အောင်မော်ဦး - “ထာဝရအကျိုးစီးပွား”
အောင်မော်ဦး
(မိုးမခ) မတ် ၁၆၊ ၂၀၂၁
စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ကကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအပေါ် ဘာ့ကြောင့်တရုတ်အစိုးရက ဒီလောက်တောင် ပြတ်ပြတ်သားသားရပ်တည်ပေးထားတာလဲဆိုတာကို စဉ်းစားကြည့်တော့ စိတ်ဝင်စားစရာအချက်သစ်တခုကို သတိပြုမိပါတယ်။
တရုတ်အစိုးရက အကောင်အထည်ဖော်နေတဲ့ BRI လို့လူသိများကြတဲ့ ပိုးလမ်းမသစ်ကြီးစီမံကိန်းအတွက် မြန်မာပြည်ဟာ ပထဝီအနေအထားအရ အရေးပါတာကတကြောင်း၊ သွေးစုပ်သလို စုပ်ယူလို့ကို မကုန်ခမ်းနိုင်တဲ့ သယံဇာတတွေ ထွက်ရှိနေဆဲဖြစ်နေတာကတကြောင်း၊ တရုတ်နိုင်ငံသားတွေထက် ဈေးချိုတဲ့ လုပ်သားအရင်းအမြစ်ကို ရရှိနေတာကတကြောင်း စသဖြင့် ရေးသားဖော်ပြ၊ ပြောဆိုဆွေးနွေးကြတာတွေကို ဖတ်ရှုမှတ်သားကြရမယ်ထင်ပါတယ်။ ဒါ့အပြင် အီးယူ၊ အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ မိတ်ဖက်ဖြစ်စရာအကြောင်းမရှိတော့တဲ့ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ တရုတ်အစိုးရကို မကပ်လို့မရတော့တဲ့အခြေကို ပိုမိုဆိုက်ရောက်စေခဲ့တာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။
မြန်မာနိုင်ငံက စစ်ရာဇဝတ်ကောင်တွေဟာ မာဖီးယားတွေ ကိုယ်ပိုင်တပ်ထောင်ပြီး စီးပွားရှာကြသလိုမျိုး ကြေးစားစစ်တပ်ကိုတည်ထောင်ပြီး စစ်နဲ့ စီးပွားရေးလုပ်စားနေခဲ့ကြတာပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက်တို့၊ အမျိုးဘာသာ သာသနာအတွက်တို့ ဆိုတဲ့ ဦးနှောက်မှိုင်းတိုက်မှုတွေနဲ့ ကြေးစားတပ်သားတွေကို လွဲမှားတဲ့ မျိုးချစ်စိတ်တွေရိုက်သွင်းပြီး စီးပွားရေးလုပ်စားနေကြတာပဲ ဖြစ်ပါတယ်။
အဲဒီစစ်ရာဇဝတ်ကောင်တွေနဲ့ သူတို့ထောင်ထားတဲ့ ကြေးစားတပ်ကို သူတို့ထက် အားကြီးတဲ့ တရုတ်အစိုးရက ခါးပိုက်ဆောင်တပ်သဖွယ် အိတ်ထဲထည့်ပြီး ထပ်ဆင့်အသုံးချနေတာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင် မြန်မာ့သတ်မတော်ဆိုတဲ့ စစ်စီးပွားရေးကုမ္ပဏီငယ်လေးတခုကို တရုတ်အစိုးရဆိုတဲ့ အာဏာရှင်စီးပွားရေးကုမ္ပဏီကြီးတခုက လက်ဝါးကြီးအုပ်ပြီး အသုံးချစေခိုင်းနေလေတဲ့ မြင်ကွင်းတွေကိုဆိုလိုတာဖြစ်ပါတယ်။
မြန်မာ့သတ်မတော်ဆိုတဲ့စစ်စီးပွားရေးကုမ္ပဏီလေးက မြန်မာ့သယံဇာတတွေကို တရုတ်အစိုးရဆိုတဲ့အာဏာ ရှင်စီးပွားရေးကုမ္ပဏီကြီးထံကို အလကားနီးပါးဈေးနဲ့ ထိုးရောင်းပေးနေတာကို အားလုံးသိပြီးဖြစ်ကြမှာပါ။ ဒါတင်မက မြန်မာ့သတ်မတော်ဆိုတဲ့စစ်စီးပွားရေးကုမ္ပဏီလေးနဲ့ တရုတ်အစိုးရဆိုတဲ့အာဏာရှင်စီးပွားရေးကုမ္ပ ဏီကြီး နှစ်ခုတို့ဟာ သူတို့ရဲ့ထာဝရအကျိုးစီးပွားတည်မြဲရေးအတွက် “ဝ”ဒေသကို ကြားခံဇုံ (Buffer Zone) အဖြစ်သတ်မှတ်ပြီး အထူးအခွင့်အရေးတွေပေးထားတာကိုလည်း အားလုံးသိပြီးဖြစ်ကြမှာပါ။
ဒီနေရာမှာ ကျနော် သတိပြုမိတဲ့ အချက်သစ်တချက်ကို တင်ပြချင်ပါတယ်။ အဲဒါကတော့ တရုတ်အစိုးရဆိုတဲ့ အာဏာရှင်စီးပွားရေးကုမ္ပဏီကြီးက တိုင်းပြည်ရဲ့သယံဇာတတွေကိုတင်သာမက တိုင်းပြည်ရဲ့ (မြေ) ကိုပါ အချောင်နှိုက်ဖို့ ကြံစည်နေတယ်လို့ သတိပြုမိလာတာပဲဖြစ်ပါတယ်။ လိုရင်းတိုရှင်းပြောရရင် အဲဒီ “ဝ”ဒေသဟာ မြန်မာပြည်ရဲ့ ဟောင်ကောင်ဆိုတာများ ဖြစ်လာလေမလားပေါ့။ “ဝ”ဒေသဟာ တရုတ်အစိုးရရဲ့အချုပ်အချာအောက်ကို ဟောင်ကောင်လိုများ ရောက်သွားလေမလားပေါ့။ သူတို့ရဲ့ ထာဝရအကျိုးစီးပွားတည်မြဲရေးအတွက်ဆိုရင် စစ်ရာဇဝတ်ကောင်တွေဟာ တိုင်းပြည်ကိုတောင် ရောင်းစားဖို့ ဝန်လေးကြမှာမဟုတ်ဘူးဆိုတာကိုတော့ မြန်မာပြည်သူတွေက ကောင်းကောင်းသိထားကြပါတယ်။
အောင်မော်ဦး
*** ဒီစာက တရုတ်လူမျိုးများနဲ့ (လုံးဝ) မသက်ဆိုင်ဘဲ (တရုတ်အစိုးရ) ရဲ့ မြန်မာပြည်ဆိုင်ရာပေါ်လစီကိုသာ ပြောတာဖြစ်ပါတယ်။ ***
- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။