မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၇ ရက် မြောက်နေ့ မြင်ကွင်း ...
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၇ ရက် မြောက်နေ့ မြင်ကွင်း ...
(မိုးမခ) မတ် ၉၊ ၂၀၂၁
မတ်လ ၉ ရက် နေ့ခင်းတွေမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ မြန်မာပြည်သူလူထုက လမ်းတွေပေါ် တက်ပြီး ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွဲကြပါတယ်။ မတ်လ ၈ ရက် ညက စစ်တပ်က အိမ်တွေ လမ်းတွေကို မည်သို့ပင် အကြမ်းဖက်စီးနင်းစေကာမူ လူထုနဲ့ မျိုးဆက်သစ်လူငယ်တွေကတော့ လမ်းပေါ်တက်ပြီး သပိတ်တိုက်ပွဲ ဆင်နွဲနေတုန်းပဲ။ မနေ့က မတ်လ ၈ ရက်နေ့အတွက် အရေးကြီးတဲ့အချက်တခု ပြောဖို့ကျန်သွားတာကတော့ - ပုဂ္ဂလိကဘဏ်ခွဲတွေ တော်တော်များများ မြန်မာပြည်အနှံ့မှာ ပိတ်ထားဆဲ ဖြစ်တယ်။ စစ်ကောင်စီဖိအားပေးသလိုမျိုး ဘဏ်တွေ ဖွင့်ပြီး အလုပ်လုပ်ဖို့ အခြေအနေကလည်း လမ်းပေါ်ကနေ အိမ်အထိတက်ပြီး အကြမ်းဖက်နေတဲ့ စစ်တပ်ရှိနေတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက မီဒီယာရုံးတွေ ၅ ခုကို မနေ့က ပိတ်သိမ်းတယ်။ Myanmar NOW ရုံးကို ဝင်စီးခဲ့တယ်။ ဒီနေ့ကျတော့ ရန်ကုန်က DVB၊ ကမာရွတ်သတင်းဌာနနဲ့ မစ္ဇျိမသတင်းဌာနတွေကို ဝင်စီးနင်းပါတယ်။ ရုံးစောင့်ကလွဲလို့ သတင်းထောက်တွေ သတင်းသမားတွေ မရှိပါဘူး။ DVB အဖွဲ့ မြန်မာနောင်းကိုဆွေဝင်းနဲ့ ခေတ်သစ်မီဒီယာက အယ်ဒီတာချုပ် ထုတ်ပြန်ချက်တွေအရဆိုရင် သတင်းဌာနတွေဟာ မည်သည့်နည်းနဲ့မဆို ဆက်ရပ်တည်ပြီး လူထုဆီကို သတင်းအရောက်ပို့သွားမယ် ဆိုတာ ဖြစ်ပါတယ်။ သတင်းဌာနတွေအားလုံးနီးပါးဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်တပ်ခြေလှမ်းကို တွက်မိပြီး ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားကြတာ သေချာပါတယ်။
လွှတ်တော်ပြင်ပအဖွဲ့အစည်းတွေ အားလုံးနီးပါး (၈၈ ငြိမ်းပွင့် အပါအဝင်)ကလည်း မင်းအောင်လှိုင်စစ်တပ်အာဏာသိမ်းခြေလှမ်းကို သတိပေးတဲ့ထုတ်ပြန်ချက်ကို ဇန်နဝါရီ လကုန်မှာ ထုတ်ခဲ့ပြီးဖြစ်တယ်။ NLD ပြည်သူ့အစိုးရကို တမျိုးသားလုံး တိုင်းရင်းသားတွေ အကုန်အစင်ပါဝင်တဲ့ အမျိူးသားညီညွတ်ရေးအစိုးရအဖြစ် ထူထောင်ဖို့ အကြံပေးတဲ့ စာတမ်းလည်း ထွက်ပြီး ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေ အခုလိုမျိုး မိုက်မဲရူးသွပ်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ မိစ္ဆာဖက်ဆစ်အလုပ်မျိုး မလုပ်သင့်ပါဘူး မလုပ်ထိုက်ပါဘူးလို့ ပြည်သူလူထုကို ငဲ့ညှာပြီး သတင်းသမားတွေ နိုင်ငံရေးသမားတွေထဲက ကြိုတင်စဉ်းစားပြီး သတိပေးနေကြသော်လည်း ဖေဖော်ဝါရီ ၁ရက်မှာ စစ်တပ်က အဓမ္မအာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ပြောချင်တာက အဲသည်ခြေလှမ်းတွေ ကြိုမြင်တဲ့ကြားက တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးသမားတွေ သတင်းဌာနတွေက နောက်မဆုတ်ခဲ့ ရှောင်မလွှဲခဲ့ဘဲ သူတို့အလုပ်သူတို့လုပ်ဖို့ ရှေ့ကို ရဲရဲတိုးခဲ့တာ ဖြစ်တယ်လို့ သည်နေရာကနေ မှတ်တမ်းပြုတာ ဖြစ်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်ကောင်စီဟာ CRPH နဲ့ တိုင်းရင်းသားအဖွဲ့တွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်တွဲပြီး ထိရောက်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးလမ်းစဉ် ထူထောင်လာမှာကို တားဆီးနိုင်ဖို့အတွက် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ တိုးလုပ်လာပါတယ်။ ကရင်တိုင်းရင်းသားလက်နက်ကိုင်ဒေသများ၊ ရှမ်းပြည်၊ ကချင်ပြည်၊ ကယားပြည်နယ်တွေမှာ လက်နက်ကိုင်ထိတွေ့မှုတွေသာမက ကျေးလက်တောရွာတွေထဲအထိက မြန်မာအကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့ထိ ကျုးလွန်လာပါတယ်။ အဲသည်နေ့မှာပဲ CRPH ပြည်တွင်းက ကော်မီတီနဲ့ RCSS(SSA) ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြပါတယ်။ CRPH က သူတို့၏ ခေတ္တဒုသမ္မတအဖြစ် ဦးမန်းဝင်းခိုင်သန်းကို ခန့်အပ်ကြောင်း ကြေညာပါတယ်။ ဗြိတိန်မြန်မာသံရုံးကလည်း ပြည်သူ့အစိုးရဘက်က ရပ်တည်ကြောင်းထုတ်ပြန်ထားပြီး နောက်ထပ်သံရုံးတွေကလည်း ဆက်ကြေညာဖို့ ရှိတယ် ကြားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက မဲမသမာမူလို့ လိမ်ညာပြီး နိုင်ငံတော်အာဏာကို သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အာဏာကို လွယ်လွယ်သိမ်းပြီး ဖက်ဆစ်နည်းဖက်ဆစ်ဟန်နဲ့ ပြည်သူကို အုပ်ချုပ်နိုင်မယ်လို့ အထင်ရောက်ခဲ့ပါတယ်။ CDM သပိတ်တိုက်ပွဲ၊ လမ်းပေါ်က Gen Z တွေ ဦးဆောင်တဲ့ သပိတ်တိုက်ပွဲတွေ အပြင် NLD CRPH က တိုင်းရင်းသားပေါင်းစုံ လူတန်းစားပေါင်းစုံ လက်တွဲတဲ့ ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် အကောင်အထည်ဖော်ဖို့အထိ လမ်းသစ်ကို ချမှတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ခုချိန်ထိ ပြည်သူအစိုးရနဲ့ ပြည်သူတွေဘက်က ရပ်တည်ဆဲဖြစ်ပါတယ်။
သည်နေရာမှာ ပြည်တွင်းက ရုန်းကန်နေသူတွေရဲ့ လက်တွေ့သဘောထားတွေကိုပဲ ကူးယူ တင်ဆက်လိုက်ပါတယ်။
စာရေးဆရာတဦး၊ လမ်းသပိတ်တပ်သား - CDM အပိုင်းအတွက်ဆို ဆရာဦးဇော်ဝေစိုးတို့ အသံကို ကြားရတယ်။ CRPH မှာဆိုလည်းကြေညာချက်တွေကတဆင့်၊ Dr ဆာဆာတို့လို ပုဂ္ဂိုလ်တွေကတဆင့် ဘာလုပ်နေတယ်ဆိုတဲ့ အသံကို ကြားရပေမဲ့ လမ်းပေါ်လူထုလှုပ်ရှားမှုတွေ အတွက်တိကျတဲ့ တိုက်ပွဲသဏ္ဍန်ကို ပုံဖော်ပေးမဲ့ အသံဟာပျောက်နေတယ်။ မပျောက်ဘူးဆိုတောင်မှ သိပ်ပြီးကြည်လင် ပြတ်သားမှု မရှိဘူးလို့ ဆိုရမယ်။ ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေ ရှိနေပေမဲ့ လူထုက ကြောက်ရွံ့နောက်တွန့်မသွားသေးပါဘူး။ ဒါပေမဲ့ လူထုက ပြန့်ကျဲနေတာဖြစ်တော့ တိုက်ပွဲထဲဝင်ဖို့ ဆင့်ခေါ်လာမယ့် အသံကို နားစွင့်နေတာပဲ။ လူထုစောင့်နေတဲ့ "အသံ” ဟာ အခု ပျောက်နေပါတယ်။
ကျောင်းဆရာတဦး၊ လမ်းသပိတ်တပ်သား - သေချာတာကတော့ ဒီအခြေအနေကို ကြာကြာခွင့်ပြုထားရင် ကျနော်တို့ဟာ မလှုပ်ရှားနိုင်တဲ့တော့ ခန္ဓာကိုယ်ပဲ ကျန်ခဲ့လိမ့်မယ်။ ကြာရင် သေလိမ့်မယ်။ ဆိုတော့ CRPH အနေနဲ့ ဒီတစ်ပတ်အတွင်း signal တစ်ခုခုပြဖို့ လိုပြီလို့ ထင်ပါတယ်။ ပြလည်း ပြမယ်လို့ ထင်ပါတယ်။ အဆုံးထိ တိုက်မယ် ဆုံးဖြတ်ထားတဲ့အတွက် အဆုံးထိစဉ်းစားထားရမှာဖြစ်တယ်။ နိုင်အောင်တိုက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် နိုင်မယ့်နည်းမှန်သမျှကို စဥ်းစားထားရမှာဖြစ်တယ်။ ရန်သူက အလုံးစုံချုပ်မိမှ ရုန်းတာထက် အလုံးစုံမချုပ်မိသေးခင် သူ့ရဲ့ချုပ်ကွက် ပြန်ကာဖို့ စဥ်းစားရမှာဖြစ်ပါတယ်။
ကျောင်းဆရာတဦး၊ လမ်းသပိတ်တပ်သား - ၁) နောက်ထပ် နာစရာမရှိအောင် နာတယ်။ ၂) ပညာတတ်အောက်တန်းစားတွေထဲမှာ ငါမပါဘူး။ ၃) မတရားမှုကို ငြိမ်ခံနေရအောင် ငါတို့က ကျွန်တွေမဟုတ်ဘူး။ ၄) အဖေကို သတ်ပြီး အမေကို တက်ခွနေတဲ့ ကောင်တွေနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူး။ ၅) စစ်အာဏာရှင်ကို ပေါ်တင်ထောက်ခံတဲ့ သူတွေက ကြားနေတွေထက် သာသေးတယ်။ ၆) ဖိရင်ကြွမယ်၊ ထိရင်ချမယ် ဆိုတဲ့လူတွေက ဟိုမျှော်ဒီမျှော်ကောင်တွေထက် အများကြီးသာတယ်။
အင်ဂျင်နီယာတဦး၊ စောင့်ကြည့်သတင်းပို့နေသူ - သတင်းဌာနတွေကို ပိတ်ပစ်လိုက်တဲ့အတွက် စစ်မှန်သောသတင်း ပြည်သူထဲကသတင်း စီးဆင်းဖို့ လူတွေက စိုးရိမ်ကြပါတယ်။ သတင်းဌာနအမည်ကိုလိုက်ပြီး လူထုက သတင်းနောက် အဖြစ်အပျက်နောက်ကို လိုက်ကြပါတယ်။ ထပ်ဆင့်ဖြန့်ကြတယ်။ အကယ်၍ သတင်းစီးဆင်းမှု အချိန်နဲ့တပြေးညီ မဖြစ်လာရင် လူထုကလည်း သူတို့နည်းသူတို့ဟန်နဲ့ စီတီဇင်ဂျာနယ်လစ်တွေ လုပ်ကြရတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဒေသ ရပ်ကွက်အလိုက် ဆိုရှယ်မီဒီယာပေ့ချ်တွေ ထူထောင်ထားနိုင်ရင် အဲသည်စာမျက်နှာ အဖွဲ့ဝင်တွေက ဝိုင်းတင်ကြတာတွေ အားကောင်းလာရင်လည်း ထိရောက်မှု ဖြစ်နိုင်ပါတယ်။ နယ်တွေက သူတို့ဒေသအလိုက် စာမျက်နှာတွေ သပိတ်ကော်မီတီတွေဟာ လူထုအားကိုးရတဲ့ သတင်းစာမျက်နှာတွေ ဖြစ်ပါတယ်။
မိုးမခအနေနဲ့ ဖြည့်စွက်လိုတာ တခုကတော့ စစ်အာဏာရှင်ပြုတ်ကျရေး ကျဆုံးရေး အထွေထွေသပိတ် ဘက်ပေါင်းစုံသပိတ်ကို သံန္နိဌာန် ခိုင်ခိုင်မြဲမြဲချပြီး အားလုံးက တိုက်နေတာဖြစ်တော့ အချဉ်ပေါင်းစားမပျက်တဲ့ ပွဲကြည့်ပရိသတ်စိတ်ဓာတ်မျိုးတွေကို အတတ်နိုင်ဆုံး ဖယ်ရှားထားဖို့လိုပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက် ကိုယ်တိုက်နိုင်တဲ့လက်နက်နဲ့ တိုက်နေကြတာဖြစ်ပါတယ်။ တိုက်ပွဲကို ရင်ဆိုင်တိုက်နေချိန်မှာ နောက်လှည့်ရရိုး ထုံးစံမရှိပါဘူး။ ပရိယာယ်အရ ခွာစစ်ဆင်တာ၊ နောက်တရက် ဆက်တိုက်နိုင်ဖို့ နောက်ဆုတ်တာ ရှိမယ်။ ပြီးတာနဲ့ ဆက်တိုက်ကြရမှာ ဖြစ်ပါတယ်။ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာ၊ နှီပ်စက်ချိုးဖဲ့ခြင်း ခံရတာတွေဆိုတာ တော်လှန်ရေး၏ သဘာ၀တရားတွေ ဖြစ်ပါတယ်။ ကျဆုံး ထိခိုက်သွားတာ ကြားသိ ကြုံရတိုင်း ကိုယ့်လည်း ဒါကို ရင်ဆိုင်ဖို့ အားပိုမွေးပြီး တိုးပြီး ရှေ့တက်ဖို့သာ ရှိပါတယ်။ ဖက်ဆစ်တွေဆီက သနားကြင်နာမှု စေတနာထားမှုဆိုတာ တစက်ကလေးမျှတောင် မရဘူးဆိုတာ ပိုင်းဖြတ်ထားပါ။ အခုချိန် စွန့်လွှတ်မှုတွေဟာ အနာဂတ်မျိုးဆက်တွေအတွက် အသီးအပွင့်တွေ ငြိမ်းချမ်းရေးတွေအတွက်သာ ဖြစ်ပါတယ်။
သေပါစေ ခွပ်ဒေါင်းသွေးနဲ့ ရဲရဲရှေ့ကို ချီပဲ ရှိတယ်။ ရိုက်ပါ သတ်ပါ ဒူးထောက်ပါတယ် ဖက်ဆစ်တွေ တသက်လုံး တသံသရာလုံး ကျနော်တို့ကို အနိုင်ယူသွားပါတော့လို့ ပြောစရာ မလိုပါဘူး။ ခေါင်းငုံပေးစရာ မလိုပါဘူး။
#MoeMaKaMedia #WhatsHappeningInMyanmar