ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့နယ် ရေကြီး၊ အာဆီယံစကား နားမထောင်တဲ့ မြန်မာစစ်အာဏာသိမ်းအစိုးရ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၆
ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့နယ် ရေကြီး၊ အာဆီယံစကား နားမထောင်တဲ့ မြန်မာစစ်အာဏာသိမ်းအစိုးရ
ရခိုင်ပြည်နယ် အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း မြို့နယ် ၄ မြို့နယ်မှာ ရေကြီးနေပြီး မိုးဆက်လက်ရွာသွန်းနေတာကြောင့် ရေဘေးအန္တရာယ်ကျရောက်လာနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မုတ်သုန်ရာသီဝင်ရောက်ပြီး ၁ လကျော်အကြာ အနောက်ဘက် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် ရခိုင်ပြည်နယ်မှာ မိုးရက်ဆက်သည်းထန်ရာက မြစ်ရေ ချောင်းရေမြင့်တက်လာနေပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ၄ မြို့နယ်မှာ ရေကြီးနေတာ ဖြစ်ပါတယ်။ မိုးလေဝသ ခန့်မှန်းချက်အရ နောက်တပတ်လောက်ထိ ဆက်ပြီး မိုးသည်းထန်နိုင်ခြေရှိတယ်လို့ဆိုတာကြောင့် အခြေအနေတွေက ပိုဆိုးလာနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
မိုးလေဝသ ခန့်မှန်းမှုတွေရဲ့ အဆိုအရ နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးရေကြီးနိုင်တဲ့ အလားအလာရှိနေတယ်လို့လည်း သိရပါတယ်။ ၂၀၁၈/၂၀၁၉ ခုနှစ်တွေကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ရာက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီမှာ ခေတ္တရပ်နားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်အကြာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းကနေ ၂၀၂၄ တနှစ်လုံး ရခိုင်ပြည်နယ် အနှံ့အပြား စစ်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးဒဏ်သင့်နေတဲ့ အခြေအနေမှာ အခုလို သဘာဝဘေးအန္တရာယ် ထပ်မံကျရောက်လာတာ ဖြစ်ပါတယ်။
ယခု ရေကြီးတဲ့ ဒေသတွေဟာ ULA/AA ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ULA/AA အနေနဲ့ အရေးပေါ်ကယ်ဆယ်ရေး ကူညီရေး လုပ်ဆောင်နေတယ်လို့ သတင်းအချို့မှာ ဖော်ပြထားပေမယ့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် စတင်ဖြစ်ပွားချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစတင်ကာ ကုန်စည်ကူးသန်းမှုကို စစ်အစိုးရဘက်က ပိတ်ပင်ထားတာကြောင့် ကျောက်ဖြူ၊ စစ်တွေ မြို့တွေမှာသာ အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားထဲက ဝန်ထမ်းတွေအတွက် ပမာဏ ကန့်သတ်ပြီး ရိက္ခာ၊ လူသုံးကုန်နဲ့ လောင်စာဆီတွေကို ရောင်းချပေးတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဒေသအများစုက လာဘ်ငွေပေးပြီး တင်သွင်းလာတဲ့ မှောင်ခို ရိက္ခာ၊ လောင်စာဆီ စတာတွေကို ဈေးကြီးပေးဝယ်သုံးရတာ ရှိသလို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးတဲ့ဒေသတွေမှာတော့ အိမ်နီးချင်းနိုင်ငံက တရားဝင် မဟုတ်တဲ့နည်းလမ်းနဲ့ တင်သွင်းလာတဲ့ ရိက္ခာ၊လောင်စာနဲ့ ဆေးဝါးတို့လို ပစ္စည်းတွေအပေါ်မှီခိုနေကြရတာပါ။
အထက်ကလို ပိတ်ဆို့တားဆီးခံထားရတဲ့ ဒေသတွေမှာ နေထိုင်ကြသူတွေအနေနဲ့ အခုလို ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြရတဲ့အခါ သဘာဝဘေးနဲ့ စစ်ဘေး၊ ပိတ်ဆို့မှုဒဏ် စတာတွေကို ပေါင်းစုပြီး ခံစားကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့ အနေအထားမှာ အရေးပေါ်ရင် တနေရာနဲ့တနေရာ ဆက်သွယ်ဖို့လည်း မလွယ်ကူဘူးလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် မေလ မိုခါလို့ အမည်ပေးထားတဲ့ အပူပိုင်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့စဥ်က လူထိခိုက် သေဆုံးမှုနဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ရုံး၊ ဘာသာရေးအဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ကြတာ ဖြစ်ပြီး အဲဒီအချိန်က အာဏာသိမ်းစစ်တပ်က မြို့အများအပြားကို ထိန်းချုပ်ထားဆဲဖြစ်လို့ မိုခါ မုန်တိုင်းတိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတွေမှာ ကယ်ဆယ်ရေးကူညီရေးတချို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ယခုအခါမှာတော့ အဲဒီတာဝန်က ULA/AA အဖွဲ့အပေါ်မှာ ကျရောက်လာတဲ့ အနေအထားဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဒေသအများအပြားမှာ ဖြစ်ပွားနေတာချင်းအတူတူ ရခိုင်ပြည်နယ်ဟာ ကုန်စည်ပိတ်ဆို့မှုကိုပါ ထပ်ဆင့်ခံစားရတာကြောင့် ရှင်သန်နေထိုင်ဖို့ ကုန်ကျစရိတ်အမြင့်ဆုံးနဲ့ အလုပ်အကိုင် ဝင်ငွေအနိမ့်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ တခုတည်းသောဒေသဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရခိုင်လူထုအများစုက ULA/AA အဖွဲ့ကို အမျိုးသားရေးစိတ်ဓာတ်အရ အများစုက ထောက်ခံအားပေးကြတာ ဖြစ်ပြီး နှစ်နဲ့ချီ ကုန်သွယ်မှု ပိတ်ဆို့ခံထားရတဲ့ အခြေအနေအောက်မှာ ကြံ့ကြံ့ခံ နေထိုင်ရုန်းကန်နေကြရတာလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အစိုးရဟာ ကုန်စည်ပို့ဆောင် ရောင်းဝယ်မှုကို ပိတ်ဆို့ကာ လက်နက်အဖြစ် အသုံးပြုကာ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ ULA/AA ကို အနိုင်ရဖို့ ကြိုးစားနေပေမဲ့ စစ်ရေးအရ အရှုံးနဲ့သာ ရင်ဆိုင်နေရဆဲဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့တွေ၊ ရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ နှစ်ဖက်လက်နက်ကိုင် တပ်တွေအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ခေတ္တဆိုင်းငံ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေကို ကယ်ဆယ်ရေးနဲ့ ကူညီရေးတွေ လုပ်ဆောင်နိုင်မလား ဆိုတဲ့ မေးခွန်းရှိနိုင်ပေမဲ့ လက်တွေ့အခြေအနေမှာတော့ ဖြစ်နိုင်ခြေ အလွန်နည်းပါးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်သတင်းအကြောင်းအရာတခုက အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံကြမဲ့ သတင်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်အနေနဲ့ အကောင်အထည် ဖော်ဆောင်ဖို့ မူ ၅ ချက်ကို ချမှတ်ခဲ့ပြီး အဆိုပါမူ ၅ ချက် အကောင်အထည်မဖော်နိုင်သေးသရွေ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က နိုင်ငံခြားရေးဌာန အတွင်းဝန်အဆင့်သာ တက်ရောက်ခွင့်ပြုထားပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့်နဲ့ စစ်တပ်ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေကို တက်ရောက်ခွင့် မပေးဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
တချို့သော အခြေအနေမှာ အာဆီယံအဖွဲ့အနေနဲ့ မဟုတ်ဘဲ တနိုင်ငံချင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်မှာ လာရောက်တွေ့ဆုံတာမျိုး ရှိခဲ့တာပါ။ မကြာသေးခင် လပိုင်းက မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ထိတွေ့ဆက်ဆံမှု မူဝါဒ ပိုမိုလုပ်ဆောင်ဖို့ ဆန္ဒရှိလာကြတဲ့သဘော တွေ့လာရပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရအပေါ် သဘောထားပျော့ပျောင်းတဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရဘက်က ခေါင်းဆောင်တွေကို အာဆီယံ အစည်းအဝေး ပြန်လည်တက်ရောက်ခွင့်ပြုဖို့ လိုလားနေကြပေမဲ့ အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောမတူတာကြောင့် အစိုးရသစ် ဖွဲ့စည်းပြီးပေမဲ့ ဖိတ်ကြားခံရခြင်း မရှိသေးပါဘူး။
မကြာခင်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ဖိလစ်ပိုင်သမ္မတရဲ့ မြန်မာစစ်အစိုးရအပေါ် ပြောဆိုဝေဖန်မှုတွေကို နေပြည်တော် စစ်ခေါင်းဆောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က တုံ့ပြန်ပြောဆိုခဲ့ကြတာ တွေ့ရပါတယ်။
ခုရက်ပိုင်း နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာလည်း အာဆီယံ မူ ၅ ချက်ကို လက်မခံတဲ့ အဆိုကို စစ်တပ်က ထောက်ခံထားတဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့က တင်သွင်းကာ ကျန် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ကြတာ တွေ့ရပါတယ်။ ဒီလို လွှတ်တော်မှာ အဆိုတင်သွင်းစေတာဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအနေနဲ့ အာဆီယံအပေါ် လွှတ်တော်ဘက်က ဒီလိုသဘောထားရှိတယ် ဆိုတာကို ပြသလိုတာကြောင့် စည်းဝါးရိုက်လုပ်ဆောင်မှုအဖြစ် ရှုမြင်ကြပြီး လက်တွေ့မှာတော့ စစ်ခေါင်းဆောင်တွေ အာဆီယံ အစည်းအဝေး ပြန်တက်ခွင့် ရရေးကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနိုင်ငံရေး အကျပ်အတည်းနဲ့ ပြည်တွင်းစစ်ဟာ အာဆီယံအစည်းအဝေးတိုင်းမှာ ထည့်သွင်းဆွေးနွေးစရာ ဖြစ်လာခဲ့တာ ၅ နှစ်ကျော် ရှိလာပြီဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကို အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောဆိုမှုတွေကို နားထောင်လာအောင် ဖျောင်းဖျ ကြိုးစားလာခဲ့တာ ၅ နှစ်ကျော်ရှိလာသည့်တိုင် အောင်မြင်မှု မရသေးတာလည်း အာဆီယံအဖွဲ့အနေနဲ့ အဓိကသင်ခန်းစာယူရမဲ့ အနေအထား ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar