ့ စစ်ပွဲဒဏ်ကို ဘူးလေးရာဖရုံဆင့် သဖွယ် ပိုမိုခက်ခဲကျပ်တည်းစွာနဲ့ ရင်ဆိုင်ကြရမဲ့ အနေအထားလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar