Breaking News

ညိုထွန်းလူ - ထိမှနာ

Design- Crd
ထိမှနာ
ညိုထွန်းလူ
(မိုးမခ) မတ် ၁၆၊ ၂၀၂၁

ဒီနေ့လည်း စိတ်ဆင်းရဲပင်ပန်းမှုတွေနဲ့ကျွန်တော် ဘာများပြောနိုင်တော့မှာလဲ။ ကောင်းစွာအိပ်စက်အနားယူခြင်းနဲ့ကောင်းစွာနိုးထခြင်းဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကို အခုတော့မှပဲနားလည်သွားခဲ့ရပါတယ်။ ညသန်းကောင်လောက်ရောက်မှ အိပ်ရာဝင်ခဲ့ရပေမယ့်မသိစိတ်ထဲမှာစိုးရိမ်ကြောင့်ကျမှုတွေကြောင့် ချက်ချင်းအိပ်မပျော်နိုင်ဘဲဖြစ်ရပါတယ်။ မနက်လင်းအိပ်ရာထတော့လည်း ဘာများဖြစ်ဦးမှာပါလိမ့် ဘယ်လိုမကောင်းသတင်းတွေကြားရဦးမှာ ပါလိမ့်ဆိုတဲ့အတွေးနဲ့ စိတ်တထင့်ထင့်ဖြစ်နေမိပါတယ်။ အခုဆိုရင်စစ်အာဏာသိမ်းတာကိုတစ် နိုင်ငံလုံးကန့်ကွက်ဆန္ဒပြလာခဲ့ကြတာ ၄၁ ရက်တောင် ရှိသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလတစ်ရက်နေ့ကစပြီး ကြည်လင်တဲ့နံနက်ခင်းနဲ့ကျွန်တော်တို့တစ်တွေ ကင်းကွာနေခဲ့ကြရပါတယ်။

ဒီနေ့ တပေါင်းလဆန်းတစ်ရက်။ မတ်လ ၁၃ ရက်နေ့ဟာ အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး တရားမျှတမှု လွတ် လပ်မှု ခွင့်တူညီမျှမှုတို့အတွက် တိုက်ပွဲဝင်ရင်းကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ကျဆုံးသွားခဲ့ရတဲ့ ၃၃ နှစ်ပြည့်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၃ နှစ်တုန်းက ရင်ဆိုင်ခဲ့ရတဲ့အဖြစ်ဆိုးကြီးဟာ သမိုင်းစာမျက်နှာတွေထဲမှာ အကျည်း တန်စွာရှိနေခဲ့သလို ကျွန်တော်တို့စိတ်အာရုံထဲမှာလည်း မေ့ဖျောက်လို့မရအောင်တည်ရှိနေဆဲပါ။ ပြောရရင် မတ်လ ၁၃ ရက်နေ့ဟာ မကြာမီရောက်လာတော့မယ့် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နိဒါန်းဖွင့်လိုက်တဲ့မုန် တိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာတိမ်းစောင်းခဲ့ရတယ်။ နောင်တစ်ချိန်မှာ နိုင်ငံအတွက်မျှော်လင့်အားကိုးရမယ့်လူငယ်တွေ ဒီအရေးတော်ပုံကြီးထဲမှာအသက်တွေပေးဆပ်သွားခဲ့ရတယ်။ မိသားစုဘဝတွေအစိတ်စိတ်အမွှာမွှာပြိုလဲကျသွားရပါတယ်။ ဖမ်းဆီးနှိပ်စက်ခံရပြီးအသက်ရှင်သန်ကျန်ရစ်ခဲ့ပေမယ့်အကောင်းပကတိမဖြစ်ခဲ့သူတွေကလည်း မရေမတွက်နိုင်လောက်အောင်ပါပဲ။ ကိုဖုန်းမော်တို့ကျဆုံးပြီးနောက် ရန်ကုန်မှာ ဘယ်လိုရင်ဆိုင်ခဲ့ကြရသလဲ။

မြေနီကုန်းမှာ ရန်ကုန်ဆေးရုံကြီးရှေ့မှာစသဖြင့် အတိတ်ကဆိုးရွားတဲ့ဖြစ်ရပ်တွေဟာ ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲကိုရောက်လာခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ကျွန်တော်တို့မရှုံးခဲ့ပါဘူး။ ကျွန်တော်တို့ကိုယ် တိုင်ကအရှုံးမပေးသ၍ အရှုံးဆိုတာမရှိပါဘူး။

အခုတော့ အားလုံးသိကြတဲ့အတိုင်း Gen-Z မျိုးဆက်ကစစ်အာဏာရှင်ကျဆုံးရေးအတွက် ဦးဆောင်ပြီးတိုက်ပွဲဝင်နေပါပြီ။ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့မုန်တိုင်းဟာ တစ်နေ့ထက်တစ်နေ့ပိုပြီးကြမ်းတမ်းရိုင်းစိုင်းလာခဲ့ပါတယ်။ မန္တလေးမြို့ကြီးမှာ ရပ်ကွက်တွေကလည်း ကိုယ့်ရပ်ကွက်လုံခြုံရေးအတွက် အတားအဆီးတွေနဲ့ကာကွယ်နေကြရပါပြီ။ ဒါပေမယ့် အနှောင့်အရှက်ပေးနိုင်ရုံကလွဲပြီး ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ။ လမ်းမှာအကာအရံအတားအဆီးတွေကြောင့် ဖြတ်သန်းသွားလာဖို့ခက်နေတော့ စစ်တပ်ကလမ်းထောင့်မှာရှိတဲ့ လက် ဖက်ရည်ဆိုင်ကို နောက်တစ်နေ့ ဒီလိုအတားအဆီးတွေရှိနေရင် မင်းတို့ဆိုင်ကိုဖျက်ပစ်မယ်လို့ကြိမ်းဝါးသွားသတဲ့။ ဟိုတစ်နေ့က ထည့်နေကျဓာတ်ဆီဆိုင်ပိတ်ထားပါတယ်။ နောက်တစ်နေ့ဖွင့်လို့မေးကြည့်တော့မှ သူတို့ဓာတ်ဆီဆိုင်နဲ့မလှမ်းမကမ်းမှာ စစ်ကားတွေရောက်လာပြီးအခြေချထားလို့ပိတ်ထားရတာတဲ့။ မှန်ပါတယ် ရှေ့ဘာဖြစ်မယ်ဆိုတာပြောလို့မရပါဘူး။ စျေးဆိုင်တွေလည်း အခြေအနေကြည့်ပြီးဖွင့်ကြရတာပါ။ ညောင်သီးလည်းစားလေးသံကိုလည်း နားစွင့်နေရတဲ့အခြေအနေပါ။

မန္တလေးမြို့ကြီးမှာတော့ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေနေ့စဉ်နဲ့အမျှ ရှိနေပါတယ်။ ဘယ်လိုပဲခြိမ်းခြောက်မှုတွေရှိနေလည်း ပြည်သူလူထုရဲ့တုန့်ပြန်မှုကအားရစရာကောင်းလှပါတယ်။ ပြည်သူလူထုဟာ ကြောက်ရွံ့ခြင်းထဲကလွတ်ကင်းသွားခဲ့ပါပြီ။ သေနတ်ကိုင်ထားကြသူတွေကလည်း လုံးဝအလျော့မပေးပါဘူး။ ဒီနေ့စိန်ပန်း၄၁လမ်းပေါ်မှာ အာဏာရှင်စနစ်ပြုတ်ကျရေး တပ်ပေါင်းစုထိုင်သပိတ်လူစုခွဲကြတဲ့အချိန်မှာပဲ အာဏာသိမ်းစစ်ကောင် စီရဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေေ ရာက်လာပြီး အကြမ်းဖက်ဖြိုခွင်းတဲ့သတင်းကြောင့် တုန်လှုပ်သွားခဲ့ရပါတယ်။ အသေအဆုံးများတယ်ဆိုတဲ့သတင်းတွေကိုလည်း ကြားနေရပါတယ်။ကျဆုံးသူ ၁၉ေ ယာက်ရှိပြီး ကျဆုံးသူစာရင်းထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်နဲ့ကလေးတစ်ယောက်လည်းပါတယ်တဲ့။ ကျွန်တော်တော့ အံ့သြထိတ်လန့်ရင်း ဖြစ်ရပြန်ပြီ ဖြစ်ရပြန်ပြီလို့ပဲရေရွတ်နေမိပါတယ်။

ညနေပိုင်းမှာတော့ ၅ ဦးကျဆုံးတယ်လို့ကြားရပြန်ပါတယ်။ အတိအကျစာရင်းကောက်ဖို့မလွယ်တဲ့သဘောပါ။ လူငယ်တွေညနေစောင်းလို့အချိန်တန်အိမ်ပြန်မလာရင်သေစာရင်းသွင်းရမှာလား။ အဖမ်းခံရသူစာရင်းထဲထည့်ရမှာလား။ သက်ဆိုင်သူမိသားစုတွေရဲ့ရင်ထဲမှာ ဘယ်လောက်အပူမီးတွေတောက်နေကြရှာမလဲလို့တွေးလိုက်မိပါတယ်။ ပိုပြီးဆိုးတာက သေဆုံးသွားမှန်းသိပေမယ့် အလောင်းပြန်မရတော့တဲ့အဖြစ်တွေလည်းရှိနေပါတယ်။

စိန်ပန်းကသတင်းကြောင့် မန္တလေးတမြို့လုံး ဆိုင်ကယ်တွေနဲ့လှည့်လည်ဆန္ဒပြကြပါတယ်။ စိန်ပန်းက သပိတ်ဖြိုခွဲတာကို လျော့ပါးသွားအောင် ဝန်းရံလိုက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့်ဖေ့စ်ဘွတ်မှ ာကျွန်တော်တို့စာပေအသိုင်းအဝိုင်းကနှမငယ်တစ်ယောက်တင်ထားတဲ့စာကိုဖတ်လိုက်ရတော့ စဉ်းစားစရာဖြစ်သွားရပါပြီ။ စိန်ပန်းကိုဖိနေချိန်မန္တလေးအင်ယာစစ်ကြောင်းကဆိုင်ကယ်တွေနဲ့အထွေထွေသပိတ်ထွက်ကြပါတယ်။ စိန်ပန်းကိုမဲလို့ အပြင်က ဝန်းရံပေးကြတဲ့ထိုင်သပိတ် လမ်းလျှောက်သပိတ် ဆိုင်ကယ်သပိတ် သပိတ်ပေါင်းများစွာကိုကျေးဇူး တင်ပါတယ်။ ဒါပေမယ့်အပြင်မှာဘာသပိတ်ပဲထွက်ထွက် စိန်ပန်းကိုဖြိုပြီးမှပြန်မှာလို့ပြောတဲ့မသာတွေက ၇၃ နဲ့ ၃၈ လမ်းစစ်တပ်ဝင်းမီးလောင်တယ်ဆိုမှစိန်ပန်းကပြန်ထွက်သွားပြီး အဲ့နေရာသွားသောင်းကျန်းတာပါ။ သိထားကြ တွေးမိကြစေချင်ပါတယ်။ သူတို့ထိမှသူတို့နာတာပါတဲ့။

သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း ငေးငိုင်သွားခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးဟာ ဒီနေ့ဖြစ်ရပ်ကြောင့်အလံနက်လွှင့်ထူလိုက်ရပါပြီ။ ဒီနေ့မတ်လ ၁၃ ရက်နေ့မှ ာတစ်နိုင်ငံလုံးကျဆုံးသွားခဲ့ရသူတွေဘယ် လောက်ရှိမလဲ။ အောင်ပွဲရသည်အထိ အသက်တွေဘယ်လောက်ပေးဆပ်ကျရဦးမှာလဲ။ ကျွန်တော်တို့ရှုံးလို့မဖြစ်ပါဘူး။ တိုင်းပြည်ရဲ့ကံကြမ္မာဟာ ကျွန်တော်တို့အားလုံးရဲ့လက်ထဲမှာရှိနေပါတယ်။ ရေရှည်မှာ ကျွန်တော်တို့ပဲအောင်ပွဲခံကြရမှာပါ။ သူတို့ထိမှသူတို့နာဆိုတဲ့စကားနဲ့အတူ အတိတ်သမိုင်းဆီက ပုံရိပ်တွေကိုပြန်လည်ရှာဖွေနေမိပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တိုင်ထိမှနာရကောင်းမှန်းသိလာကြမှာပါ။ဒါပေမယ့်ခံရတဲ့ပြည်သူ လူထုကတော့ နာရုံတင်မဟုတ်တော့ဘဲ နာကျည်းကြေကွဲရတဲ့အထိဖြစ်နေပြီလို့ပဲ ပြောချင်ပါတော့တယ်။

အရေးတော်ပုံအောင်ရမည်။

- - စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။