Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၃၊ ၂၀၂၁

သည်နေ့ဟာ ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း ၃၃ နှစ်ပြည့်ဖြစ်တယ်။ စစ်တပ်က ကျောင်းဝင်းအတွင်း ကျူးကျော်ပြီး သေနတ်နဲ့ပစ်လို့ ကျောင်းသားတွေထဲက ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်ကျဆုံးခဲ့ရတယ်။ ကိုဖုန်းမော်က နေရာမှာတင် ကျဆုံးပြီး ကိုစိုးနိုင်နဲ့ ကိုမြင့်ဦးက သေနတ်ဒဏ်ရာနဲ့ ရန်ကုန်ဆေးရုံကြီးပေါ်မှာ လက်ထပ်တန်းလန်းနဲ့ အဖမ်းခံထားရက အချိန်မီဆေးမကုသနိုင်လို့ ကိုစိုးနိင်လည်း ကျဆုံးခဲ့ရတာ ဖြစ်တယ်။ ကိုမြင့်ဦးကတော့ ခုထိအသက်ရှင်ကျန်ရစ်တယ်။ စစ်အာဏာရှင်တို့၏ မိုက်ရိုင်းသောသမိုင်း၏ သေရာပါဒဏ်ရာတွေနဲ့ အခုလည်း သူ မျိုးဆက်သစ်တွေနဲ့ ဆက်တိုက်ပွဲဝင်နေမယ်ဆိုတာ အသေအချာပဲ။ ကိုဖုန်းမော်တို့ ကိုစိုးနိုင်တို့ အသုဘကို လူထုနဲ့အတူတူ ဈာပနချခွင့်မရဘူး၊ စစ်တပ်က မိသားစုကို ပိတ်ဆို့တားဆီးထားတယ်။ လူထုကို လိမ်ညာပြီး သတင်းထုတ်ပြန်တယ်။ အဲသည်ကနေ မတ်လကျောင်းသားအရေးအခင်းဟာ မီးပွားတစလို ကြီးမားလာလိုက်တာ ဩဂုတ် မှာ ၈လေးလုံး အရေးတော်ပုံနဲ့ စစ်အာဏာရှင်တော်လှန်ရေး စတင်ခဲ့တာပဲ။ အခု ၃၃ နှစ် ရှိပြီ သည်တော်လှန်ရေး ခုထိမပြီးသေး။ ယနေ့ ၂၀၂၁ မှာ စစ်အာဏာရှင်တွေကို နွေဦးတော်လှန်ရေးနဲ့ ဆက်တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။

မတ်လ ၁၃ ရက်နေ့မှာလည်း မြန်မာတပြည်လုံးမှာ လူပေါင်း ၁၀ ဦးထက် မနည်း ထပ်မံကျဆုံးရတယ်။ မန္တလေးမှာ စစ်တပ်က ပစ်လို့ လူ ၅ ဦး အနည်းဆုံး ကျဆုံးတယ်။ စစ်တပ်က အဓမ္မ စစ်အာဏာသိမ်းပြီး ၁လနဲ့ ၁၁ ရက်အတွင်း အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတာ ခုဆိုရင် လူပေါင်း ၈၀ ကျော် ကျဆုံးရပြီ။ လူပေါင်း ၂၀၀၀ နီးပါး စာရင်းအရ ဖမ်းဆီးခံထားရပြီ။ စာရင်းမရှိဘဲ ဖမ်းဆီးသတ်ဖြတ်ခံရသူ ဘယ်လောက်များမလဲဆိုတာ နောက်ရက်တွေမှာ တစတစ သိရှိလာကြမှာ ဖြစ်ပါတယ်။

စနေ နေ့လည်ခင်း ရန်ကုန်မြို့ရဲ့ တချို့ နေရာတွေမှာ ဆန္ဒပြသူ ၊ သပိတ်တွေနဲ့ စည်ကားနေမှာ ဖြစ်ပေမယ့် အခြားနေရာ တော်တော်များများမှာတော့ လမ်းမကြီးတွေမှာ ကားတစီးသွားပြီး စက္ကန့်အနည်းငယ်မှ နောက်တစီးဖြတ်သန်းတာတွေ့ရတဲ့ အထိ လူရှင်းလင်းနေပါတယ်။ နေ့လည်ခင်း ၂ နာရီဝန်းကျင်လို့မထင်မှတ်ရလောက်အောင် ကားအသွားအလာရှင်းနေတာတွေ့ရပါတယ်။

မြို့ရဲ့ လူနေရပ်ကွက်နေရာတွေမှာတော့ လမ်း တဘလောက်မှာ ၂ နေရာ ၃ နေရာလောက် ကျောက်တုံးတွေ၊ အမှိုက်ပုံးတွေ၊ ကွန်ကရစ် တိုင်အပိုင်းအစတွေ၊ အုတ်ခဲတွေ၊ သဲအိတ်တွေ သံဆူးကြိုးတွေနဲ့ ကန့်လန့်ဖြတ် တားဆီးထားကြတာတွေ့ရပြီး ကားသွားတဲ့အခါ ယာဥ်မောင်းလိုင်စင်ဖြေတဲ့ အခါမောင်းသလို ရှောင်တိမ်းမောင်းကြရတာလည်းတွေ့ရမှာပါ။

သိမ်ဖြူလမ်းဆုံတခုမှာတော့ လမ်းပိတ်တဲ့ပစ္စည်းအဖြစ်သုံးတဲ့ အမှိုက်ပုံး ၂လုံးကို နေရာတွန်းရွှေ့နေပြီး ညနေစောင်း လမ်းဘေးလက်ဘက်ရည်ဆိုင် ခင်းဖို့ ပြင်ဆင်နေသူ သားအဖကို တွေ့ရပါတယ်။ ရန်ကုန်ရဲ့ လမ်းတွေမှာ လူတွေ ထွက်လာမလား၊ ဆန္ဒပြသူတွေ စုဝေးမလား၊ ဖြိုခွဲတဲ့ လုံထိန်းရဲနဲ့စစ်သားလာလို့ လူအားလုံး အမြန်ပြေးက ပုန်းကြမလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သော်လည်း လက်ဖက်ရည်ဆိုင်ခင်းမယ့်သူ အဖို့ သူ့ရဲ့ ဝမ်းစာတွက် သူခင်းမှ ဖြစ်မယ်ဆိုတာမျိုး မြင်တွေ့ရပါတယ်။

ရန်ကုန်မြို့ရဲ့ လမ်းမကြီးတချို့ကို ကြည့်လိုက်ရင် ယခင်က တိုးလျိုးပေါက် လှမ်းမြင်နေရပေမယ့် ခုတော့ သဲအိတ်တွေ ၊ အုတ်ပုံတွေ၊ ကန့်လန့်စီထားတဲ့ အမှိုက်ပုံးတွေကိုသာ မြင်ရပြီး ဟိုးခပ်လှမ်းလှမ်းကို ကျော်မမြင်နိုင်တော့ပါ။

ငွေထုတ်လို့ရတဲ့ ဘဏ်တခုတလေရဲ့ အေတီအမ် စက်ရှေ့မှာတော့ တန်းစီနေတဲ့ လူတန်းရှည်ကိုတွေ့ရပါတယ်။ ဘဏ်မှာ ငွေလာထုတ်သူတွေကို အကဲခတ်ကြည့်တဲ့အခါ အများစုက ကိုယ်ပိုင်ကားနဲ့ ငွေထုတ်လို့ရတဲ့ ဘဏ်အေတီအမ်ရှိတဲ့နေရာ ကို ရှာဖွေပြီးထုတ်ကြသူတွေလို့ ခန့်မှန်းရပါတယ်။ ရာသီဥတုက မတ်လ၊ မြန်မာလို တပေါင်းလထဲ ရောက်လာလို့ နေ့လည်နေ့ခင်း နေအပူရှိန်က တော်တော်ပြင်းလာပါပြီ။ သစ်ပင်တချို့လည်း ရွက်ဟောင်ကြွေပြီး ရွက်သစ်တွေ ပြန်ထွက်လာနေလို့ ရှုမြင်ရတဲ့ ရှုခင်းက အစိမ်းရောင်တချို့ လွှမ်းနေပြီး ပုံမှန်ဆိုရင်တော့ စိတ်ထဲ ကြည်လင်စရာ မြင်ကွင်းမျိုးဖြစ်ကောင်းဖြစ်မှာမှန်သော်လည်း ခုလို တနိုင်ငံလုံး စိတ်မချမ်းသာ ဖြစ်နေချိန် ၊ ကျီးလန့်စာစား လို ကြောက်လန့်စွာနဲ့ အပြင်ထွက်ကြရတဲ့အချိန်မှာ ကောင်းကင်တို့မြင်ကွင်းတို့က စိတ်ကို ကြည်လင်အောင် မတတ်နိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။

ရပ်ကွက်တွေရဲ့ လမ်းသွယ်တွေ ဝင်လိုက်တိုင်း လမ်းတိုင်းရဲ့ အဝင်မှာ တပ်ခါစ သံတံခါး ၊ တွေ သွပ်ပြားအကာအရံတွေ ဆူးကြိုးတွေနဲ့ လမ်းတိုင်းလမ်းတိုင်း ည ၉နာရီကနေ မနက် ၄ နာရီထိ အပြင်လူဝင်ခွင့်မပြုဆိုတဲ့ ဗီနိုင်း ဆိုင်းဘုတ် အသီးသီး ချိတ်ဆွဲထားတာ မြင်ကြရမှာပါ။ အချို့ လူညီတဲ့ရပ်ကွက်တွေ မြို့နယ်တွေကတော့ တရပ်ကွက်လုံးကို လမ်းထိပ်တွေကနေ လူလုပ်တံတိုင်းတွေ ဂိတ်တွေနဲ့ ပိတ်ဆို့ထားလိုက်ကြတာပဲ။ ဆိပ်ငြိမ်ရပ်ကွက်တွေ ခြံဝင်းနဲ့ လုံးချင်းအိမ်ယာတွေကတော့ အဲသည်လို အခြေအနေမျိူး ရှိဖို့မလွယ်တာ တွေ့ရပါတယ်။

လမ်းမကြီးတွေမှာ စစ်တပ်က လုံခြုံရေးချထားတာတွေကို ကြည့်ရင် သူတို့ပတ်ဝန်းကျင်မှာ အစိုးရအဆောက်အဦ၊ ဘဏ်၊ တစုံတဦးအဖွဲ့အစည်းကုမ္မဏီတခုခု အကာအကွယ်လိုအပ်တဲ့နေရာ စသည်ဖြင့် ဖြစ်တယ်လို့ အကဲခတ်ကြပါတယ်။ လူထုက ထွက်ပြီး ဆန္ဒပြမှာကို တားဆီးဖို့ နေရာယူတာမျိုးကတော့ သူတို့ ရေဒီယိုစက်ကနေ ညွှန်ကြားတော့မှ နေရာယူကြတာ တိုက်ခိုက်ကြတာဖြစ်ပြီး သူတို့နဲ့အတူ သတင်းပေးတွေ လမ်းပြတွေကိုလည်း တွဲထားပြီးမှ လှုပ်ရှားနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရေဒီယိုကြားဖြတ်နားထောင်နေသူတွေကတော့ စစ်တပ်အရာရှိတွေက စစ်သားနဲ့ ရဲသားကို ဘယ်လိုရန်သူမျိုးမို့လို့ ဖြိုခွင်းရမယ်ဆိုတဲ့ ညွှန်ကြားတာမျိုးထက် ဆန္ဒပြနေသူတွေအားလုံးဟာ သူတို့၏ ရန်သူလို့ပဲ သတ်မှတ်ပြီး ပစ်ခွင့်ပေးထားတာမျိုး ဖြစ်ပါတယ်။ လက်နက်ကိုင်ထားတဲ့ စစ်သားတွေ ရဲသားတွေကိုယ်တိုင်ကလည်း သွေးဆာပြီး ကြမ်းကြုတ်ရက်စက်ဖို့ ဝန်မလေးသူတွေ လက်မရွံ့သူတွေအဖြစ် မြင်နေရတာမို့ ပြည်သူက ပေါက်ဖွားလာတဲ့ ပြည်သူ့ခံစားချက်တွေ ဒုက္ခတွေကို သိတဲ့ စစ်သား ရဲသားတွေ မဟုတ်ဘဲ အမိန့်ပေးတာကို လိုက်နာတဲ့ လက်နက်ကိုင်လူသတ်သမားတွေသာသာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

နေ့ခင်းမှာ CRPH က ထုတ်ပြန်ချက်တခုပြန်ကြားပါတယ်။ ပြည်သူတွေလိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ပါတယ်။ အဲသလို ပြည်သူဆန္ဒတွေ ဖော်ဆောင်နိုင်ဖို့အတွက် CRPH က လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေများ လိုအပ်နေပါတယ်လို့ ပြောပြီး အမေရိကန်က လူမှုရေးအသင်းတခုဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်းမှတဆင့် ထည့်ဝင်လှူဒါန်းကြဖို့ အကြောင်းကြားတာ ဖြစ်ပါတယ်။ မနေ့က ဆောင်းပါးမှာ ထောက်ပြခဲ့သလိုပါပဲ - ပြည်ပရောက် မြန်မာတိုင်းရင်းသားပေါင်းစုံ၏ အခန်းကဏ္ဍသည် အလွန်ကြီးမားကျယ်ပြန့်ပါတယ်။ အဲသည်အချက်ကို နိုင်ငံရေးတိုက်ပွဲဝင်နေသူများက အကုန်အစင် အပြည့်အ၀ စုစည်း စည်းရုံးပြီး ချိတ်ဆက်ဖို့ အလွန်အရေးကြီးတယ်ဆိုတာ ထင်ရှားသက်သေပါပဲ။ သည်ထက်ပိုပြီး ပြည်ပရောက်မြန်မာတိုင်းရင်းသားတွေ၏ ခွန်အားတွေကို ဦးဆောင်မှုပေးနိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်။

ညနေခင်းမှာတော့ CRPH ၏ ယာယီဒုသမ္မတ ဦးမန်းဝင်းခိုင်သန်းက ပြည်ထောင်စုအခြေပြမိန့်ခွန်း ၆ မိနစ်ခန့် ထွက်ပြောပါတယ်။ အများပြည်သူတွေကို စစ်အာဏာရှင်တွေက အကြမ်းဖက်သတ်ဖြတ်နေတာကို မိမိတို့ သည်အတိုင်းကြည့်နေမှာ မဟုတ်ဘူးလို့ သတိပေးစကားပြောကြားပါတယ်။ သူတို့ဖွဲ့စည်းထားတဲ့ ပအဖ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိကြောင်းနဲ့ ပြည်သူကို ကာကွယ်ပေးနို်င်ဖို့ လုံခြုံရေးစီမံမှုတွေ ထုတ်ပြန်ပေးမယ် ဆောင်ရွက်ပေးသွားမယ်လို့လည်း ကတိပေးသွားပါတယ်။ ပြီးတော့ လက်သုံးချောင်းထောင်ပြီး အရေးတော်ပုံအောင်ရမည်လို့ ကြွေးကြော်သွားတာ တွေ့ရပါတယ်။

ပြည်သူတွေနဲ့ မျိူးဆက်သစ်တွေကတော့ မိမိတို့စတင်လျောက်လမ်းခဲ့တဲ့ နွေဦးတော်လှန်ရေးအောင်မြင်ရေး ပန်းတိုင်ကို မည်သို့ပင် ဖြစ်စေကာမူ ဆက်လက်ချီတက်သွားကြမှာ ဖြစ်ပါတယ်။ လူထုနဲ့ မျိုးဆက်သစ်လူငယ်တွေ၏ တယောက်တလက် ကိုယ်ထူကိုယ်ထ ကိုယ်အားကိုယ်ကိုး တော်လှန်ရေးခရီးလမ်းကတော့ ဆင်းသူ တက်သူ ကျဆုံးသူ ဖြည့်ဆည်းသူ တွေနဲ့ စီးဆင်းနေမြဲ ဖြစ်ပါတယ်။

 #MoeMaKaMedia #WhatsHappeningInMyanmar