Breaking News

ခိုင်မာကျောဇော - ငါတို့ အားလုံးရဲ့ လှိုင်သာယာ

Photo- Crd
ငါတို့ အားလုံးရဲ့ လှိုင်သာယာ
ခိုင်မာကျောဇော
(မိုးမခ) မတ် ၁၆၊ ၂၀၂၁


အနယ်နယ် အရပ်ရပ်က ပွင့်တဲ့ပန်းတွေ ပေါင်းစုံစုဝေး ထုံမွမ်းထားရာ နေရာ
လှိုင်သာယာ
အခြေခံ ဘဝ ဘဝများစွာရဲ့ အနာဂတ်ကို ထမ်းပိုးထားရတဲ့နေရာ 
လှိုင်သာယာ
ဝမ်းပိုက်ဟောင်းလောင်းတွေအတွက် နေ့စဉ် အစာချက်ပေးနေတဲ့နေရာ
လှိုင်သာယာ
မနက်ခင်းဆို ထမင်းချိုင့်လေးကိုယ်စီနဲ့ သူတို့ သူတို့တွေ အတွက်
မျှော်လင့်ချက်တွေ မွေးဖွားပေးရာ 
လှိုင်သာယာ
လစာထုတ်ရက်ကို လက်ချိုးရေတွက်
သမီးသားတို့ရှိရာ မိဘနဲ့  မောင်နှမတွေ မျှော်တရတဲ့နေရာ
လှိုင်သာယာ
​ညီမလေး မောင်လေးတို့ရဲ့ ပညာသင် စရိတ်
အဖေအမေတို့ ဆေးမြီးတိုဖိုးနဲ့ သာရေးနာရေးအတွက်ပါ မျှော်ငေးရတဲ့ နေရာ
လှိုင်သာယာ
အဖိတ် ဥပုဒ်ဆို ပုဆိုးသစ်လေး ထုတ်ထုတ်ဝတ်ပြီး
ငါ့တူမလေး ကျန်းမာပါစေ ချမ်းသာပါစေလို့ 
​ဦးလေး မေတ္တာ စေရာ 
လှိုင်သာယာ
ရောက်တဲ့ အရပ်မှာ ပျှော်အောင်နေ တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်း ဆိုတဲ့ 
ဆိုရိုးစကားကို ရင်ဝယ်ထားလို့ 
ဘဝကို ရိုးသားလှပစွာ ချုပ်လုပ်ဝတ်ဆင်သူတို့ရဲ့ ယာယီခိုလှုံရာနေရာ 
လှိုင်သာယာ
မွန်၊ မြန်မာ၊ ရခိုင်၊ ကရင်၊ ချင်း ဟင်းတွေ ဖလှယ်ရာ သတင်းတွေ ဖလှယ်ရာ
လှိုင်သာယာ 
 မျိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်၊ G fatt ၊ ဝေလ နဲ့ ဟန်နေတာတို့ ခုန်ပေါက်ပျှော်မြူးရာ 
လှိုင်သာယာ 
ဘဝဆိုတာ တိုက်ပွဲပါဘဲဆိုတဲ့ အောက်ဆုံးအလွှာက 
ဘဝ.. ဘဝ.. ဘဝတွေ အချိန်ပိုတွေဆင်းပြီး နေ့နေ့ ညည တိုက်ပွဲဝင်ရာ 
လှိုင်သာယာ
လက်လုပ်နိုင်ရင်တော့ ပါးစပ်လှုပ်နိုင်တယ်ဆိုတဲ့ အသိရှိသူတို့ရဲ့ ဘဝ ဘဝတွေကို 
လှိုင်လှိုင်ကြီး ပွင့်ခွင့် ဝေခွင့်ပေးရာ 
လှိုင်သာယာ 
ကျေးဇူးကြီးလှပါတယ် လှိုင်သာယာ 
သင်ဟာ 
အရွယ်နုနုနဲ့ ဘဝပေါင်းများစွာကို ထုဆစ်ထမ်းပိုးထားရသူပါ
ဒီနွေဦးမှာ 
သင်ပိုပြီး ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ခဲ့ရပါတယ်
သင့်ကို ရိုက်ချိုးဖျက်ဆီးမဲ့ စစ်ဘုရင်ကို တော်လှန်
စစ်ခွေး အစုတ်အပဲ့တွေကို အာခံအန်တု 
သင်ရင်ဘတ်ဟာ သွေးတွေနဲ့ စွေးစွေးနီခဲ့ပါပြီ
လှိုင်သာယာရေ 
အရာရာအတွက် 
သင် တာဝန်ကျေခဲ့ပါတယ်
စွေးစွေးနီခဲ့တဲ့ သင့်သွေးကို
 အလေးနီပြုရင်း
ကျွန်ုပ်တို့ ကမ္ဘာမကြေဘူး သီချင်းကို 
မျက်ရည်တွေနဲ့ ဆိုခဲ့တယ်
လှိုင်သာယာ 
သင်ဟာ ငါတို့အားလုံးရဲ့ လှိုင်သာယာဖြစ်သလို
ငါတို့အားလုံးလည်း လှိုင်သာယာဖြစ်ခဲ့တယ် 
​သေချာတယ် ငါတို့အနာဂတ် 
သာယာတာတွေ လှိုင်ရမယ်
ထပ်ပြောမယ် ငါတို့အနာဂတ် 
သာသာတာတွေ လှိုင်ကို လှိုင်ရမယ်။

# စစ်အာဏာရှင် မုချ ကျဆုံးရမယ်#
# အရေးတော်ပုံ အောင်ရမယ်# 

- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။