Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၇)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၇)

မိုးမခ ၊ ဇူလိုင် ၁၂ ၊ ၂၀၂၆

ဒီရက်ပိုင်းတော့ ငလမကောင်က အရင်လို အူတစ်ချက်၊ ဟောင်တစ်လီ၊ အီတစ်ခါ မဟုတ်တော့ဘဲ "အူ၊ အီ၊ ဟောင်" ဆိုပြီး သရီးအင်ဝမ်း (3-in-1) ကစ်နေတာ။

နိုင်ငံခြားငွေ အများကြီး သုံးနေရလို့ စက်သုံးဆီရော၊ စားသုံးဆီပါ တင်သွင်းတာ ထပ်လျှော့မယ်ဆိုပြီး ထိုးထိုးဟောင်သလို၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်မယ်၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်ထုတ်မယ်လို့ တိုးတိုးအူပြီး ဘက်ထရီမီးရထား မောင်းမယ်၊ လမ်းလျှောက်မယ်၊ ဆီရှောင်မယ်၊ အနင်းအနှိပ် လိုက်မယ်၊ ရေမန်း သုံးမယ်၊ ဆီရော ဆေးရော တင်သွင်းတာပိတ်မယ် ဆိုပြီး ထပ်ထပ်အီတယ်။

ဘယ်နယ်စပ်မှ မကပ်နိုင်တော့လို့၊ နယ်စပ်ကနေ ကုန်မပို့နိုင်လို့ ဖွတ်ကလိဒင်္ဂါး မရဘူး၊ စိတ်ပျက်တယ်လို့လည်း ပြာပုံထဲကနေ ဘိန်းစားဘွန်ဟောင်းအီ အီနေရာက၊ အဲဒါ အခွန်ဘဏ္ဍာ ဆုံးရှုံးပြီး ခေါသနီမကို လီးဘဲအိပ် ဝယ်မပေးနိုင်လို့ စိတ်ညစ်တယ်၊ စိတ်ညစ်တယ်၊ ဒါကို ခွီးလက်မခံလို့လည်း ဝ သံနှောပြီး ထဟောင်ပြန်သေး။

အဲဒီလိုပဲ တစ်ရက်တစ်ရက် ဝဲကိုက်ရင် ကိုက်သလို တောင်စဉ်ရေမရ ထအူတာတွေကတော့ အများကြီး။ ခုလည်း မြေလွတ်မြေလပ်မကျန် တစ်ရှူးငပျောစိုက်ရမယ်တဲ့။ သူလည်း ကြိုက်၊ သူ့မိန်းမလည်း ကြိုက်လို့တဲ့။ ဟိုနေ့ကလည်း နွားခြံထဲသွားပြီး နွားမတွေကို နို့များများထုတ်ပေးဖို့ အော်ဒါ (Order) သွားအောက်နေသေးတယ်။ သူက နွားစကားပါ တတ်တဲ့ ခွေး။ ဘယ်လိုတတ်လဲဆိုတော့ သူ့တပ်ထဲမှာ တပ်သားကနေ ဒုချုပ်ထိ ခိုင်းတာလုပ်တဲ့ကောင်တွေချည်း ရှိတော့ သူ့အလိုလို တတ်သွားတာဆိုပဲ။ အံ့ဩပ ကမ္ဘောဇ။

ဒီတစ်ခါ ငလမ အူချက်ကတော့ သူ့ကောင်တွေပါ ဆူပွက်ကုန်ပြီ။ ဓာတ်ကားလျှပ်ကားတွေကို ပြည်ပကနေ တင်သွင်းနေမဲ့အစား ပြည်တွင်းမှာပဲ အစအဆုံး ဝါယာကနေ တာယာထိ တပ်ဆင်ထုတ်လုပ်ကြဖို့ အူတယ်။ ဒါ ငပု ပြာပုံတိုးအကွက်မှန်း ခွေးတိုင်း သိတယ်လေ။ အဲဒီ အူသံလည်းဆုံးရော၊ သူ့သမီး တရုတ်ကြီးရှည်ကြိုက်၊ အဲလေ မြီးရှည်ကြိုက်မလေးရဲ့ တရုတ်ကြီးနဲ့ဖက်ပြီး လုပ်မယ့် EV ကားစက်ရုံသတင်းက ဆက်ဟောင်လာရော။ အဖေက ပြန်ပေးဆွဲစစ်သားလုပ်ခိုင်းရှေ့တန်းပို့၊ သားက အသက်အာမခံကြေးကုမ္ပဏီထောင် တစ်ကျပ်မှ ပြန်မပေးဘဲ ဖြောင်တဲ့အကွက်အတိုင်းပဲလေ။

အဲသလို ခွေးကျင့်ခွေးကြံ ကြံရင်း တဖက်ကလည်း ရက် ၁၀၀ အတွင်း အမဲရိုးဈေးနှုန်းကျအောင်လုပ်မယ်လို့ ဟောင်ခဲ့ပေမဲ့ အကြီးမားဆုံးစိန်ခေါ်မှုက ကုန်ဈေးနှုန်းပါလို့ ခု အီပြပြန်ပြီ။ သူ ခွေးရူးရောဂါမထခင်က အမဲရိုးဈေးထက် ငါးဆတက်နေလို့ ခွေးလောကကြီးအတွက် သောကရတက်ပွေရပါကြောင်း၊ လူတွေက နိုင်ငံခြားထွက်၊ ခွေးတွေက တော်သလင်းကျော်ထိ လော်မာလာလို့ လူနည်းခွေးများပြီး ချေးစားဖို့ပင် ခက်လာတဲ့အတွက်လည်း စိတ်မကောင်းကြောင်း၊ အဲဒီအတွက် ခွေးစာ တစ်ရှူးငပျောစိုက်ဖို့ အဆက်မပြတ် အူနေပါကြောင်း၊ အီဟောင်အူ ခွေးတာဝန် အရေးသုံးပါးကို လည်ပင်းမှာ အမြဲချိတ်ဆွဲပြီး တရုတ်၊ ကုလား၊ ကိုရုရှားတို့ဆီ အမြီးနှန့်မပျက် ထမ်းရွက်နေပါတယ်လို့လည်း ကျီးအာ အာနေတယ်။

တော်လှန်ရေးအုပ်စုက မအလကို ခွေးချုပ်လို့ ဗြောင်တုတ်ပေမယ့် ကုန်သည်တွေကတော့ ကွယ်ရာမှာ ယုံကြည်ရသူအချင်းချင်းဆို 'အန' လို့ သုံးတယ်။ 'အောင်နက်' ပေါ့။ သူတို့စကားအတိုင်းပြောရရင် 'အောင်နက်ရဲ့ ဟောင်ချက်ကတော့' ပေါ့၊ ကုန်သည်တွေကို မတရားဖမ်းဆီးနေပြီး စီးပွားရေးတိုးတက်ဖို့ကျ ပုဂ္ဂလိက ကဏ္ဍနဲ့ ပူးပေါင်းရမယ်တဲ့။ အဲသလို လူရှေ့ခွေးကြူးကလည်း လုပ်တတ်သေးတယ်။ ဒါဟာ တကယ်တော့ သူတို့ အမဲရိုး ဝဝလင်လင် ကိုက်ရရေး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ပေးခိုင်းရမယ်လို့ ခွေးစကားပြောတာပါပဲ။

"ပြည်တွင်းမှာ လူချေးရှား၊ အမဲရိုးဈေးနှုန်းကြီးမြင့်တာနဲ့ အီရန်က ငွေရိုက်တဲ့စက္ကူတွေ မင်တွေလာလာပို့နေလို့ ရိုက်ထုတ်ရင်း ရိုက်ထုတ်ရင်း ငွေကြေးဖောင်းပွမှု ပြဿနာတွေ ကြုံရတိုင်း ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေကို ဖမ်းဆီးပြီး အပြစ်ရှာလေ့ရှိတာ ခွေးဓမ္မတာ၊ ခွေးရှေ့နွားရှေ့မှာကျတော့ အမဲရိုးနဲ့ ကောက်ရိုးပေါများအောင် ပုဂ္ဂလိကနဲ့ ပူးပေါင်းမယ်ဆိုပြီး ဟန်ပြပြောနေတာပဲ" လို့ ကုန်သည်တွေက ပြောကြတယ်။

တစ်ခါ ငလမက ဝန်ကြီးဌာနများအနေနဲ့ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်ဆန်းစစ်ဖို့နဲ့ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ဖို့ကလည်း အူပြန်သေးတယ်။ ဒါပေမဲ့ သူတို့ခွေးအုပ်စုရဲ့ ခွေးမီးတိုက်မှု၊ လယ်လုပ်ကိရိယာတွေကိုဖျက်ဆီးမှု၊ စက်သုံးဆီ ပြတ်လပ်မှုနဲ့ လမ်းကြောင်းပိတ်ဆို့ ဒုက္ခပေးမှုများကြောင့် ကုန်ထုတ်လုပ်မှုစရိတ်က လျှော့မရ၊ နိုင်ငံခြားထွက်လို့ စစ်ထဲ ပို့ခံရလို့ ကုန်ထုတ်တဲ့သူ မရှိကြတော့တာကိုတော့ ဒါကို ခွေးနားမလည်လုပ်နေတယ်တဲ့။

ဒါကို အတည်ပေါက်နဲ့ မအလခေါ် ငလမက နိုင်ငံခြားဝင်ငွေနဲ့ ထွက်ငွေ မျှတစေရေးအတွက် ပို့ကုန်တိုးမြှင့်ဖို့နဲ့ ပို့ကုန်ကျဆင်းရတဲ့ အကြောင်းရင်းတွေကို သုတေသနလုပ်ဖို့ ဒေါက်တုလေသံနဲ့ ဟောင်သွားပြန်သတဲ့။ လူ အုပ်ချုပ်တုန်းကရှိတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေလည်း ထွက်ခွာသွားကြပြီး ပြည်တွင်းမှာ နေ့စဉ် မီးပျက်နေတော့ စီမံကိန်းအသစ်တွေ အကောင်အထည်ဖော်ဖို့ ဘတ်ဂျက်နတ္ထိ၊ နည်းပညာ မရှိလို့ စီးပွားရေးပညာရှင်တွေ ကုန်သည်တွေက တိုးတိုးတိတ်တိတ် ညည်းကြတယ်။ ကျယ်ကျယ်ညည်းရင်လည်း ခွေးဆွဲခံရတာကိုး။

မြန်မာပြည်မှာ အဲသလို ခွေးတခေတ်ဖြစ်နေတာဟာ တစ်ရှူးတရုတ်ကြောင့်လေ။ ပူဇော်ထိုက်သူကျ မပူဇော်၊ လူမိုက်ကို အဖော်လုပ်၊ သူတော်ကောင်းတွေကို ချုပ်နှောင်ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ရာမှာ တတပ်တအား လုပ်နေတဲ့ တရုတ်ကြီးလည်း ရေရော၊ လေရော၊ မြွေရော၊ မီးရော၊ ငလျင်ရော ဘေးမျိုးစုံ ကန်ထရိုက်ဆွဲထားသလို ဖြစ်နေပြီ။ မုန်တိုင်းဝင်ပါတယ်ဆို လေဆင်နှာမောင်းကကျသေး၊ မြွေဟောက်အပါ ကိုးရာကျော် လွတ်ပြေးရတာနဲ့၊ မြေလှုပ်မီးလောင် ဒုက္ခဘောင်ကြီးထဲ တနိုင်ငံလုံး ပိတ်မိတော့မယ့်အခြေ။ အင်း၊ ခွေးနဲ့ပေါင်းတော့ သောင်ပြင်ရှာရပြီပ။ မအိမ်လုံးကပ်က မရပ်မနား အိန္ဒိယကုလားကြီးလည်း အဘားဘား၊ ဟော ခု လာအိုပါ နားကားတော့မယ်။ စစ်အုပ်စုကို ဝန်းရံတဲ့ အီရန်တောင် ဘယ်အခြေစိုက်လဲ စဉ်းစားကြည့်၊ ဒါတောင် ဝန်းရံရုံရှိသေးတာ။ ပူတင်တောင် မအလနဲ့တွဲကတည်းက ဆင်ကနေ ကြွက်ဖြစ်ပြီး မြေအောင်း၊ တိုင်းပြည်လည်း မသာအလောင်းတွေထပ်၊ ရေနံရောင်းရင်း ရေနံပြတ်၊ ဖောင်စီးရင်း ရေငတ်၊ ငွေပြတ်၊ ခြေပြတ်၊ မကြာခင် အာဏာပါပြတ်တော့မယ်လေ ရှီရေ။ ဒါတွေ ခု နင့်ဆီပါ ဆိုက်ဆိုက်မြိုက်မြိုက်လာနေပြီ ရှီ။

မြန်မာ့ရေမြေတောတောင်၊ ဘုရားကျောင်းကန် ကိုးကွယ်ရာမှန်သမျှတင်မက ပြည်ပါဖျက်၊ ကလေးလူကြီးအသက်တွေအကုန်သတ်၊ မြင်မြင်သမျှ မိဘ၊ လင်သား၊ အကိုမောင်များရှေ့ပါ မုဒိမ်းကျင့် ယုတ်ကန်းလွန်းလှတဲ့ အကုသိုလ်အမှုဟာ ဒုနဲ့ဒေး လာတော့တာကလား။ မြန်မာပြည်သူတွေ နေ့စဉ်အချိန်ပြည့် အပူလုံးကြွ၊ လူလုံးမလှ၊ ယူကျုံးမရအောင် စစ်အုပ်စုနဲ့ ဝိုင်းထုထားတဲ့ နင့်အကုသိုလ်ဟာ နည်းနည်းနောနော ထုထည်မှတ်လို့။ မအလက အကောင်သာပုတာ၊ အကုသိုလ်ထုကျ မြင့်မိုရ်၊ နင်တို့တရုတ်ပြည်ထက်ပိုပြီး ငလေ။ ငါတို့လိုသောကမျိုး၊ ငါတို့လိုဒေါသမျိုးထက်မက လောကဓမ္မ ပြန်လာရမလေ။ နိယာမကို တောင်းပန်လို့ မရ၊ ကျောင်းမှန်းကန်မှန်း သိအောင် ချတော့မှာလေ။ ငါတို့လက်နဲ့ ပြန်မတွယ်၊ ငါတို့ခြေနဲ့ ပြန်မနင်းပေမဲ့ ငါတို့ခံရသလောက် မုန်တိုင်းအောက် ပြားပြားမှောက် ဒို့ဒုက္ခရောက်သလို ရောက်ကြပေမပေါ့။ မြန်မာ့ရေမြေတွေဖျက်ဆီးသလို ပျက်စီးရ၊ အိမ်တွေ မီးရှို့ဗုံးကြဲခံရသလို ဖြိုဖျက်ခံရ၊ ဓာတုဆေးမျိုးစုံ သုံးပြီး မြန်မာ့ချောင်းရေ မြစ်ရေတွေ အဆိပ်ခတ်သလို၊ ဟော၊ မြွေဆိပ်တွေပျံ့။ မြန်မာတွေ စုတ်ပြတ်သတ်သလို လေဆင်နှာမောင်းက စုတ်ဖြတ်ပစ်လိုက်တယ် မဟုတ်လား။ ဒို့ပြည်သူတွေ သေသလို သေကြ၊ ကြေကြရပြီ။ ဒီလောက် ဆိုးယုတ်တဲ့ စစ်အုပ်စုကို ထောက်ကူ၊ လူဝိုင်းသတ်နေလေတော့ သဘာဝတရားကြီးကလည်း သဘာဝမကျတာကို ဘယ်လက်ခံမလဲ။ လောကမှာ မအလစစ်အုပ်စုထက် ယုတ်မာပက်စက်တာ မရှိ။ အဲသလောက် ယုတ်ကန်းတဲ့သူနဲ့ပေါင်းမှတော့ မိုးနတ်မင်းက ထောင်းပြီပေါ့။ ရှီကျင့်ဖျင်၊ နင်နဲ့ ဝမ်ယိဒဏ် တရုတ်ပြည်သူတွေ ခံရပြီ။

ဒီမိစ္ဆာ၊ ပြိတ္တာ၊ အဘိဇ္ဈာကောင်တွေနဲ့လုပ်မယ့်စီမံကိန်းမှန်သမျှရပ်၊ ဒီကောင်တွေရဲ့ခွေးဇာတ် အဆုံးသတ်၊ မြန်မာပြည်မှာ အူသံဟောင်သံတွေပြတ်သွားအောင်၊ ငိုသံယိုသံ တောက်ခေါက်သံတွေတိတ်သွားအောင်၊ သဗ္ဗေသတ္တာ အဝေရာ ချမ်းသာကိုယ်စိတ်မြဲပါစေဆိုတဲ့ မေတ္တာဝေသံတွေ ပြန်တက်လာအောင် မြန်မာပြည်သူတွေနဲ့ အတူတွဲ၊ မဟုတ်ရင် မိုးက မစဲ၊ သဲသဲမဲမဲလာ ဒဏ်ခတ်မှာအဟုတ်၊ နောက်ထပ် ဆည်တွေလှုပ်ရင် ဒုက္ခတွေ တသီကြီးနဲ့ ပြုတ်ကျကိန်းလည်းဆိုက်မယ် ရှီ။

ငလမနဲ့ လက်တွဲမဖြုတ်ရင် မြန်မာပြည်သူတွေက ကျိန်စာတိုက်လို့ မဟုတ်၊ သူတို့အကုသိုလ်ထုပ်ကိုက ကြီးလွန်းလို့ နင်တို့ပိမှာ သေချာပါတယ် ရှီ။ လနာအညှီနဲ့ အသာတကြည် ဆက်လုပ်မယ်ဆိုရင် ဗာဗီကလည်း ညှာမည် မဟုတ်၊ တရုတ်ပြည်သူတွေ ဒူးနဲ့မျက်ရည်သုတ်ရတော့မယ် ရှီ။

နင် ဒီကိစ္စကိုလည်း မရှုပ်မှ၊ ရှုပ်ရင် မြန်မာတွေ မေတ္တသုတ်မှာ တရုတ် မပါ ဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေ ဖြစ်မည်။ အဲဒါကတော့ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဘယ်သူ့ကိုမှ တရားဝင်ကိုယ်စားမပြုတဲ့ နင့်ရွေးတုအစိုးရက မြန်မာအမြဲတမ်းကိုယ်စားလှယ်ရာထူးက ဖယ်ရှားပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ အိတ်ဖွင့်ပေးစာပို့ပြီ။ အဲဒါက ရွေးတုလုပ်ပေး၊ အသိအမှတ်ပြုပေးတဲ့ နင့်အားကိုးနဲ့ ခါးရိုးအအက်ခံ ပို့တာလေ။ နင့်လို ဗီဒိုပိုင် မြေအောင်းငကြွက် ပူတင်လည်း ပါသပေါ့။ နင့်ရဲ့ ကိုယ့်တိုင်းပြည် ကပ်ဆိုက်တဲ့အထိ မိုက်လုံးကြီးတဲ့ တိဗက်နဲ့ မြန်မာကို ငရဲပေးတဲ့ လုပ်ဆောင်မှုတွေ ရပ်သင့်ပြီ။

အဲဒီအိတ်ဖွင့်ပေးစာမှာ ပါသလို ၂၀၂၆ မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲလို့ ဖော်ပြထားပြီး လက်ရှိအစိုးရဟာ ပြည်သူများ ရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရ ဖြစ်တယ်ဆိုတာ မဟုတ်ကြောင်း၊ ပြည်သူ အလွန်မုန်းတဲ့ အစိုးရတု ဖြစ်ကြောင်း နင် ကောင်းကောင်းသိတယ် ရှီ။ ပူတင် ဘာ့ကြောင့် ဒီလောက် ဒုက္ခရောက်နေတယ်ဆိုတာ နင်နားလည်ရခက်ရင် မအလ ငလမရဲ့ အကုသိုလ်ထုကိုသာ ဆင်ခြင်လိုက်ပါ ရှီရေ။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar