Breaking News

မောင်လူမွှေး - လူပေါင်းတရာ့ခြောက်ဆယ်အတွက် တမနက်စာ လုပ်အားခနဲ့ လူသားချင်းစာနာမှု


မောင်လူမွှေး - လူပေါင်းတရာ့ခြောက်ဆယ်အတွက် တမနက်စာ လုပ်အားခနဲ့ လူသားချင်းစာနာမှု

မိုးမခ ၊ ဇူလိုင် ၁၀ ၊ ၂၀၂၆


ဒီနေ့အဖို့တော့ မောင်လူမွှေးတစ်ယောက် ပင်ပန်းပေမဲ့ ပင်ပန်းရကျိုးနပ်တဲ့ နေ့တစ်နေ့ ဖြစ်တယ်။ မနက် အိပ်ရာထပြီးတာနဲ့ စာသွားသင်ရတယ်။ ၉ နာရီ ထိုးတာနဲ့ လူငယ်တစ်ယောက်ကို အဖော်ခေါ်ပြီး စစ်ရှောင်ကျောင်းတွေဆီ သွားခဲ့တယ်။ ခရီးက အသွားအပြန်ဆို မိုင်သုံးဆယ်ဝန်းကျင်တော့ ရှိတယ်။ ဒီနှစ်ဟာ ပြီးခဲ့တဲ့နှစ်ကထက် စစ်ရှောင်တွေ ပိုများလာတယ်။ စစ်ရှောင်စခန်းအသစ်တွေ တိုးတယ်။ စစ်ရှောင်ကျောင်းအသစ်တွေလည်း တိုးပြီး စစ်ရှောင်ကျောင်းသားလည်း ပြီးခဲ့တဲ့နှစ်ကထက် ရာချီပြီး များပြားလာပါတယ်။

အခု မောင်လူမွှေး သွားနေတာက ဒီနှစ်မှ စစ်ရှောင်ကျောင်းအဖြစ် ဆောက်လုပ်ပြီး ပညာရေးစတင်လည်ပတ်ရတဲ့ နေရာကို ဖြစ်တယ်။ ကျောင်းကို ရောက်တော့ တောထဲမှာ ရာဂဏန်းရှိတဲ့ အစိမ်းအဖြူနဲ့ ကလေးလေးတွေကို တွေ့ရတယ်။ မောင်လူမွှေးလည်း အမေရိကက မောင်လူမွှေး ဆရာတွေဆီကနေတဆင့် လက်ခံရရှိတဲ့ အလှူငွေနဲ့ ဝယ်ထားတဲ့ စာအုပ်တွေကို ကလေးတွေကို ပေးဝေလိုက်တယ်။ မူလတန်းအောက်ဆင့် ကလေးတစ်ယောက်ကို ဗလာစာအုပ် နှစ်အုပ်နှုန်း ရတယ်။ ကလေးတွေကတော့ သူတို့ရတဲ့ စာအုပ်လေးတွေကို ကြည့်ပြီး ပျော်နေကြတယ်။

တကယ်တော့ စာသင်ကျောင်းဆောင်နဲ့ ကျောင်းသူကျောင်းသားအချိုးဟာ မျှတမှုမရှိပါဘူး။ စာသင်ခန်းတွေက ကပ်လျက်မို့ အသံတွေဟာ ဆူညံနေတယ်။ ဆရာ၊ ဆရာမလေးတွေခမျာ နေရာအနေအထားကြောင့် စာသင်ကြားရတာ နှစ်ဆ ပင်ပန်းပြီး ထိရောက်မှုကတော့ အားထုတ်မှုရဲ့ ထက်ဝက်တောင် ရှိပါ့မလား။ ဒီလိုအနေအထားမှာ သင်နေကြရရှာတဲ့ ဆရာ၊ ဆရာမလေးတွေကို မောင်လူမွှေး ကရုဏာသက်မိတယ်။ စာသင်ကျောင်းဆောင်နှစ်ခုဟာလည်း အမိုးမြင့်ပေမဲ့ အကာက မလုံဘူး။ ဒီတော့ မိုးရွာရင် စာသင်လို့မရသလို နေပူရင်လည်း မလွယ်၊ ဆောင်းရောက်ရင် တုန်နေအောင် ချမ်းကြမှာ သေချာနေတယ်။

"ကျနော်တို့က တစ်နေကုန် သင်ချင်ရင်တောင် သင်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ ခုတပိုင်းစီတက်တာတောင်မှ လူနဲ့ကျောင်းနဲ့က မမျှဘူး" လို့ ကျောင်းတာဝန်ခံဆရာက ပြောပြတယ်။ စာသင်ခန်းတွေ ကပ်နေတာကြောင့် သင်ကြားရေးလုပ်ရတာ အားမရကြောင်း ဆရာ၊ ဆရာမလေးအချို့က ပြောပြကြပါတယ်။

"ဒီကျောင်းဆောင်နှစ်ခုဆောက်တာတောင် သိန်းကိုးဆယ်ကျော် ကုန်တယ်ဗျာ။ ဒီဟာကိုတောင် အလောဆောက်ရတာ" လို့ အုပ်ချုပ်ရေးဘက်ကလည်း ဆိုတယ်။

"ကျနော် နောက်ထပ် ကျောင်းဆောင်ဆောက်နိုင်အောင် ကြိုးစားကြည့်ပါဦးမယ်။ အာမတော့ မခံနိုင်ဘူး" လို့ မောင်လူမွှေးက ပြောတော့ သူတို့မျက်နှာမှာ ဝမ်းသာရိပ်သန်းသွားတာကို မြင်ရတယ်။

အခု သူတို့ဆီကို ပေးအပ်နိုင်တဲ့ စာအုပ်က မူလတန်းအောက်ဆင့် ကလေးတစ်ယောက်ကို နှစ်အုပ်သာ ဖြစ်တယ်။ ဒါပေမဲ့ ဒီစာအုပ်နှစ်အုပ်ဖိုးဟာ ကျောင်းသားမိဘတစ်ယောက် အခင်းတော အငှားလိုက်ရင် တမနက်စာ လုပ်အားခနီးပါး ဖြစ်ပါတယ်။ တမနက်စာ လုပ်အားခလို့သာ ပြောရတယ်။ လိုက်လုပ်စရာ အလုပ်လည်း လတ်တလော မရှိကြပါဘူး။ ဒီတော့ အမေရိကက အလှူရှင်တွေရဲ့ ဒေါ်လာနှစ်ရာအလှူဟာ မောင်လူမွှေးတို့ဆီက ကျောင်းသားမိဘ တစ်ရာ့ခြောက်ဆယ်ကျော်ရဲ့ တမနက်စာ လုပ်အားခကြီးဆိုတော့ မနည်းဘူးလို့ ဆိုရမယ်။

"စာအုပ်အလှူထက် ကျမတို့ကို ပစ်မထားဘူးဆိုတဲ့ ခံစားချက်ကို ရတာက အဖိုးတန်တယ်ဆရာ။ တန်ဖိုးရှိတယ်" လို့ ကျောင်းအရေးမှာ တက်တက်ကြွကြွ ဆောင်ရွက်ပေးနေတဲ့ ဆရာမတစ်ယောက်က သူ့ခံစားချက်ကို ပြောပြတယ်။ ဟုတ်တာပေါ့။ Myanmar Spring Humanity ဆိုတာ မြန်မာ့နွေဦးတော်လှန်ရေး လူသားချင်းစာနာမှုပေပဲ။ ဒီအဖွဲ့က ပစ္စည်းတွေသာမက ကိုယ့်တိုင်းသူပြည်သားအချင်းချင်း စာနာတယ်ဆိုတာကို စဉ်ဆက်မပြတ် ပြနေတာလို့ ဆိုနိုင်တယ်။ နောက်အလှူရှင်တစ်ဦးကတော့ ကိုယ့်တိုင်းပြည်မှာ ဒုက္ခရောက်နေတဲ့သူတွေအတွက် အမြဲစိတ်အားထက်သန်နေတဲ့ ကိုတင်မောင်ဝင်းနှင့် ဓမ္မရိပ်မိသားစု ဖြစ်ပါတယ်။ မောင်လူမွှေးရှေ့တင် သူ့အလှူဒါနရိပ်မှာ ပျော်ရွှင်ပြီး စာအုပ်ကလေးတွေ ကိုင်နေတဲ့ ကလေးတွေကို မြင်ရပါတယ်။ ပျော်ရွှင်စွာ ကျောင်းဆောက်နေကြတဲ့ ကျောင်းကော်မတီ တောသားကြီးတွေကိုလည်း မြင်ခဲ့ရဖူးပါတယ်။

စာအုပ်တွေပေးလှူတဲ့ စစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမတွေကို အားပေးစကားပြောပြီး ပြန်ခဲ့တယ်။ လမ်းမှာ နောက်ထပ် စစ်ရှောင်ကျောင်းတစ်ကျောင်းက ဆရာမလေးတွေကိုလည်း ဝင်တွေ့ခဲ့တယ်။ 

"မကြာ မကြာ လာပါဆရာရယ်" လို့ သူတို့က မောင်လူမွှေးကို မှာတယ်။ မောင်လူမွှေးတစ်ယောက်လည်း လူသားချင်းစာနာမှုနှင့် ပညာရေးအတွက် ဟင်းကောင်းကောင်းစားရရေးထက် ဆိုင်ကယ်ဓာတ်ဆီကောင်းကောင်းထည့်နိုင်ရေးကို ပိုအာရုံစိုက်ရမယ်လို့ ဆိုင်ကယ်စီးရင်း တွေးမိပါတော့ခင်ဗျာ။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar