မောင်ရစ် - နွေဦးတော်လှန်ရေးမှသည် ပြည်ထောင်စုအရေးတော်ပုံကြီး ဆီသို့
မောင်ရစ် - နွေဦးတော်လှန်ရေးမှသည် ပြည်ထောင်စုအရေးတော်ပုံကြီး ဆီသို့
(မိုးမခ) မတ် ၂၁၊ ၂၀၂၁ရန်ကုန်၊ မန္တလေး၊ မုံရွာကစလို့ မြန်မာပြည်ကြီးရဲ့ မြို့ကြီးတွေမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်တွေက အပြစ်မဲ့ အရပ်သားတွေ ပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ချေမှုန်းနေဆဲ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့လူတဦးဟာ နောက်တနေ့မှာ အလောင်းပဲ ပြန်ရတော့တယ်ဆိုရင် အကြမ်းဖက် ဖက်ဆစ်တပ်ရဲ့ ကြမ်းကြုတ်ယုတ်မာရိုင်းစိုင်းမှုဟာ ကမ်းကုန်သွားပြီ ဖြစ်တယ်။
ဒီကနေ့ ဒေါက်တာဆာဆာက အမေရိကန်က Virtual Protest လုပ်နေတဲ့ Gen Z တွေ၏ Zoom Townhall ကို တက်ရောက်တယ်။ သူက တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ကြပါလို့ ပြောတယ်။ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း မိမိတို့ တိုင်းရင်းသားတွေ အချင်းချင်း ဆက်ပြီး ကူညီရိုင်းပင်းကြဖို့ တိုက်တွန်းသွားတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကြိး ထူထောင်ဖို့ ဖယ်ဒရယ်တပ်မတော်ကြီးပေါ်ထွန်းဖို့ဟာ လက်တွေ့ကျတဲ့အရေးတော်ပုံဖြစ်နေပြီ၊ လူတွေအားလုံး တိုင်းရင်းသားတွေ အားလုံးက သဘောပေါက် ယုံကြည်သွားကြပြီလို့ သဘောထားပေးသွားပါတယ်။ အဲသည်မှာ လူငယ်မျိုးဆက်သစ်တွေက သူတို့တိုင်းရင်းသားအလိုက် ကိုယ်စားပြုပြီး သူတို့သဘောထားတွေ နွေဦးတော်လှန်ရေးကို ထောက်ခံမှုတွေ အားပေးကူညီနေမှုတွေကို ပြသသွားကြတယ်။ အလွန်လေးစားစရာ ကောင်းလှပါတယ်။
ကျနော်တို့ ဗမာတွေကလည်း (ပြည်မကြိးက မြန်မာတွေအားလုံး) ကလည်း တိုင်းရင်းသားဒေသတွေ နယ်စပ်ဒေသတွေမှာ စစ်တပ်က အနှစ် ၇၀ လုံးလုံး ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ် ယုတ်မာရိုင်းစိုင်းခဲ့သလဲဆိုတာ နွေဦးတော်လှန်ရေးကို နင်းခြေစော်ကားဖို့ ကြိုးစားနေတဲ့ ဖက်ဆစ်တပ်တွေကိုကြည့်ပြီးတော့ ကောင်းကောင်းကြိး သဘောပေါက်နေပြီ။ ကျနော်တို့မှာ ပြန်လှည့်စရာ လမ်းမရှိတော့ဘူး။ နောက်ပြန်ဆုတ်ရင် ကျနော်တို့အားလုံး မျိုးဆက်အဆင့်ဆင့် စစ်ကျွန်သဘောက်ဘ၀အောက်မှာ ခွေးလောက်တောင်မှ တန်ဖိုးမရှိ ငရဲခံကြရတော့မှာ သေချာတယ်။ ကျနော်တို့ ရှေ့တက်ပြီး ပြည်ထောင်စုကြိး ဖယ်ဒရယ်ပြည်ထောင်စုကြီး အပြိးတိုင် ထူထောင်မှ ရတော့မယ်။
မနေ့က ကချင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - Kachin Political Interim Coordination Team (KPICT) က ကြေညာချက်တခု ကချင်ဘာသာနဲ့ ထွက်တယ်။ သူတို့ကချင်နက်ဝပ်က CRPH နဲ့ ဆွေးနွေးပြီး နားလည်မှုတည်ဆောက်ပြိးပြီ။ သည်တော့ ကျနော်တို့ တိုင်းရင်းသားတွေ မြန်မာတွေလည်း အတုယူဖို့ ဝိုင်းဝန်းလက်တွဲဖို့ လိုတာပေါ့။ အဲဒါကို ဘာဆိုလိုတာလဲလို့ ကျနော့်မှာ လိုက်မေးရတယ်။ ကျနော့်မှာ တိုင်းရင်းသားသူငယ်ချင်း မိတ်ဆွေတွေ ရှိသလား မရှိဘူးလား ဆိုတာ သည်အချိန်မှာ သိသာလိုက်တာ။ မျက်နှာတောင်ငယ်သွားတယ်။ နောက်ဆုံးတော့ ကျနော်တို့မိုးမခမှာ စာရေးတဲ့ဝိုင်းတော်သား Send Bru က စာပြန်တယ်။ တော်သေးတာပေါ့။
အဲသည် KPICT က ကချင်ပြည်သူတွေကို အခြေခံတယ်၊ ကချင်တွေရဲ့ မူလအခွင့်အရေးအာဏာကို အခြေခံတဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်မယ်လို့ ပြောထားတဲ့အကြောင်း သူက ဘာသာပြန်ပေးပါတယ်။ ပြည်တွင်း ပြည်ပက ကချင်တိုင်းရင်းသားတွေအားလုံးကို ရည်စူးပြီး ထုတ်ပြန်တယ်လို့ ဆိုပါတယ်။ ဝမ်းသာစရာပါ။ တိုင်းရင်းသားတွေဟာ ဖယ်ဒရယ်ပြည်ထောင်စုလို့ ဆိုလိုက်တာနဲ့ သူတို့ကံကြမ္မာ သူတို့ဖာသာဖန်တီးမယ်လို့ ယုံကြည်မျော်လင့်ချက်တွေ တိုးထွက်လာတယ်။ မြင့်မားလာတယ်။ သူတို့မြစ်ကြိးနားမှာ ဖက်ဆစ်သောင်းကျန်းသူတွေ (ဒါ မအလစစ်ကောင်စီကို ခေါ်ရမယ့်အမည်၊ သူပုန်မဟုတ်၊ သောင်းကျန်းသူတွေ) ညတိုင်း လှည့်နေတယ်။ မအလသောင်းကျန်းသူတွေက ညဖက်မီးလိုက်ရှို့နေတယ်။ မိုးကောင်းမှာ အိမ်ထဲထိ သေနတ်နဲ့ လိုက်ပစ်တာတွေ ရှိတယ်။ စီဒီအမ်ဝန်ထမ်းတွေကို အိမ်ယာတွေကနေ မောင်းချနေကြတယ်။ လူငယ်တွေထဲက တချို့ဟာ မအလသောင်းကျန်းသူတွေကို ခုခံကာကွယ်ဖို့ ကေအိုင်အေဆီကို ချီတက်သွားကြတယ် တဲ့။ ရန်ကုန်နဲ့ မြစ်ကြိးနား၊ မိုးကောင်းဟာ ဖက်ဆစ်လက်အောက်မှာ ဘ၀တူတွေချည်းပဲ။ ကျနော်တို့ ဖယ်ဒရယ်ပြည်ထောင်စုကြီးဆီ အရောက်ချီတက်မှ ဖက်ဆစ်ရန်က လွတ်မယ်။ အားလုံး ငြိမ်းချမ်းမယ်။
ဒါနဲ့ ကျနော် ကရင်တိုင်းရင်းသားမိတ်ဆွေဆီ ဖုန်းဆက်ရတယ်။ သူတို့က ကျနော်တို့ပြည်တွင်းကလူတွေ မအလသောင်းကျန်းသူတွေက မြေလှန်ပြိး လိုက်ဖမ်းတော့ သူတို့ဆီကို လာခဲ့ဖို့ အကာအကွယ်ပေးမယ် စောင့်ရှောက်ထားမယ်ဆိုပြီး လက်ကမ်းကြိုဆိုကြသူတွေပါ။ ရန်ကုန်မြို့ထဲမှာ ခိုကိုးရာမဲ့ဖြစ်နေချိန်မှာ ဟိုးကရင်ပြည်နယ် တောင်တန်းတွေက ကရင်တိုင်းရင်းသားတွေက သူတို့ဆီလာနေဖို့ သူတို့ တံခါးတွေ အိမ်တွေ ကျေးလက်တွေကို ဖွင့်ပေးကြတယ်။ အဲသည်လိုဖွင့်ပေးလို့ မအလသောင်းကျန်းသူတွေက လက်နက်ကြီးတွေနဲ့ ပစ် ၊ စစ်တွေ လိုက်ထိုး လုပ်ခံရတာကို အသက်စွန့် ရပ်ရွာဒေသတွေ အနစ်နာခံပြီး ကရင်တိုင်းရင်းသားတွေက လုပ်ပေးကြတာကို ကျနော်တို့က ကျေးဇူးတင်ရပါတယ်။ သူတို့ ကရင်ပြည်နယ်ကြီး လွတ်မြောက်သော ပြည်ထောင်စုကြီးထဲမှာ ထူထောင်နိုင်ဖို့ ကျနော်တို့ ဝန်းရံကြမှာပေါ့။ ကျနော်တို့ ကရင်မိတ်ဆွေတွေကို ကချင်နက်ဝပ်တွေလိုပဲ အားလုံးဝိုင်းကူညီလက်တွဲကြဖို့ ကရင်နက်ဝပ်တွေ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေ အမြန်ဖော်ဆောင်ကြဖို့ တိုက်တွန်းရပါတယ်။ အဲသည်မှာ သတိရလို့ ဖြည့်ပြောရရင် ဆန်ဖရန်တရုတ်ကောင်စီဝန်ရုံးရှေ့မှာ ကရင်တိုင်းရင်းသားတဦးကပြောပါတယ်။ ကျနော်တို့ ကရင်တွေက လူကြီး လူငယ် ငယ်စဉ်ကြိးလိုက် ရိုသေတဲ့ အချင်းချင်း တန်းတူညီတူဆက်ဆံတဲ့ ရိုးရာပဲ ရှိပါတယ် တဲ့။ ကရင်တွေရာဇဝင်မှာ ပဒေသရာဇ်စနစ်ဆိုတာ မရှိခဲ့ပါဘူးတဲ့။ ဒီစကားလေးကလည်း ချစ်စရာပါ။
သည်လိုပဲ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင်၊ ၀၊ ပအိုဝ့်၊ ပလောင်၊ ကယန်း၊ ကရင်နီ၊ ၀၊ ကိုးကန့် အို… မြန်မာတိုင်းရင်းသားတွေအားလုံးနဲ့ ဖက်ဆစ်အာဏာရှင်စနစ်က လွတ်မြောက်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ဆိုတာ အခုကို လိုအပ်နေပြီ။ ကျနော်တို့ နှစ်ပေါင်း ၇၀ လောက်ကို နောက်ကျနေပြီ။ အမြန်ဆုံး ဒီအချိန်မှာ လုပ်ကြရပါမယ်။
ကျနော်ကတော့ တိုက်တွန်း နှိုးဆော်ပါတယ်။ မိတ်ဆွေတွေကိုလည်း လက်တွဲပါတယ်။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား အားရပါးရ ယုံယုံကြည်ကြည် တိုင်းရင်းသားတွေ မြန်မာတွေ အားလုံး ချိတ်ဆက်ကြပါ။ တိုင်းရင်းသားတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့အတွက် ဝန်းရံပေးကြပါ။ CRPH ကိုလည်း Support Team တွေ ကိုယ်ထူကိုယ်ထ ထူထောင်ကြ။ ပြီးတော့ Fedral Union ဖြစ်ပေါ်ဖို့ တိုင်းရင်းသားကွန်မြူနီတီတွေကိုလည်း ဖိတ်ခေါ်ကြ။ သူတို့နဲ့လည်း Fedral Union Support Team တွေ ထူထောင်ကြပါ။ မွန်တိုင်းရင်းသား မင်းကိုနိုင်ကပြောထားတယ်လေ။ တွဲတိုင်းမှာ စက်ခေါင်းတွေပါတယ်။ အားလုံး အတူတူ တစုတည်း ချီတက်ကြရမယ်။
ပြည်ထောင်စုအရေးတော်ပုံ - အောင်ရမည်။ အောင်ကို အောင်ရမည်။
(မောင်ရစ်)
#MoeMaKaMedia
#WhatsHappeningInMyanmar