မိုးမခ- မတ် ၂၁ ရက် ကမ္ဘာ ကဗျာနေ့အထိမ်းအမှတ်(အောင်ဝေး၊ ကိုရွေး၊ ဝင်းမြင့်၊ ခင်လွန်း တို့၏ ကဗျာများ)
မတ် ၂၁ ရက် ကမ္ဘာ ကဗျာနေ့အထိမ်းအမှတ်
အောင်ဝေး၊ ကိုရွေး၊ ဝင်းမြင့်၊ ခင်လွန်း တို့၏ ကဗျာများ
ကမ္ဘာ့ ကဗျာနေ့ ၊ မုဆိုးမ နှင့် ကေဇဝင်းနိုင်ငံတော်
အောင်ဝေး
မု ဆိုး မ
ငါတို့ယောကျ်ားတွေက
စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးတော့
ငါတို့က
လင်သေမုဆိုးမ။
နင်တို့ယောကျ်ား စစ်သားတွေ
စစ်အာဏာရှင်က အသက်နုတ်ထားတော့
နင်တို့က
လင်မသေမုဆိုးမ။ ။
ဒီနေ့ ကမ္ဘာ့ကဗျာနေ့ (World Poetry day) မှာ
မြန်မာ့နွေဦးတော်လှန်ရေး(The Spring Revolution) အတွက်
"မုဆိုးမ" ကဗျာကို ထည့်ဝင်ပါတယ်။
နိုင်ငံတော်ဆိုတာ
ပြည်သူရဲ့ဒုတိယအမည်နာမ။
ပြည်သူက အာဏာအပ်နှင်းရင်
အစိုးရ။
ကဗျာဆရာတွေဟာ
အဲဒီ နိုင်ငံတော်အစိုးရကို
ရွတ်ဆိုသီကျူးပြနိုင်တဲ့
နောက်ထပ် နိုင်ငံတော်အစိုးရ။
လက်ငင်းမှာ နိုင်ငံတော်ဟာ စစ်ခွေးတွေ ၀ိုင်းဆွဲတာ
ခံနေရတယ်။
အစိုးရက အာဏာ အလုခံထားရတယ်။
လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေ အသတ်ခံနေရ
အဖမ်းခံနေရတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ
ပြည်သူတွေနဲ့အတူ ကဗျာဆရာတွေလည်း
ပါဝင်တိုက်ခိုက်နေကြတယ်။
စစ်တပ်နဲ့ရဲက ကဗျာဆရာတွေကို သတ်တယ်
ဒါပေမဲ့ ကဗျာကိုတော့ သတ်လို့မရဘူး။
စစ်တပ်နဲ့ရဲက ကဗျာဆရာတွေကို ဖမ်းတယ်
ဒါပေမဲ့ ကဗျာကိုတော့ ဖမ်းလို့မရဘူး။
ရဲဘော်ကဗျာဆရာအပေါင်းတို့ ....
ငါတို့မှာ လက်နက်မရှိ ဆိုပြီး အားမငယ်ပါနဲ့။
ကဗျာဟာ ငါတို့ရဲ့ အထက်မြက်ဆုံးလက်နက်ပဲ။
ကဗျာလက်နက်ကို မြဲမြဲဆုပ်ကိုင်ပြီး
စစ်အာဏာရှင်ကို ဆက်တိုက်ကြမယ်။
ကျဆုံးသွားတဲ့ ငါတို့ရဲဘော်ကဗျာဆရာတွေအတွက်
ငါတို့ ဆက်တိုက်ကြမယ်။
အဖမ်းခံထားရတဲ့ ငါတို့ရဲဘော်ကဗျာဆရာတွေအတွက်
ငါတို့ ဆက်တိုက်ကြမယ်။
နောက်မဆုတ်တမ်း။
အကြမ်းမဖက်တဲ့ အကြမ်းဖက်မှု(Non-violence violence) နဲ့
ငါတို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ခုခံရေး မဟာစစ်ပွဲ
ဆက် ဆင်နွှဲကြမယ်။
ကဗျာလက်နက်၊ တို့လက်နက်။
အာဏာသိမ်းစစ်အုပ်စု မုချကျရှုံးရမယ်။
ကေဇဝင်းနိုင်ငံတော် အဓွန့်ရှည်ပါစေ။
ကြည်လင်အေးနိုင်ငံတော် အဓန့်ရှည်ပါစေ။ ။
(မတ် ၂၁၊ ၂၀၂၁)
....
နွေ_ဦး_ဝတ်_စုံ
ကိုရွေး
ထူးခြားတဲ့အနံ့အသက်ထဲမှာ
ရရာခဲနဲ့ကောက်ထုတယ်
ကြုံရာကျည်ဆံနဲ့ကျဆုံးတယ်
ကြွေမယ်မှန်းသိလည်း
မုန်တိုင်းထဲရဲရဲပွင့်ခဲ့တယ်
ဒါဟာ
ကြည်လင်တဲ့မနက်ဖြန်အတွက်ပဲ
တန်ဖိုးကြီးတဲ့ ဒီသင်ခန်းစာမှာ
ကျည်ဆံကို ဘယ်လိပ်စာပေးရမလဲ
နွေဦးကို ဘယ်ဝတ်စုံနဲ့ ကြိုမလဲ
ငါတို့ရခဲ့ပြီ
ဒီနွေဦးမှာ
ဘယ်သီချင်းကိုဆိုမလဲ
ဘယ်ကဗျာကိုရေးမလဲ
ငါတို့ ရခဲ့ပြီ
ကျောက်ဆောင်ကိုလှိုင်းတလုံးတည်းကဖြိုခဲ့တာမဟုတ်ဘူး
နံရံကို အုတ်တချပ်တည်းနဲ့တည်ဆာက်ခဲ့တာမဟုတ်ဘူး
ငါတို့ရခဲ့ပြီ
ကဗျာဟာနွေဦးတောင်ကုန်းကိုသိမ်းပြီး
အလံနက်ကိုလွှင့်လိုက်ပြီ
သွေးတန်းဟာ ပြည်သူတားထားတဲ့စည်းပဲ
ဆုပ်ထားတဲ့လက်သီးထဲမှာ မျက်ရည်ဟာခဲနေတယ်
ငါတို့ နောက်မဆုတ်တော့ဘူး။
ကိုရွေး
21 mar 2021
#ကမ္ဘာ့ကဗျာနေ့ ၂၀၂၁
....
ကမ္ဘာကဗျာနေ့
ဝင်းမြင့်
စကားလုံးတွ
စာရွက်ပေါ ်ရောက်မလာသေးသလို ။
ကဗျာတွေ
ကမ္ဘာထဲ လွှင့်မတင်နိုင်သေးတဲ့နေ့တနေ့ပါပဲ ။
ပြောမထွက်သေးတဲ့အိပ်မက်တွေက
ပြေးမထွက်သေးတဲ့အရိပ်မည်းတွေကြားမှာ ။ ။
၂၁ ၃ ၂၀၂၁
...
တံခါးဖွင့်ကြည့် ကမ္ဘာကြီး
ခင်လွန်း
ကဗျာဟာ ကမ္ဘာမှာ
သူပိုင်တဲ့ နေ့တရက်ရှိတယ်
ကမ္ဘာကြီးရဲ့ကဗျာနေ့ဟာ
ငါတို့အတွက်တော့
နွေဦးတော်လှန်ရေးတွေချည်းဖြစ်တော့တာပဲ
ကမ္ဘာကြီးရေ
ကမ္ဘာ့ကဗျာထုကြီးရေ
အသံကိုနားစွင့်လို့
အပြင်ကိုလှမ်းကြည့်ဖို့
တံခါးတွေဖွင့်လိုက်စမ်းပါ
ဆရာကြည်အောင်ရဲ့ခါငှက်လေးတကောင်
ဆူးချွန်တွေတမြမြနဲ့ခံပင်ပေါ်က
နွေဦးသီချင်းတပုဒ်ဆိုနေတယ်
နားစွင့်လော့
ကမ္ဘာမကြေဘူး ...
ကမ္ဘာမကြေဘူး ....
ကမ္ဘာမကြေဘူး ...
...
မတ် ၂၁ ရက် ကမ္ဘာ ကဗျာနေ့အထိမ်းအမှတ် ရေးဖွဲ့ကြတဲ့ ဆရာများ၏ကဗျာများကို
ဖေ့ဘုတ်စာမျက်နှာများမှတဆင့် ကူးယူဖော်ပြပါသည်