Breaking News

မောင်သော်တာ - နွေဦးကိုထိမှန်လာသောစကားလုံးများ

Art- Than Htay Maung
နွေဦးကိုထိမှန်လာသောစကားလုံးများ
မောင်သော်တာ
(မိုးမခ) မတ် ၁၁၊ ၂၀၂၁


ကိုယ့်အမြစ်ကိုယ်တူးမိတဲ့သစ်ပင်တွေလိုစိမ်းနိုင်ပျော်နိုင်ကြတယ်လား

မင်းတို့အရိပ် ငါမခိုဘူး
ဘာတွေသီးသီး ဘာပွင့်ပွင့် အဆိပ်ပင်
ရှင်ခွင့်မပေးနိုင်......


ကမ္ဘာကြီးထဲမှာ အဖြစ်အပျက်တွေများစွာ
ကမ္ဘာကြီးထဲမှာပဲ အဆုံးအရှုံးတွေများစွာ
ဘာမှမထူးဆန်းဘူး

ကမ္ဘာကြီးကငါတို့ကိုစောင့်ကြည့်နေတာလား
မမျှော်လင့်ဘူး
ငါတို့ကကမ္ဘာကြီးကိုစောင့်ရှောက်နေတာပါ......


လေယာဉ်သံကြားလို့မိုးပေါ်ကိုမော့ကြည့်မိတော့
သြော်...... ပျံလွှားငှက်လေး

မသေမချင်းပျံနေဦးမယ့်တောင်ပံတစ်စုံသူ့မှာရှိတယ်......
 

လက်နက်နဲ့ခြိမ်းခြောက်မလား
ရတယ်

စစ်အာဏာရူးကိုဆန့်ကျင်ခဲ့တဲ့ငါ့သတ္တိကိုငါလေးစားတယ်


အမှောင်ဂိုဏ်းသားတွေညဘက်ကြီးထွက်လာပြီ

မရှယ်ပါနဲ့ပြန်ကူးတင်ပါဆိုသလိုငါတို့တစ်ယောက်နဲ့တစ်ယောက်
အလင်းကိုသံပုံးတီးဆွဲထုတ်ခဲ့ကြတယ်......


လက်သန်းကိုမင်ဆွတ်ပြခဲ့တာမလုံလောက်ဘူးတဲ့လား

လက်၃ချောင်းထောင်ပြလိုက်တယ်
ခင်များ လက်နက်ချသင့်ပြီ......


မြင်လား
မျက်နှာလွှဲထားဦးမှာလား
အပြုံးမပျက် ရုံးတက်မှာပဲလား
လက်သည်းဆိတ်လို့လက်ထိပ်မနာတတ်တာနားလည်လိုက်ပါပြီ

င ေ တ
မင်းတို့ဟာ လူစိတ်ကင်းမဲ့တဲ့အခွင့်ထူးခံတွေပဲလေ
ဘယ်သူသေသေ မာနေကြပါစေ......


အမှန်တရားတစ်ခုမှန်းသိလျက်နဲ့မင်းပါးစပ်ပိတ်နေသလား
နေသာသလိုနေပါ

မတရားမှုတစ်ခုကိုတော့လက်ခုပ်မတီးမိပါစေနဲ့
မင့်လိပ်ပြာ မင်းရှက်နေရမှာ......


ဘေထုပ်အဝတ်အထည်တွေလို
အဆင်ဒီဇိုင်းအရောင်အသွေးမျိုးစုံ
သဘာဝဘေးတခုခုကြောင့်လား၊စစ်ဘေးစစ်ဒဏ်ကြောင့်လား
တခုခုပဲ

ယုံကြည်ချက်မခိုင်မာရင်
အသက်တွေပါမလာဘူး ......

၁၀

အမှောင်ထဲပုန်းအိပ်ရတဲ့ဘဝ
ငါ့အသံကငါရှိရာကိုလမ်းပြကြလိမ့်မယ်
ငါ့စကားလုံးတွေကငါ့ကိုခြေရာခံပေးကြလိမ့်မယ်

သူတို့ငါ့ကိုမရခင် 
ငါ့ကိုယ်ငါတကယ်ရဖို့အားတင်းထားပါတယ် ......

၁၁

ညတိုင်းပဲ ငါ့စိတ်ထဲကြောက်စိတ်ဝင်ဝင်လာတယ်
ဘာကိုကြောက်ရတာလဲဆန်းစစ်ကြည့်တော့
ပြောသင့်တာမပြောဖြစ်ခဲ့ရမှာ
လုပ်သင့်တာ မလုပ်ဖြစ်ခဲ့ရမှာ
ငါ့ဘဝငါ့စည်းစိမ်
ငါ
အနေအစားချောင်ဖို့တစ်ခုတည်းပဲစိုးရိမ်ကြောင့်ကြနေခဲ့မိမှာရှက်စရာ

၁၂

ရတနာ၃ပါးကိုဦးချပြီးမအိပ်ခင်သံပုံးကိုအိပ်ရာနားထားမိပြီ
ဘာသံတွေကြားရမလဲ၊ဘယ်သူတွေရောက်လာမလဲလို့အမှောင်ထဲလှမ်းကြည့်နေရတဲ့ည

မနက်မိုးလင်းရင်
အမေပန်မယ့်ပန်းတွေပွင့်သလို
ကျနော်တို့စိတ်တွေအေးအေးချမ်းချမ်းပွင့်ခွင့်ရချင်တယ် ......

၁၃

ငါတို့မှာမီးခိုးဗုံးမရှိဘူး
ရာဘာကျည်လည်းမရှိဘူးကျည်အစစ်လည်းမရှိပါဘူး
အထက်အမိန့်လည်းမရှိဘူး
နီးရာဓားကိုကြောက်ဖို့လည်းမရှိဘူး

ငါတို့မှာရှိတာက
ဖရဲသီးသည်လေးရဲ့တစ်နေ့လုပ်တစ်နေ့စားအရင်းအနှီးလေးကိုဝေကျွေးတာရှိတယ်
စျေးထဲမှာကုန်စိမ်းလှည်းတွန်းတဲ့လူငယ်လေးတစ်ယောက်ရဲ့ဦးခေါင်းလည်းရှိတယ်
မျက်လုံးတစ်ဖက်ပေါက်ထွက်သွားရင်တောင် သူ့တိုင်းပြည်ကိုမျက်နှာမလွှဲတဲ့မျက်လုံးတွေရှိတယ်

မျက်ရည်ယိုဗုံးတွေကြာ းရှေ့တန်းစစ်မျက်နှာကိုပြေးထွက်ကြမယ့် ဘက်တမင်တံတွေရှိတယ်
ကိုကာကိုလာပုလင်းလေးတစ်လုံးကိုလေးနဲ့မြားလိုမြဲမြဲကိုင်ထားတဲ့ မိန်းကလေးသူရဲကောင်းလည်းရှိတယ်

ကျည်ဖောက်သံကြားတိုင်း ဟက်ပီးနယူးရီးယားလို့အော်မယ့် လူငယ်ဟားတိုက်သံတွေရှိတယ်
ဒီညနေတော့ပြန်မယ်အစ်ကိုရေ့လို့ သံဆူးကြိုးတွေနားသွားနှုတ်ဆက်ပြီးမှ ပြန်မယ့်ခြေလှမ်းတွေလည်းရှိတယ်

နွေဦးရင်ပြင်မှာအောင်ပွဲခံပြီးရင်တောင် gameပဲပြန်ကစားမယ်၊ underground dance တွေပြန်ကမယ်ဆိုတဲ့အပျော်စိတ်လေးတွေရှိတယ်
နီတာတွေစိမ်းတာတွေမသိဘူးဓမ္မအဓမ္မကိုတော့ 
အင်တာနက်လိုင်းလိုခွဲခြားပြီးချိတ်ဆက်မယ့်ခေါင်းအသစ်တွေရှိတယ်
ကျည်ဆန်အစစ်နဲ့ပစ်နေတာကိုရင်ဘတ်ဖွင့်ပြီးရပ်နေမယ့် အာခံစိတ်လေးတွေလည်းရှိတယ်
ဘယ်သူမှတိုင်ပင်ထားစရာမလိုဘဲ တစ်ယောက်ကိုတစ်ယောက်ကျည်ကာပေးမယ့်
ကိုယ်လုံးနုနုငယ်ငယ်လေးတွေရှိတယ်

ငါတို့ခေတ်ကကြောက်စိတ်ကိုသူတို့ကိုပြန်ပြောပြဖို့တောင်ရှက်စရာကောင်းနေတဲ့ 
ခေတ်အသစ်ဆက်ဆက်လေးတွေရှိတယ်

ငါတို့ရှုံးနိုင်မလားလို့မေးရင် 
ငါတို့ရဲ့ကြောက်စိတ်ကြီးကအရင်ရှေ့ကထွက်ပြေးမှာ

ငါတို့နိုင်မှာသေချာလားလို့မေးကြည့်
ငါတို့ကတဖန်ပြန်သင်ယူရမယ့်အောင်စိတ်တွေနဲ့မွေးဖွားလာတဲ့နွေဦးက
တပ်ဦးမှာအောင်လံတလူလူလွှင့်နေပြီ ......

မောင်သော်တာ