Breaking News

လွင်(ဘော်တွင်း) - မေ့ပစ်ချင်ခဲ့တဲ့ အကြောင်းတွေ



လွင်(ဘော်တွင်း) - မေ့ပစ်ချင်ခဲ့တဲ့ အကြောင်းတွေ

(မိုးမခ) မတ် ၁၄၊ ၂၀၂၁

“ဒလန် ဟေ့၊ ဒလန်”၊ “ရပ်ကွက်ထဲက ဒလန်တွေ’ ခုထွက်သွား၊ ခုထွက်သွား”

တကယ်တော့ ဒီအကြောင်းတွေ ပြန်တောင် မတွေးချင်တော့လို့ မေ့ထားခဲ့တာ။ ခုတော့ ပြောသင့်တယ်ထင်မိလို့။

၈၈ တုန်းက ကျမအသက် ၁၈ နှစ်။ အခု ဂျန်ဇီလေးတွေအရွယ်ပေါ့။ မုံရွာတက္ကသိုလ် (အဲဒီတုန်းက ကောလိပ်) မှာ ပထမနှစ်ပြီးကာစ၊ ဒုတိယနှစ်အစပိုင်းအချိန်။ မုံရွာမှာ တက္ကသိုလ်တက်တယ် ဆိုပေမဲ့ ကျမက မုံရွာသူတော့မဟုတ်ပါဘူး။ ရှမ်းပြည်မြောက်ပိုင်းက ဆယ်တန်းအောင်ပြီး လာရှိုးတက္ကသိုလ်တက်ခွင့်ရရာကနေ၊ မုံရွာတက္ကသိုလ်ကို‌ ပြောင်းရွှေ့ခဲ့တာပါ။ ဒီတော့ မုံရွာဟာ ကျမနဲ့ မရင်းနှီးလှသလို မေဂျာတူတွေထဲမှာလည်း ခင်မင်လာတဲ့ သူငယ်ချင်းတွေရှိပေမဲ့ ရင်းနှီးကျွမ်းဝင်လှကြီးတော့ မဟုတ်၊ ငယ်ပေါင်းအကြောင်းသိတွေ မရှိဘူးပေါ့။ အဆောင်လည်းမနေရဘဲ အဒေါ်အိမ်ကနေ ကျောင်းတက်တာဆိုတော့၊ ကျောင်းနဲ့ အိမ်အပြင် ဘယ်မှလည်း သိပ်ပြီး မသွားမလာခဲ့ဖူးသေးတဲ့ အချိန်ပေါ့။

မုံရွာမှာ အရေးအခင်းစဖြစ်တော့ ဘယ်နေလိမ့်မလဲ။ အဒေါ်တို့ တားနေတဲ့ကြားက သပိတ်စခန်းကို သွားခဲ့တာပါ။ ဘုရားကြီး မြောက်ဘက်မုခ်ဘေးက သဲပုံကြီးပေါ်မှာ ကျမတို့ အမျိုးသမီးသပိတ်စခန်းပေါ့။ မုံရွာ ရပ်ကွက်တွေထဲက ရဲရဲတောက်အမျိုးသမီးလေးတွေဟာ အိမ်မပြန်တော့ပဲ အဲဒီသပိတ်စခန်းမှာပဲ နေလိုက်ကြတော့တာ။ ဆန္ဒပြလိုက်၊ ဟောပြောတာတွေ နားထောင်လိုက်၊ အရပ်ကစုပြီးပို့တဲ့ ထမင်းထုပ်တွေ စားလိုက်နဲ့ပေါ့လေ။ အဲဒီနားက ဇရပ်ထဲမှာ အမျိုးသမီးတွေချည့် စုအိပ်တာ။ အိမ်က စိတ်ပူနေမှာတွေ ဘာတွေ သိပ်မတွေးတဲ့ အရွယ်ဆိုတော့လဲလေ။ တက္ကသိုလ်ကျောင်းသူရယ်လို့ ကျမတစ်ယောက်ထဲပါတော့ ဒုခေါင်းဆောင်တွေဘာတွေ ဖြစ်လိုက်သေးတာ။

အရေးအခင်းစစချင်းမှာ မုံရွာတက္ကသိုလ်ကျောင်းသားတွေက အဖွဲ့လိုက်မထွက်သေးဘူး။ နောက်ပိုင်းမှ ပါလာတာ။ မုံရွာတက္ကသိုလ်ကျောင်းသားသပိတ်အဖွဲ့ထဲမှာ ကျမမပါဝင်ခဲ့ဘူး။ မျက်မှန်းတမ်းမိသူတွေ ပါပေမဲ့ ဘယ်သူနဲ့မှမခင်လို့၊ သိပ်မသိလို့ပါပဲ။ အဲလိုပဲ ကျောင်းသားသမဂ္ဂအဖွဲ့မှာလဲ သိတဲ့လူမရှိတော့ ဘာရယ်မဟုတ် မချိတ်ဆက်ဖြစ်ခဲ့ဘူး။ အဲဒီတုန်းက ကျမတို့ အမျိုးသမီးအဖွဲ့ရဲ့‌ခေါင်းဆောင်က မမော် လို့ မှတ်မိပါရဲ့။ ကျမတို့ အမျိုးသမီးအဖွဲ့ကို ခေါင်းဆောင်တဲ့ အမျိုးသားတွေရှိသေးတယ်။ သူတို့ကတော့ အခရာပေါ့လေ။ စောင့်လည်းစောင့်ရှောက်ကြပါရဲ့။

ကျမမှာ နိုင်ငံရေးခံယူချက်၊ ဘာရယ်လို့ မရှိပါဘူး။ မခံချင်စိတ်၊ လူငယ်စိတ်ကြောင့်ပဲ လုပ်ဖြစ်တာပါ။ တကယ်တော့ အဲဒီတုန်းက ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုတောင်မှ သေသေချာချာ သဘောပေါက်တာ မဟုတ်ဘူး။ အာဏာရှင်ရဲ့ လက်အောက်မှာ ကျမတို့ဟာ တဖြည်းဖြည်း ဆင်းရဲကျပ်တည်းလာခဲ့တာကိုတော့ ကောင်းကောင်းသိနေတာကိုး။ ပြီးတော့ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တာဆိုတဲ့ စကားကို ဆတ်ဆတ်ခါ နာခဲ့တာကိုး။ ခုလို သတင်းစီးဆင်းမှုတွေ မမြန်သေးပေမဲ့ ဘီဘီစီ၊ ဗွီအိုအေ ကတဆင့် ရန်ကုန်မှာ၊ စစ်ကိုင်းမှာ ပစ်ခတ်သတ်ဖြတ်မှုတွေကို ကြားနေရတာကိုး။

ဒီလိုနဲ့ သပိတ်က ကြာလာရော။ အဆိပ်ခတ်တာတို့၊ သူလျိုတို့ဆိုတာတွေလဲ ပေါ်လာတာပေါ့။ ခုလိုပဲ။ သူလျိုဖမ်းမိလို့ဆိုပြီး ဖမ်းထား၊ ကြိုးတုပ်ပြီး တယောက်တလက် ဝိုင်းသမကြတာတွေလဲ တွေ့ခဲ့ရရဲ့။ ခေါင်းဆောင်သူတွေ သဘောထားကွဲလွဲပြီး အဖွဲ့ကလေးတွေကွဲကြတာလဲ တွေ့ရရဲ့။ ဆန္ဒမစောကြပါနဲ့ လို့ ပြောနေတတ်တဲ့ သမ္မတကြီးကလည်း မပြုတ်သေးလေတော့ သပိတ်ကလည်း မရပ်နိုင်သေး။ ဘယ်တော့ ရပ်ရမယ် ဆိုတာလဲ မသိနိုင်သေး။ လူတွေကလည်း ပင်ပန်း လှပြီ။ အခုဖြစ်နေတဲ့ အခြေအနေမျိုးပေါ့။

နောက်တော့ ကျမတို့ သပိတ်အဖွဲ့လည်း ကွဲပါလေရော။ ကျမတို့ကို ဦးဆောင်နေတဲ့ သူတွေထဲက တချို့က ဒီဘုရားကြီးသပိတ်စခန်းကနေ ခွဲထွက်တော့မယ်ပေါ့။ ယုံကြည်သူတွေ လိုက်ခဲ့ကြပေါ့။ ဒါနဲ့ ကျမလည်း ခွဲထွက်တဲ့ အဖွဲ့ထဲ ပါသွားတယ်။

ခွဲထွက်ပြီး နောက်ရက်မှာ ကျမ ဖျားရော။ ဖျားနေတဲ့ ကျမကို အိမ်ပြန်ဖို့ ပြောကြပေမဲ့ အိမ်ပြန်ရင် သပိတ်အဖွဲ့ထဲ မပါရတော့မှာ စိုးလို့ မပြန်ဘူးဆိုပြီး တင်းခံခဲ့တာ။ အဲဒီမှာ တစ်ယောက်က အိမ်မပြန်ချင်လဲ သူ့အမအိမ်မှာ လိုက်နေပါလို့ ခေါ်တယ်။ သူက ကျမဖျားနေတဲ့ အကြောင်း ကျမအဒေါ်ဆီ သတင်းသွားပို့ခဲ့တာ။ (ကျမကို အသက်ကယ်ခဲ့တာ) သူ့အမအိမ်လိုက်သွားရာကနေ တအားလည်း ဖျားနေ၊ သူများအိမ်မှာ နေရတာ အားနာစရာလဲ ကောင်းတာကြောင့် အဒေါ်အိမ်ကို ပြန်လိုက်ခဲ့ရတယ်။ အဒေါ်က အိပ်ဆေးတွေ တိုက်တော့ အင်း၊ ပန်းတာနဲ့ ၊ ဖျားတာနဲ့ ဆေးအရှိန်နဲ့ အိပ်လို့ချည့်နေတာပေါ့။ နောက်တော့ အမေတို့ လာခေါ်တာနဲ့ အိမ်ပြန်ခဲ့ရတော့တာပေါ့လေ။ ဖျားလိုက်တာမှ နှစ်ပတ်လောက်ကို ကြာတယ်ထင်တာပဲ။

ကျမအိမ်ပြန်ရောက်ပြီး နောက်တော့ မုံရွာမှာ တိုက်ပွဲတွေစတော့တာပဲ။ ကျမတို့ခွဲထွက်ခဲ့တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်တချို့ကို ခေါင်းဖြတ်လိုက်ကြတယ်။ အင်း၊ သူလျိုပေါ့၊ ဒလန်ပေါ့၊ သစ္စာဖောက်ပေါ့၊ ထောက်လှမ်းရေးပေါ့လေ။ ဘုရားဘုရား၊ ကျမက ကံကောင်းစွာနဲ့ ဖျားပြီးအိမ်ပြန်ရောက်နေလို့ပါလား။ နို့မို့ ဝါးလုံးထိပ်မှာ ကျမခေါင်းလေးပါ ချိတ်နေမှာ။

ဘယ်သူမှလည်း ဒလန်မဟုတ်၊ သစ္စာဖောက်မဟုတ်ပါဘူး။ ကျမတို့ အဖွဲ့ကို သစ္စာဖောက်အဖွဲ့ရယ်လို့ စွပ်စွဲနေခဲ့ကြတာကိုလည်း မသိခဲ့ပါဘူး။ ကျမကိုယ်တိုင်လည်း ယနေ့အထိ အများပြည်သူကို သစ္စာဖောက်တဲ့ အလုပ်မျိုး တခုမှကို မလုပ်ဖူးပါဘူး။ ဒါပေမဲ့ ဒလန် ဖြစ်တော့မလို့ပါ။ ကံကောင်းလို့ လွတ်မြောက်ခဲ့ရတာပါ။

ဒီအကြောင်းတွေကို ကျမပြန်မတွေးချင်ပါဘူး။ ဘယ်သူ့ကိုမှလဲ ပြန်မပြောပြပါဘူး။ ပြန်တွေးဖို့ကို မတတ်နိုင်လို့ပါ။ အဲဒီစိတ်ဒဏ်ရာကို ကျမ ခုချိန်ထိ သယ်ပိုးထားရဆဲပါ။ ခုတလော တစ်ယောက် နှစ်ယောက်လောက်ကိုတော့ ပြောပြဖြစ်ပါတယ်။ အဖွဲ့တွေ စိတ်ဝမ်းကွဲရာကနေ အချင်းချင်း ရန်ပြုသတ်ဖြတ်မိသည်အထိ မှားယွင်းသွားတတ်ကြောင်းကိုပေါ့။ ကျမတို့ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်ပါ။

လွင်(ဘော်တွင်း) 

#MoeMaKaMedia #WhatsHappeningInMyanmar