သီအိုဇော် - အန္တရာယ်အငွေ့အသက် ပိုများလာသော ကုလသမဂ္ဂစင်မြင့်ထက်မှ နိုင်ငံကိုယ်စားပြုနေရာ (၃) နိဂုံး
သီအိုဇော် - အန္တရာယ်အငွေ့အသက် ပိုများလာသော ကုလသမဂ္ဂစင်မြင့်ထက်မှ နိုင်ငံကိုယ်စားပြုနေရာ (၃) နိဂုံး
မိုးမခ၊ ဇူလိုင် ၁၀ ၊ ၂၀၂၆
Credentials Committee အဖွဲ့ဝင်နိုင်ငံအသီးသီး၏ အရေးပါမှု
လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံပါဝင်တဲ့ Credentials Committee ထဲ မှာ ကျန်အလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေရဲ့ဆုံးဖြတ်ချက်ကလည်း အင်အားကြီးနိုင်ငံတွေလိုပဲ အရေးပါပါတယ်။ ဘုံသဘောတူညီချက် မရတော့ဘူးဆိုရင် လုံခြုံရေးကောင်စီလို ဗီတိုသုံးစွဲလို့ .မရတဲ့အတွက်၊ မဲတမဲစီသာ ပိုင်ဆိုင်ကြတဲ့ အဖွဲ့ဝင်တွေဟာ တန်းတူ ဖြစ်သွားကြပါတယ်။
အပိုင်း (၂) မှာပြောခဲ့တဲ့ ‘တောင်အာဖရိက’ကိုယ်စားလှယ်ကိစ္စမှာဆိုရင် အလှည့်ကျအဖွဲ့ဝင် ‘ဆီနီဂေါ’ နိုင်ငံဘက်က လက်မခံနိုင်ကြောင်းကို စပြီးဆွေးနွေးခဲ့တာပါ။ ဒါကို အမေရိကန်ပြည်ထောင်စုက သဘောမတူပါဘူး။ ညှိမရကြလို့ ကော်မတီတွင်း မဲခွဲတဲ့အဆင့်အထိ ရောက်သွားကြတဲ့အခါမှာ ထောက်ခံ ၅ မဲ-ကန့်ကွက် ၃ မဲ၊ ကြားနေ ၁ မဲနဲ့ ‘ဆီနီဂေါ’ဘက်က မဲအများစုရသွားခဲ့ပါတယ်။ ဘယ်လောက် အင်အားကြီးမားတဲ့ နိုင်ငံ ဖြစ်ပါစေ၊ Credentials Committeeရဲ့ မဲရလဒ်ကသာ အဓိကကျပြီး၊ မဲခွဲရလဒ်ကို လက်ခံခဲ့ရတာက အဖွဲ့ဝင်တနိုင်ငံချင်းစီရဲ့ အရေးပါမှုကို ပြသနေပါတယ်။
နောက်ထပ်ဥပမာတခု ရှိပါသေးတယ်။ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံမှာတုန်းက Credentials Committeeထဲ မဲခွဲဆုံးဖြတ်ရလောက်အောင် သဘောထားကွဲလွဲမှုတွေ မဖြစ်ခဲ့ပေမဲ့၊ အမေရိကန်ပြည်ထောင်စုကိုယ်စားလှယ်က ကော်မတီဆုံးဖြတ်ချက်များထဲက ဗင်နီဇွဲလားနိုင်ငံမှ ‘မာဒူရို’ (Maduro)ရဲ့ ကိုယ်စားလှယ်ကို လက်ခံအဆိုပြုခဲ့ကြတဲ့အပိုင်းမှာတော့ အမေရိကန်ရဲ့ သဘောထားမပါဝင်ကြောင်း ဆိုတာကို ကော်မတီအစီရင်ခံစာထဲ ဖြည့်စွက်ရေးသားစေခဲ့ပါတယ်။
ဒီအချက်က Credentials Committeeထဲမှာ အများဆန္ဒက ဘယ်လောက်အရေးကြီးလဲ ဆိုတာကို ဖေါ်ပြနေပါတယ်။ အမေရိကန်နိုင်ငံအစိုးရတွေအနေနဲ့ ကုလသမဂ္ဂက ‘မာဒူရို’ရဲ့ ကိုယ်စားလှယ်ကို လက်မခံပေးဖို့ ဆန္ဒရှိကြတာ ဘယ်တော့မှ ဖုံးကွယ်မထားခဲ့ပါဘူး။ အခုဖြစ်ရပ်က သမ္မတဘိုင်ဒန်လက်ထက်မှာဖြစ်တာပါ၊သမ္မတထရမ့် ပထမသက်တမ်းတုန်းကလည်း ‘မာဒူရို’ရဲ့ကိုယ်စားလှယ်ကို ကုလသမဂ္ဂက အသိအ
မှတ်မပြုဖို့ ဒု-သမ္မတ မိုက်ပန်စ့် (Mike Pence)က သူ့ရဲ့လုံခြုံရေးကောင်စီမိန့်ခွန်းထဲကနေ အတိအလင်း တောင်းဆိုခဲ့ဖူးပါတယ်။ ‘မာဒူရို’ရဲ့ကိုယ်စားလှယ်ကို အမေရိကန် အစိုးရအဆက်ဆက်က ကုလသမဂ္ဂမှာ မမြင်ချင်ကြပါဘူး။
ဘယ်လိုပဲ သဘောထားရှိကြပါစေ၊ (၇၇) ကြိမ်မြောက်ညီလာခံရဲ့ Credentials Committee အစီရင်ခံစာမှာတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ဆန္ဒကို အမေရိကန်တို့ လိုက် လျောခဲ့ရပါတယ်။ ကော်မတီထဲမှာ အများစုက အမေရိကန်နဲ့ အမြင်မတူကြတဲ့အ တွက် ပြိုင်မဲခွဲတဲ့ အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။ ညီလာခံကို ချပြမယ့် ‘မာဒူရို’ရဲ့ အမြဲတမ်းကိုယ်စားလှယ်ကို လက်ခံလိုက်တဲ့ ကော်မတီအဆိုကြမ်းမှာ မှတ်ချက် သဘောမျိုး ထည့်သွင်းပြီး၊ ဘုံသဘောတူညီတဲ့ အဆိုကြမ်းအဖြစ်နဲ့ ညီလာခံကို တင်သွင်းပေးခဲ့ရပါတယ်။ ဒီဥပမာတွေကိုကြည့်ရင် အင်အားကြီးနိုင်ငံတို့က Credentials Committeeမှာ သူတို့ဆန္ဒအတိုင်း စိတ်ကြိုက်ချယ်လှယ်နိုင်ဖို့ မလွယ် ကူတာ ပေါ်လွင်နေပါတယ်။
အကယ်၍ တရုတ်-ရုရှားတို့က သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အမြဲတမ်းကိုယ် စားလှယ်တာဝန် သက်တမ်းဆက်တိုးနိုင်ရေးနဲ့ ပတ်သက်ပြီး၊ ကန့်ကွက်လာကြစေဦးတော့၊ ကျန်ကော်မတီအဖွဲ့ဝင်အများစု သဘောမတူရင် ဘာအကျိုးသက်ရောက်မှုမှ ရှိနိုင်မှာ မဟုတ်ဘူးဆိုတာကို အထက်က သာဓကတွေအရ ကောက်ချက်ချနိုင်ပါတယ်။
Credentials Committeeအနေနဲ့ ကေစ့်တခုတိုင်းစီကို The Office of the Legal Counsel (OLC)ရဲ့ အကြံပေးဆွေးနွေးမှုများနဲ့ ပေါင်းစပ်ပြီး၊ စေ့ငုစွာ အချိန်ယူလေ့လာ ဆုံးဖြတ်ထားကြတာဖြစ်လို့ အထွေထွေညီလာခံဘက်ကလည်း ကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် ယုံကြည်စိတ်ချထားဟန် ရှိပါတယ်။ ဒီလိုယုံကြည်မှု အတိုင်းအတာတခုအထိ ထားရှိနိုင်ကြတဲ့အတွက်၊ မဲခွဲဖို့လိုအပ်လာသည့်တိုင် ညီလာခံရဲ့မဲခွဲရလဒ် က Credentials Committeeဘက်က တင်ပြခဲ့တဲ့ အဆိုကြမ်းအတိုင်း ကော်မတီ ဝင်အများစုရဲ့ သဘောထားအမြင်ကို ထင်ဟပ်ပေးလေ့ရှိပါတယ်။ (၂၉)
ကြိမ်မြောက် ညီလာခံက ‘တောင်အာဖရိက’ကေစ့်၊ (၃၄) ကြိမ်မြောက်ညီလာခံက ‘ကမ္ဘောဒီးယား’ ကေစ့် မဲရလဒ်များက ဒီအချက်ကို သက်သေပြနေပါတယ်။
ဒီဖြစ်ရပ်နှစ်ခုကို ဥပမာအနေနဲ့ အကျဉ်းရွေးနုတ် ဖော်ပြလိုက်တာပါ။ တကယ်ကတော့ အမြဲတမ်းလိုလို ဒီလိုသဏ္ဍာန်တူရလဒ်တွေ ထွက်ပေါ် လေ့ရှိတယ်ဆိုပြီး၊ အထွေထွေညီလာခံ အတည်ပြုရလဒ်များနဲ့ Credentials Committee အဆိုကြမ်းများကို လေ့လာဆန်းစစ်ချက်ထားမှုတွေထဲမှာ ကောက်ချက်ချတတ်ပါတယ်။ ဒါ့ကြောင့် Credentials Committee အဖွဲ့ဝင်နိုင်ငံများရဲ့အမြင်က ကျန်ကုလသမဂ္ဂ အဖွဲ့ဝင်
နိုင်ငံများရဲ့အမြင်ထက်၊ ပိုပြီးအရေးကြီးတယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့် သက်တမ်းသစ်အတွက် ကော်မတီအဖွဲ့ဝင်သစ်များ ရွေးချယ်မှုနဲ့ ပတ်သက် ပြီး ဆက်လက်စောင့်ကြည့်ကြရပါမယ်။
(၈၁) ကြိမ်မြောက် အထွေထွေညီလာခံသက်တမ်းသစ်နှင့် မြန်မာ့အရေး
ကုလသမဂ္ဂလို့ ဆိုလိုက်တာနဲ့ အားမလိုအားမရ စိတ်ပျက်အားလျော့မှုတွေ တွဲပါလာတတ်ကြတာက သဘာဝကျပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပုံစံအမျိုးမျိုးနဲ့ ကြားဝင်ဆောင်ရွက်ပေးမှုတွေကတော့ မပြတ်ရှိခဲ့ပါတယ်။ ‘ဂျူလီဘစ်ရှော့ပ်’လို အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဆိုတဲ့ ရာထူးအမည်နဲ့ ပထမဆုံးစခဲ့သူက ‘အယ်လ်ဗာရို ဒီဆိုတို’ (Alvaro de Soto)ပါ၊ သူ့ကို ၁၉၉၇ ခုနှစ်မှာ တရားဝင်ခန့်အပ်ခဲ့တာ ဆိုပေမဲ့ ၁၉၉၅ ခုနှစ်ကတည်းက မြန်မာ့အရေးကို ကုလသမဂ္ဂကိုယ်စားပြု ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ အဲဒီကာလတွေကနေစပြီး မျက်မှောက်အချိန်အထိ အများမျှော်လင့်တဲ့ ရလဒ် ပေါ်ထွက်မလာတာကြောင့် ကုလသမဂ္ဂအပေါ် ယုံကြည်မှု အားနည်းလာရတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဇွန် ၁၉ ရက်နေ့က ကုလသမဂ္ဂအဖွဲ့နိုင်ငံများကို အလွတ်သဘော ဆွေးနွေးတင်ပြတဲ့ အစည်းအဝေးမှာ ကြားသိရတာတွေက အပြုသဘောဆောင်တယ်လို့ ပြောနိုင်ပါတယ်။ မြန်မာ့အရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ ဘယ်လိုသဘောထားရှိသင့်တယ် ဆိုတာကို အဖွဲ့အစည်းအတွင်းကနေ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပေးလိုက်တယ်လို့လည်း ယူဆလို့ရပါတယ်။ ဒါ့ကြောင့်လည်း အရှိုက်ထိသွားခဲ့တဲ့အတွက် ‘ဂျူလီဘစ်ရှော့ပ်’ အပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေပါတဲ့ ‘မြန်မာနိုင်ငံအတွက် ကောင်းကျိုးမပေးတဲ့ သံတမန်’ဆိုတဲ့ ဝါဒဖြန့်ချိရေးဆောင်းပါးကို မခံမရပ်နိုင်နဲ့ ပြန်ရေးလာကြတာပါ။
အခုလို အထူးကိုယ်စားလှယ်ရဲ့ ရှုမြင်သုံးသပ်မှုများက အထွေထွေညီလာခံသက်တမ်းသစ် အမြဲတမ်းကိုယ်စားလှယ်နေရာ ဆက်လက်ရရှိရေး လှုပ်ရှားမှုတွေအတွက် တာထွက်ကောင်းစေတယ်လို့ ယူဆနိုင်ပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည်’ရဲ့ မွေးနေ့မှာ ဒီအလွတ်သဘော အစည်းအဝေး ပြုလုပ်နိုင်ခြင်းနဲ့လည်း လူထုခေါင်းဆောင်အပေါ် အာရုံစိုက်မှု ကောင်းစွာရရှိစေပါတယ်။ ‘ဂျူလီဘစ်ရှော့ပ်’ နဲ့ အစဉ်အဆက် တာဝန်ယူခဲ့သူ တခြားအထူးကိုယ်စားလှယ်တွေ ကြားမှာရှိတဲ့ ခြားနားချက်တခုကို ဒီနေရာမှာ ထည့်ပြောချင်ပါတယ်။
ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၉၅ ခုနှစ် ပထမဆုံး တွေ့ဆုံခဲ့မှုက သူမအတွက် ဘဝကို ပြောင်းလဲသွားစေတဲ့ အတွေ့အကြုံဖြစ်ပြီး၊ အဲဒီတွေ့ဆုံခဲ့မှုက နိုင်ငံရေးလောကထဲ မဝင်ရောက်ရသေးတဲ့ သူမကို၊ နိုင်ငံရေးသမားတယောက် ဖြစ်လာစေဖို့ အတုယူ အားကျစရာတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ‘ဂျူလီဘစ်ရှော့ပ်’က ဖြေဆိုထားခဲ့ဖူးလို့ပါ။
နိုင်ငံရေးသမား ဘဝမရောက်သေးတဲ့ အဲဒီရန်ကုန်ခရီးတုန်းက ‘ဒေါ်အောင်ဆန်းစုကြည်’နဲ့ အမှတ်တရ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ဒီဇင်ဘာလ ၂ ရက်နေ့အထိ လာရောက်ခဲ့တဲ့ ‘ဒေါ်အောင်ဆန်းစုကြည်’ရဲ့ ဩစတြေးလျခရီးစဉ်အတွင်းမှာ အဲဒီအချိန်က အာဏာရလစ်ဘရယ်ပါတီရဲ့ ဒုတိယခေါင်းဆောင်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ ‘ဂျူလီဘစ်ရှော့ပ်’က လက်ဆောင်ပေးခဲ့ဖူးပါတယ်။
ဒါတွေကိုထောက်ရင် ဝန်ကြီးချုပ် သုံးဆက်တိုင်တိုင် ဩစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ ဩစတြေးလျနိုင်ငံရဲ့ ခေတ္တဝန်ကြီးချုပ် တာဝန်ကိုလည်း ယူခဲ့ဖူးသူ ‘ဂျူလီဘစ်ရှော့ပ်’ဟာ လူထုခေါင်းဆောင် လွတ်မြောက်ရေးကို သာမန်ကာလျှံကာလောက်ပဲ စဉ်းစားနေမဲ့သူ မဟုတ်ဘူးဆိုတာကတော့ သိသာပါတယ်။
အလွတ်သဘော အစည်းအဝေးမှာ တင်ပြခဲ့တာတွေကို သိရှိကြပြီးဖြစ်လို့ အတိုချုပ် အနေနဲ့ပဲ ပြန်ပြောချင်တာက အာဏာသိမ်းအဖွဲ့အစည်းရဲ့ ကျူးလွန်ဖောက်ဖျက်မှုတွေနဲ့ ယုံကြည်စိတ်ချဖို့ ကောင်းသူတွေ မဟုတ်ကြောင်းတို့ကို ရှေ့နေတဦးဖြစ်ခဲ့သူပီပီ ပါးနပ်စွာထောက်ပြနိုင်ခဲ့တဲ့ အစီရင်ခံစာ ဖြစ်တယ်ဆိုတာကိုပါ။ ကုလသမဂ္ဂ အ ထွေထွေအတွင်းရေးမှူးချုပ် ‘အန်တိုနီယို ဂူတာရက်စ်’ကိုယ်တိုင် ‘ရွာတွေဗုံးကြဲခံရ (သို့မဟုတ်) မီးရှို့ခံခဲ့ရတယ်၊ ထောင်ချီပြီး အသတ်ခံရတယ်၊ သန်းချီပြီး နေရပ်က ထွက်ပြေးတိမ်းရှောင်နေရတယ် ’လို့ ပြောဆိုရှုတ်ချခဲ့ဖူးမှုကို ထပ်အတည်ပြုပေးတဲ့ တင်ပြချက်တွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေ ကျက်စားရာ ဗဟိုချက်နဲ့ ကမ္ဘာ့မူးယစ်ဆေး အဓိကဖြန်ချိသူ ဖြစ်လာတာတို့လို နိုင်ငံတကာက မျက်စိလွှဲဖို့ မဖြစ်နိုင်တဲ့ အချက်တွေဟာ အများသိပြီး၊ဆွေးနွေးပြီး အချက်အလက်တွေ ဖြစ်ပေမဲ့ ကုလသမဂ္ဂအဖွဲ့ကို ကိုယ်စားပြုပြီး ကြားဝင်ဆောင်ရွက်ပေးရသူ အထူးကိုယ်စားလှယ်တဦးအနေနဲ့ အတည်ပြု ထောက်ပြပေးနိုင်ခဲ့တာက အလွန်ထိရောက်မှု ရှိပါတယ်။
ဟန်ပြအမည်ခံ အရပ်သားအစိုးရနဲ့ ပတ်သက်ပြီး၊ လှည့်ဖြားရယူထားတဲ့ တရားဝင်မှုဂုဏ်သိက္ခာပိုင်းကို ချေဖျက်လိုက်တဲ့ အစီရင်ခံမှုလို့လည်း ဆိုနိုင်ပါတယ်။ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂ အနေနဲ့ မထောက်ခံသလို၊ စောင့်ကြည့်လေ့လာသူလည်း မစေလွှတ်ခဲ့ဘူး ဆိုတာကိုလည်း ကုလသမဂ္ဂစင်မြင့်ထက်ကနေ ထပ်လောင်းပြောကြားခဲ့တာက အလွန်အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ အခုလို ကုလသမဂ္ဂရဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ထားရှိတဲ့ အမြင်ကို နိုင်ငံတကာဘက်ဆီ ပြတ်ပြတ်သားသား သတင်းစကားပေးခဲ့ခြင်းက အမြဲတမ်းကိုယ်စားလှယ်နေရာ ကမ်ပိန်းအတွက် အထောက်အကူများစွာ ဖြစ်စေပါလိမ့်မယ်။
တင်ပြချက်တွေဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် မဟာမင်းကြီး ‘ဗော်လ် ကာ တာခ့်’ (Volker Turk)ဘက်က အစီရင်ခံစာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်က မေလအတွင်းက တင်သွင်းတဲ့ (A/HRC/62/51)အစီရင်ခံစာထဲက ‘ယုံကြည်လက်ခံနိုင်လောက်စရာ အခြေခံအချက်တွေ ကင်းမဲ့နေတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကနေ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့ ကြိုးပမ်းမှုများကို မထောက်ခံသင့်ကြောင်း’ ဆိုတဲ့ ဖော်ပြချက်ကလည်း တရုတ်-ရုရှားတို့ ထောက်ခံပေးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ဇာတ်တိုက်ဖန်တီးယူခဲ့တဲ့ စစ်တပ်အလိုကျ ဟန်ပြအရပ်သားအစိုးရအတွက် ထိုးနှက်ချက်တရပ် ဖြစ်စေပါတယ်။
တကယ်ကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တခြားကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်တဲ့ International Labour Organization(ILO), Independent Investigative Mechanism for Myanmar(IIMM)တို့က တင်ပြသမျှတို့ကလည်း နိုင်ငံရေးအရ တ ရားဝင်မှုရယူနိုင်ရေး ကြိုးပမ်းမှုတွေကို ဘယ်လိုမှ အထောက်အကူ ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ ဒီကာလအတွင်း အိုင်စီဂျေတရားရုံးဘက်က တိုးတက်ဖြစ်ပေါ်မှု၊ အိုင်စီစီ နိုင်ငံတကာရာဇဝတ်ခုံရုံးဘက်က အာဏာသိမ်းစစ်ခေါင်းဆောင် အပေါ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှု တိုးတက်ဖြစ်စဉ် တွေသာ အချိန်ကိုက် ဖြစ်ပေါ် လာခဲ့ရင်၊ ကုလသမဂ္ဂစင်မြင့်ထက်ကနေရာကို စိတ်ကူးထဲမှာတောင် မျှော်မှန်းကြည့်ဖို့ ခက်ခဲပါလိမ့်မယ်။
အတွင်းရေးမှူးချုပ် ‘အန်တိုနီယို ဂူတာရက်စ်’က ၂၀၂၁ခုနှစ် ဩဂုတ်လ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ အင်အားသုံးပြီး အာဏာရယူတဲ့ ဘယ်အစိုးရ မျိုးကိုမဆို ကုလသမဂ္ဂက အသိအမှတ် ပြုမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ သဘောထားကို ပြောခဲ့ဖူးတယ်။ အရင်ကလည်း ကုလသမဂ္ဂက ဒီသ ဘောထားအတိုင်းပါပဲ၊’ဟေတီ’ (စက်တင်ဘာ ၁၉၉၁)၊ ‘ဆီယာရာ လီယွန်း’ (မေ ၁၉၉၇)၊ ‘ဟွန်ဒူးရပ်စ်’ (ဇွန် ၂၀၀၉) အာဏာသိမ်းမှုတွေမှာ အာဏာသိမ်းအစိုးရတွေကို ကုလသမဂ္ဂဘက်က အသိအမှတ် မပြုခဲ့ပါဘူး။ ဒီလို တသမတ်တည်းရှိတဲ့ ကုလ သမဂ္ဂရဲ့ရပ်တည်ချက်နဲ့ ဆန့်ကျင်ဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့၊ အဲဒီအင်အားကြီးနိုင်ငံတွေအတွက်လည်း သူတို့ရဲ့ ဂုဏ်သိက္ခာကို အရင်းအနှီးလုပ်ကြဖို့ လိုအပ်ပါလိမ့်မယ်။
Council on Foreign Relationsက Credentials Committee ရဲ့ ဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကောက်ချက်ချထားတာ တခုရှိပါတယ်။ ‘သမိုင်းတလျှောက် နိုင်ငံ ရေးအင်အားနဲ့ အာဏာကို လုယူယူခဲ့တဲ့ သူတွေက တင်သွင်းတဲ့ ကိုယ်စားလှယ်တွေကို ငြင်းပယ်ခဲ့တယ် (ဒါမှမဟုတ်) ဆိုင်းငံ့ထားခြင်းနဲ့ မရွေးချယ်ဖို့ လုပ်ဆောင်ခဲ့တယ်’ ဆိုတဲ့ သုံးသပ်ချက်ပါ။
တရုတ်နိုင်ငံအနေနဲ့ကလည်း ဒီအချက်ကို ဂရုမပြုမိစရာ မရှိပါဘူး၊ တရုတ်ရည်ရွယ် ချက်က သူဖြစ်စေချင်တဲ့ ၂၀၀၈ခြေဥ အောက်က ဟန်ပြရွေးကောက်ပွဲကနေ၊ မျက် နှာသစ်တွေနဲ့ အယောင်ပြ အရပ်သားအစိုးရဖွဲ့ပြီး နိုင်ငံတကာကို မျက်လှည့်ပြစေချင်တာပါ။ တကယ်တမ်းကျ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က ထိပ်ဆုံးရာထူးရယူပြီး၊ အာဏာသိမ်းအဖွဲ့အစည်းရဲ့ အမာခံလူဟောင်းတွေနဲ့ အာဏာကိုဆက်ချုပ်ကိုင် ထားတဲ့အတွက်၊ စစ်အာဏာသိမ်းမှု အရိပ်မည်းကို ရှောင်စေချင်တဲ့ တရုတ်တို့ လိုလားတဲ့ အခင်းအကျင်းစစ်စစ်တော့ ဖြစ်မလာခဲ့ပါဘူး။ ဒီအချက်တွေကို ပြန်သုံးသပ်ပြီး ကုလသမဂ္ဂမှာ တွန်းတွန်းတိုက်တိုက် စင်တင်ပေးဖို့သင့်၊မသင့်တရုတ်နိုင်ငံအနေနဲ့ ပြန်စဉ်းစားဖို့ လိုပါလိမ့်မယ်။
ကုလသမဂ္ဂရဲ့ စံတန်ဖိုးဟာ ဒီမိုကရေစီဖြစ်ပြီး လူ့အခွင့်အရေး၊ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတို့ကို မြှင့်တင်ခြင်းနဲ့ ဒီမိုကရေစီကို ထောက်ခံပုံဖော်သွားမယ်ဆိုတာက ကုလသမဂ္ဂရဲ့ အခြေခံမူဝါဒလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကုလသမဂ္ဂဆိုတာ မတူညီတဲ့ သဘောထားအမြင်ရှိတဲ့နိုင်ငံတွေ၊ ကိုယ်ကျိုးစီးပွါး ရှေ့တန်းတင်တဲ့ အစိုးရတွေ ပါဝင်လည်ပတ်နေတဲ့ Intergovernmental Organization ကြီး ဆိုတာကို မမေ့ကြဖို့၊ နိုင်ငံရေးကစားကွက်တွေနဲ့ မကင်းတဲ့ အဖွဲ့ကြီးဆိုတာကိုလည်း မပြတ်သတိရှိနေကြဖို့ လိုအပ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာဟာ အရင်နှစ်တွေကထက် ပိုခြိမ်းခြောက်ခံလာရတာကတော့ ထင်ရှားပါတယ်။ တရုတ်-ရုရှားဘက်ကတော့ သူတို့မဟာမိတ်နိုင်ငံတွေနဲ့ အရင်စကားတောက် သွေးတိုးစမ်းကြည့်နိုင်ပါတယ်။တ ကယ်လို့ အလားအလာ မကောင်းခဲ့ရင်တော့၊ ပြည်တွင်းရော ပြည်ပမှာပါ နံမည်ဆိုးနဲ့သာ ကျော်ကြားနေသူများအတွက် တရုတ်-ရုရှားတို့က သိက္ခာကျခံ မားကက်တင်း ဆင်းပေးကြမယ် မထင်ပါဘူး။
(၈၁)ကြိမ်မြောက် အထွေထွေညီလာခံသက်တမ်း စတင်ဖို့ လအနည်းငယ် လိုနေပါ သေးတဲ့ အချိန်မှာ Armed Conflict Location & Event Data (ACLED) က မြန်မာ နိုင်ငံပြည်တွင်းစစ်ဟာ ပါလက်စတိုင်းပဋိပက္ခပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး ပဋိ ပက္ခ၊ ပြီးခဲ့တဲ့ ၅နှစ်ကျော်ထဲ သေဆုံးသူက ၁သိန်းကျော်၊ ကမ္ဘာ့အများဆုံး ကွဲပြားတဲ့လက်နက်ကိုင်အဖွဲ့ ၁၂၀၀ ကျော် ရှိနေတဲ့နိုင်ငံအစရှိတဲ့ နိုင်ငံတကာက လစ်လျူရှုလို့မရနိုင်တဲ့ ကိန်းဂဏန်း အချက်အလက် ထုတ်ပြန်ထားပါတယ်။
ACLEDရဲ့ အချက်အလက်တွေကို ကိုးကားအသုံးပြုသူကြတွေထဲမှာ UN Office for the Coordination of Humanitarian Affairs (UNOCHA),UN Central Emergency Response Fund (CERF) တို့လို ကုလသမဂ္ဂအေဂျင်စီ အများအပြား ပါဝင်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဒီဒေတာတွေဟာ ACLED ထုတ်ပြန်တဲ့ အချိန်လေးမှာပဲ မြင်ရကြားရမှာ မဟုတ်ပါဘူး။ ACLED အစီရင်ခံစာ အချက်တွေနဲ့ ကုလသမဂ္ဂမျက်နှာစာမှာ မြန်မာ့အရေးအတွက် သတိပေးခေါင်း လောင်းသံတွေ ထပ်ခါတလဲလဲ မြည်နေဦးမှာပါ။
ဒါ့အပြင် အပိုင်း (၁) မှာ ဖော်ပြခဲ့သလို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ‘ခါလီလူရာ ရာမန်’ ညီလာခံဥက္ကဌရာထူး ရွေးချယ်ခံထားရတာကလည်း မြန်မာနိုင်ငံအကြောင်း ကုလသမဂ္ဂစင်မြင့်မှာ ပိုမြင်တွေ့လာစရာအကြောင်း ရှိစေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ညီလာခံဥက္ကဌရဲ့ လုပ်ပိုင်ခွင့်များထဲမှာ အထွေထွေညီလာခံဆုံးဖြတ်ချက် (A/RES/59/313)အရ သူစိတ်ဝင်စားတဲ့ မျက်မှောက်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးပွဲတွေ အဆိုပြုကျင်းပပေးနိုင်တဲ့ အခွင့်အာဏာရထားလို့ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ခေါင်းထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ မရှိပဲနေမှာ မဟုတ်လို့၊ မြန်မာ့အရေးနဲ့ ဆက်စပ်တဲ့ အပြန် အလှန် ဆွေးနွေးပွဲတွေကို၊ ကုလသမဂ္ဂစင်မြင့်မှာ အရင်နှစ်တွေထက် ပိုပြီးကြားသိလာရဖို့ရှိပါတယ်။ ပြဿနာအလုံးစုံရဲ့ ဇစ်မြစ်ကိုလည်း ဆွေးနွေးထောက်ပြခွင့်တွေ ပိုရှိလာနိုင်တဲ့ (၈၁) ကြိမ်မြောက် သက်တမ်းသစ်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် နေရာကို ဆက်လက်ထိန်းထားနိုင်ဖို့က အရေးကြီးပါတယ်။
မကြာသေးမီက သွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ‘တာရစ်ခ် ရာမန်’ (Tarique Rahman)ရဲ့ ဇွန်လ(၂၂-၂၆ ) ရက် တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံကြား 2+2 - ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး အဆင့်မြင့် ပုံမှန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။ ဒီသတင်းကိုအခုအချိန်မှာ မရေရာသေးတဲ့ တရုတ်ဘက်က အဆိုပြုခဲ့တဲ့ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွါးရေးစင်္ကြန် အလားအလာထက် ပိုစိတ်ဝင်စားမိပါတယ်။
ဒီသဘောတူညီချက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ‘ဝမ်ယိ’နဲ့ ညီလာခံဥက္ကဋ္ဌသစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ‘ခါလီလူရာ ရာမန်’ကြား ပိုမိုနီးကပ်တဲ့ ပုံမှန် တွေ့ဆုံစည်းဝေးမှုတွေ ပြုလုပ်လာတော့မယ်လို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ အမေရိကန်နိုင်ငံက မဟာမိတ်နိုင်ငံတွေနဲ့ 2+2 ဆက်ဆံရေးတွေ ထူထောင်ထားတာ ကြာပါပြီ။ တရုတ်နိုင်ငံဘက်က အမေရိကန်ထက် အများကြီးနောက်ကျပြီးမှ စတင်တာဖြစ်ပြီး၊ အခု ၂ နိုင်ငံ သဘောတူညီချက်က လက်ချိုးရေလို့ရတဲ့ မိတ်ဘက်နိုင်ငံစာရင်းထဲ ဘင်္ဂလားဒေ့ရှ်ကို ထည့်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီပြောင်းလဲ ဖြစ်စဉ်တွေကနေ မြန်မာ့အရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာကိုတော့ ဆက်စောင့်ကြည့်ရပါဦးမယ်။
မြန်မာ့အရေးကိစ္စဟာ နဂိုကတည်းကမှ ရှုပ်ထွေးရတဲ့အထဲ၊ ‘ပထဝီကျိန်စာ’သင့်တဲ့နိုင်ငံလို့ အမည်တပ်ခံရလောက်အောင် အိမ်နီးချင်းနိုင်ငံကြီးရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ၊ အတိအလင်း ထုတ်ဖော်ပြောကြားချက်တွေ၊ ပြင်ဆင်နေတဲ့ခြေလှမ်းတွေက အန္တရာယ်အငွေ့အသက်တွေ ပိုရလာစေပါတယ်။
ချုပ်ပြောရရင် မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာဟာ သံတမန်ရေး စစ်မျက်နှာအတွက် အရေးကြီးတဲ့ ဗျူဟာမြောက် ခံတပ်တခု ဖြစ်ပါတယ်။ ဒီအတွက် ခံစစ်စည်း ကျိုးပေါက်ပြီး မြန်မာပြည်သူများရဲ့ အသံတိတ်ဆိတ်သွားတာမျိုး မဖြစ်ရလေရအောင်၊ ယခင့်ယခင်နှစ်များထက် ပိုအားစိုက် ပိုပြင်ဆင်ထားကြရမဲ့ အချိန်ကိုရောက်ရှိလာနေပြီလို့ပဲ မှတ်ချက်ပေးရပါလိမ့်မယ်။
သီအိုဇော်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👉အန္တရာယ်အငွေ့အသက် ပိုများလာသော ကုလသမဂ္ဂစင်မြင့်ထက်မှ နိုင်ငံကိုယ်စားပြုနေရာ
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar