မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၂ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၂ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၁၄၊ ၂၀၂၁
တနင်္ဂနွေနေ့ ညနေခင်း၊ မိုးပေါ်ထောင်ဖောက်တဲ့ သေနတ်သံတချို့ ကြားနေရပြီး တချက်တချက် အသံဗုံးကဲ့သို့သော ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ကြားနေရတယ်။ အောက်ဆင်းပြီး လမ်းသွယ်ထဲက ထွက်လိုက်တဲ့အခါ လမ်းပေါ်မှာ သဲကားတစီးရပ်ထားပြီး သဲများသွန်ချနေသည်ကိုတွေ့ရတယ်။ လမ်းထဲမှ လူငယ်တွေက သဲတွေကို ဘိလပ်မြေအိတ် အလွတ်များထဲထည့်သွင်းပြီး လမ်းထဲအဝင်ဝ မှာ နကိုပိတ်ထားတဲ့ အတားအဆီးတွေအပြင် ကားတစီးစာ အဝင်ပေါက်တည့်တည့် သဲအိတ်တွေထပ်ပုံပြီး ကွေ့ဝိုက်ဝင်မှ ရအောင်ထပ်ပိတ်ဆို့နေကြတာတွေ့ရပါတယ်။
လမ်းမကြီးပေါ်ထွက်လိုက်တဲ့အခါ လက်ထဲ သံတုတ်၊ သစ်သားတုတ် ကိုယ်စီကိုင်ထားကြတဲ့ လူငယ် ၁၀ ယောက်ခန့်က ဟိုးလမ်းဆုံဘက်မျှော်ကြည့် လိုက် ရှေ့ဘက်လျောက်လိုက် ပြန်လာလိုက် လုပ်နေကြပါတယ်။
ညနေ ၄နာရီကျော်နေပြီဖြစ်ပြီး ခါတိုင်းရက် ဒီလိုအချိန်ဆို ဆန္ဒပြသူတွေ လူစုခွဲ ပြန်ကုန်ကြလေ့ရှိပြီး ဒီနေ့တော့ လူစုမခွဲကြသေးပါဘူး။ နေ့လည်ကတည်းက လှိုင်သာယာ ဆန္ဒပြတဲ့လူစုလူဝေးကို ဖြိုခွဲနေတဲ့ သတင်းကြောင့် လှိုင်သာယာ တင်မကပဲ ရန်ကုန်မြို့ရဲ့ တခြားသော ရပ်ကွက်မြို့နယ်တွေမှာလည်း လူစုဝေးပြီး လှိုင်သာယာကို အင်အားမဖြည့်နိုင်အောင် လုပ်ကြမယ်ဆိုတာမျိုး ဆိုရှယ်မီဒီယာမှာ တွေ့နေရတာပါ။
ညနေစောင်း မမှောင်ခင်ထိ သေနတ်ဖောက်သံတွေ ကြိုကြားကြိုကြား ကြားနေရဆဲပါ။ ဒီနေ့ ရန်ကုန်မြို့ကတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့ စစ်မြေပြင်နဲ့ ပိုအလားသဏန်တူလာနေပါတယ်။ ရပ်ကွက်တွေရဲ့ လမ်းတိုင်း သံတံခါးတွေ၊ သဲအိတ်အတားအဆီးတွေ၊ ကွန်ကရစ်တုံးအတားအဆီးတွေ ၊ အုတ်ခဲကျိုးတွေ ဖြန့်ကျဲထားတာတွေနဲ့ သေနတ်သံက ကြိုကြားကြားနေကြရတာမျိုးပါ။
ညမှောင်ချိန်တိုင်သည်အထိ သေနတ်သံတွေက ကြားနေရဆဲဖြစ်ပြီး ရပ်ကွက်ထဲမှာလည်း လူငယ်တွေ ဟိုနားသည်နား စုဝေးပြီး အခြေအနေကို နားစွင့်နေကြတာတွေ့ရပါတယ်။
အရင်ရက်တွေက မှန်းဆမိတဲ့ အခြေအနေမျိုးကို ဒီနေ့ ရောက်လာပြီလို့ ဆိုရမှာပါ။ မြို့နယ်၊ ရပ်ကွက်အလိုက် လူထုက ခုခံမယ် ရှိတဲ့ လက်နက်နဲ့ အကာအကွယ်နဲ့ ခုခံမယ်ဆိုတဲ့ အခင်းအကျင်းဖြစ်ပါတယ်။ တိုက်ဆိုင်စွာပဲ CRPH ကလည်း လူထု အနေနဲ့ မိမိရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ဥပဒေအကိုးအကားနဲ့ ဒီနေ့ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ လူဦးရေ အထူထပ်ဆုံးမြို့နယ် ဖြစ်တဲ့ လှိုင်သာယာမှာတော့ ဒီနေ့ ဖြိုခွဲတဲ့ စစ်တပ်၊ ရဲက ဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွဲတာတွေက အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ညဦးပိုင်းထိ ဆက်လက်ဖြစ်နေဦးမယ့် လက္ခဏာရှိပါတယ်။ ညဖက် စစ်ကောင်စီသတင်းဌာနကလည်း လှိုင်သာယာနဲ့ ရွှေပြည်သားကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။
မတ်လ ၃ ရက်နေ့ နောက်ပိုင်း မတ်လ ၁၄ ရက်နေ့ ဒီနေ့ဟာ နောက်ထပ် အသေအပျောက်အများဆုံး နေ့တနေ့ဖြစ်မယ်လို့ ယူဆရပါတယ်။ ည၉နာရီ ကျော်လာတဲ့ အထိ သေဆုံးဒဏ်ရာရသူ အရေအတွက် အမည်တွေ ထပ်တိုးလာနေဆဲပါ။
ရန်ကုန်က အခုလို အခြေအနေ တင်းမာ ပြင်းထန်လာနေချိန်မှာ ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ တချို့သော မိသားစုတွေကတော့ မြို့ကနေ ခေတ္တစွန့်ခွာသွားကြတာတွေလည်း တွေ့နေရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ခရီးသွားလာခွင့်ကို ကျန်းမာရေး ကူးစက်မှု ကန့်သတ်ချက်တွေလျော့ပေါ့လိုက်တာကြောင့် နဲ့ ရန်ကုန်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ အားလုံးနီးပါးရပ်ဆိုင်းနေတာကြောင့် ခေတ္တစွန့်ခွာကြတာဖြစ်နိုင်ပါတယ်။ အိမ်ချင်းကပ်လျက်တိုက်က နေ့စဥ်မြင်နေကျ အိမ်ထောင်စု ၃/၄ စုကို ပြီးခဲ့တဲ့ သီတင်းပတ်က စလို့မတွေ့ရတော့ပါဘူး။
CRPH ကလည်း လူထု၏ ခုခံကာကွယ်ခွင့်ကို သူတို့ဥပဒေနဲ့အညီ ထုတ်ပြန်လိုက်သလို စစ်ကောင်စီကလည်း စစ်အုပ်ချုပ်ရေးဆိုတာနဲ့ တုန့်ပြန်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း သူတို့အုပ်ချုပ်ရေးတွေ သူတို့၏ ကာကွယ်ရေးဒေသတွေ တုန့်ပြန်ကြေညာလာလိမ့်မယ် ထင်ရပါတယ်။ မြန်မာပြည်က စစ်ကောင်စီ၏ မတရားလက်နက်ကိုင်ပြီး အာဏာသိမ်းပိုက်ထားမှုကို ဒေသရပ်ရွာအသီးသီးက ကိုယ့်ဖာသာကိုယ် ကာကွယ်အုပ်ချုပ် ခုခံနေရတဲ့ အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။