Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၄ ရက် မြောက်နေ့ မြင်ကွင်း

 (မိုးမခ) မတ် ၁၆၊ ၂၀၂၁

သွေးစွန်းတဲ့ ရက်တွေဆက်လာနေတဲ့ ရန်ကုန်



သေနတ်သံ၊ အသံမိုင်းခွဲသံ၊ ဆန္ဒပြလူထုရဲ့ ကြွေးကြော်သံတွေက ရန်ကုန်မြို့မှာ နေထိုင်သူများအဖို့ ထူးဆန်းသည့်အရာများမဟုတ်တော့ ။ နေ့စဥ် နေ့ခင်းဖြစ်စေ ညဖြစ်စေ ကြားနေကြရပြီ။ ဟိုရပ်ကွက် ပစ်နေပြီ ဒီရပ်ကွက်ပစ်နေပြီ။ ဟိုနားမှာ ဖြိုခွဲနေပြီ ဒီနားမှာ ဖြိခွဲနေပြီဆိုသည့် အသံပြောဆိုမှုတွေက မတ်လ ဒုတိယပတ်နေ့ရက်များအဖို့ နေ့တဓူဝ ကိစ္စသဖွယ်ဖြစ်လာနေတာပါ။

မနေ့တနေ့ကတော့ အာဏာသိမ်းကတည်းက သွေးအစွန်းဆုံးနေ့ တနေ့ နဲ့ သွေးစွန်းသော တနင်္ဂနွေဖြစ်ခဲ့တဲ့နေ့ပါ။ နေ့လည်နေ့ခင်း တာမွေမှာ ပစ်တယ်၊ သင်္ဃန်းကျွန်းမှာပစ်တယ်၊ လှိုင်သာယာမှာ ပစ်တယ်၊ သာကေတမှာပစ်တယ်၊ မန္တလေးမှာပစ်တယ်၊ ပြည်မှာပစ်တယ်၊ တွံတေးမှာပစ်တယ် ဆိုတဲ့သတင်းတွေ ဖေ့စ်ဘွတ်ပေါ် ဆက်တိုက်ဆိုသလို တက်လာနေခဲ့တယ်။ အရင်ဆို ရုံးပိတ်ရက်၊ စျေးပိတ်ရက် နားရက် တနင်္ဂနွေဖြစ်ပေမယ့် ခုလိုဆန္ဒပြနေတဲ့ကာလမှာ ရုံးဖွင့်ရက်နဲ့ ရုံးပိတ်ရက်ခြားနားချက် မရှိတော့ပဲ နေ့တိုင်းက ဆန္ဒပြကြတဲ့ ရက်ဖြစ်လို့နေခဲ့တာပါ။

အာဏာသိမ်းပြီး ၄၄ ရက်မြောက်တဲ့နေ့ ဖြစ်တဲ့ မတ်လ ၁၆ ရက်နေ့သည်လည်း ရန်ကုန်မြို့ရဲ့ အချို့သော နေရာတွေမှာ မီးခိုးတလူလူနဲ့၊ သေနတ်သံ ၊ အသံမိုင်းခွဲသံ၊ လူစုလူဝေးရဲ့ ကြွေးကြော်သံတွေနဲ့ နေ့တနေ့ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ နဲ့ တနင်္လာနေ့တို့မှာ ဖြစ်ခဲ့တဲ့ ရက်စက်တဲ့ ပစ်ခတ်မှု၊ အငြှိုးတကြီး ရိုက်နှက်မှု ပစ်သတ်မှုတွေနောက်က ဆက်လာတဲ့ စက်ရုံအချို့မီးလောင်တာ၊ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာ၊ အလုပ်ရုံတွေ ရပ်နားလိုက်တာကြောင့် ခုမနက်မှာ သိန်းနဲ့ချီတဲ့ လှိုင်သာယာကနေ အလုပ်ရုံ အလုပ်သမားတွေနဲ့ လှိုင်သာယာနယ်ခံအချို့တို့ ကားတွေ ၊ သုံးဘီးဆိုင်ကယ်တွေနဲ့ တန်းစီပြီး မြို့အပြင်ဘက် ဧရာဝတီတိုင်းဘက်ဆီ ထွက်ခွာကြတဲ့ သတင်းဓါတ်ပုံတွေထဲက မြင်ကွင်းက တွေ့ရသူအဖို့ စိတ်မချမ်းမြေ့ဘွယ်ရာ မြင်ကွင်းဖြစ်ပါတယ်။

လှိုင်သာယာနဲ့ ရန်ကုန်မြို့ ကိုခြားထားတဲ့ ရန်ကုန်မြစ်ကို ဖြတ်ဆောက်ထားတဲ့ ဘုရင့်နောင်တံတား အဆင်းရန်ကုန်ဘက်အခြမ်းဖြစ်တဲ့ မရမ်းကုန်းမြို့နယ် သမိုင်းရပ်ကွက်က တံတားအဆင်းကို သဲအိတ်တွေ ၊ ကားတာယာတွေ ဝါးချွန်တွေ၊ ကွန်ကရစ်တုံးတွေ အဆင့်ဆင့်ခံပြီး လမ်းပိတ်ထားကာ ကားတာယာတွေမီးရှို့ထားတဲ့ မြင်ကွင်းက မနက်ခင်းမြင်ကွင်း ဖြစ်ပါတယ်။ နေ့ခင်း၊ မွန်းလွဲထိ လှိုင်သာယာဘက် အခြမ်းမှာ မီးခိုးတွေကောင်းကင်ပေါ်တက်နေတာတွေ တွေ့နေရပြီး လှိုင်သာယာမှာနေသူတွေ ပြောဆိုချက်အရ လမ်းမကြီးတွေ၊ လမ်းသွယ်တွေထဲ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ဆိုပါတယ်။ လှိုင်သာယာမြို့ခံ တယောက်အဆိုအရတော့ ဒီနေ့တနေ့လုံး အိမ်ထဲက မထွက်ရဲပဲ မီးရေး ထင်ရေး ရုတ်တရက် အရေးပေါ်ရင် ထွက်ပြေးနိုင်အောင် အထုပ်ထုပ်ပြီး ပြင်ဆင်ထားရတယ်လို့ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ လူဦးရေ အများဆုံးမြို့နယ်၊ စက်ရုံအလုပ်ရုံများနဲ့ လုပ်သားများ ၊ နယ်မြို့တွေမှ လာရောက်အလုပ်လုပ်ကိုင် ကြသူ ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီရှိတဲ့ လှိုင်သာယာရဲ့ အမှောင်မိုက်ဆုံး နေ့ရက်များလို့ ဆိုရမယ် ထင်ပါတယ်။

အရင်ရက်က ရက်စက်တဲ့ စစ်တပ်နဲ့ လုံထိန်းတွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ သူတွေအတွက် အသုဘချဖို့ အလောင်းမရသေးတဲ့ သူတွေရှိနေဆဲလို့ သတင်းတွေထဲမှာ ဖတ်နေရပြီး ပစ်ခတ်လို့ ကျဆုံးခဲ့ရသူ ၄၀ ကျော်ကို ထိန်ပင်သုဿန်မှာ တရက်ထဲ မီးသဂြိုဟ်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ ငိုကြွေးသံတွေ၊ နာကျည်းမှုကြောင့် တိုင်တည်မှုသံတွေ၊ ရင်ကွဲမတတ် ကြေကွဲငိုကြွေးနေတဲ့ မိခင်တွေ၊ ဇနီးမယားတွေ၊ ဖခင်တွေက ဒီနေ့သတင်းတွေထဲက ပုံရိပ်နဲ့ အသံတွေဖြစ်ပါတယ်။

ရန်ကုန်တမြို့ထဲ ခုလို ကြေကွဲမှု နာကျည်းမှု၊ တိုင်တည်မှု ၊ ကြွေးကြော်မှုတွေ ကြုံတွေ့နေကြရတာမဟုတ်ပဲ ပြည်မြို့၊ မန္တလေးမြို့နဲ့ မြန်မာနိုင်ငံရဲ့ တခြားသောမြို့တွေမှာလည်း အလားတူ မြင်ကွင်း ၊ ခံစားချက်တွေ ပဲ့တင်ထပ်နေပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ တနေ့တာ အဖြစ်အပျက်တွေကို ပြောင်းပြန်လှန် လုပ်ကြံရေးသားတဲ့ ဝါဒဖြန့်ချိရေး သတင်းတွေနဲ့ မြဝတီရုပ်သံ၊ မြန်မာ့အသံရုပ်သံ နဲ့ အစိုးရပိုင် ဝါဒဖြန့်သတင်းစာ ၂ စောင်ကနေ ဖြန့်ချိနေပါတယ်။ ဆန္ဒပြမှုတွေကို ဆူပူအကြမ်းဖက်မှုလို့ ခေါင်းစဥ်တပ်ပြီး စီဒီအမ် လုပ်သူတွေက ခြိမ်းခြောက်မှုကြောင့် စီဒီအမ်ထဲ ပါရတဲ့သဖွယ် ဖေါ်ပြတဲ့ အပေါစား ဝါဒဖြန့် အာဘော်ဆောင်းပါးတွေနဲ့ နေ့တိုင်း တိုက်ခိုက်ရေးသားနေတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့က နေ့ခင်းဆန္ဒပြတာ၊ ညသပိတ်လို့ခေါ်တဲ့ ညဆန္ဒပြတာတွေနဲ့ စီဒီအမ် လှုပ်ရှားမှုကို အရှိန်ထပ်မြှင့်ဖို့ စစ်အာဏာသိမ်း ကောင်စီကို အသက်မဆက်နိုင်အောင် ကြိုးစားနေကြတာတွေ့ရပါတယ်။

တပြိုင်နက်ထဲမှာပဲ လူထု ဆန္ဒပြမှု အာခံမှု၊ ခုခံကာကွယ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လို ရှေ့ဆက်လုပ်ကြမလဲ၊ တနေ့တာ ချင်းသော်လည်းကောင်း ရက်အနည်းငယ်ချင်းစီ ပြန်သုံးသပ်ပြီး နိုင်ငံရေးအရ ဦးဆောင်မှုပေးဖို့လိုအပ်တယ် ဆိုတဲ့ အမြင်သုံးသပ်သူတွေလည်း ရှိပြီး အဲဒီလိုဦးဆောင်မှု အခန်းကဏ္ဍကို စီအာရ်ပီအိတ်ချ် လား သို့တည်းမဟုတ် ဂျီအက်စ်စီလား ၊ မင်းကိုနိုင်လားလို့ မျှော်လင့်နှိုးဆော်မှုတွေလည်း ကြားနေရတာဖြစ်ပါတယ်။

ခုရက်ပိုင်း အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ သတင်းတင်ပြမှုက ယခင်သီတင်းပတ်တွေလိုမဟုတ်တော့ပဲ နေ့ဝက်လောက် တရက်လောက်မှ သတင်းအချက်အလက်တွေ၊အသေးစိတ်အခြေအေနတွေကို စုစည်းနိုင်ပြီး သတင်းတင်ဆက်နိုင်ကြတာတွေ့ရပါတယ်။

သတင်းမီဒီယာကို သတင်းပေးလားလို့ သံသယဖြစ်ကြတာတွေကြောင့် တကြောင်း၊ သတင်းသမားတွေကိုယ်တိုင် မလုံခြုံတော့တာကြောင့်တကြောင်းကြောင့် သတင်းတွေက ဖြစ်နေတဲ့အချိန်မှာ တိုက်ရိုက်တင်ဆက်နိုင်တာနည်းလာပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက နေ့စဥ်သတင်းစာတွေတဖြုတ်ဖြုတ်ရပ်နားလာကြရာက နောက်ဆုံးတစောင်ကျန်တဲ့ စံတော်ချိန် နေ့စဥ်သတင်းစာလည်း မနက်ဖြန် မတ်လ ၁၇ ရက်ေန့ကစပြီး ယာယီရပ်နားမယ်လို့ အသိပေးကြေညာထားတာ တွေ့ရပါတယ်။

၂၀၁၃ ခုနှစ် ဧပြီလ ၁ရက် နေ့စက စတင်လို့ ထုတ်ဝေလာခဲ့ကြတဲ့ ပုဂ္ဂလိကပိုင် နေ့စဥ်သတင်းစာတွေ ၈နှစ်ပြည့်ဖို့ သီတင်းပတ် ၂ ပတ်အလိုမှာတော့ အကြောင်းကြောင်းေသာ ရိုက်ခတ်မှုတွေနဲ့ သတင်းလွတ်လပ်ခွင့် ကြီးကြီးမားမား ထိပါးခံရတာကြောင့် ယာယီအားဖြင့် ရပ်ဆိုင်းသွားရပါပြီ။

ရေဒီယို၊ အွန်လိုင်းနဲ့ ဂြိုဟ်တုကလွှင့်ထုတ်တဲ့ သတင်းချယ်နယ် တွေ အတိုင်းအတာအရေအတွက်တခုထိ ရှိသည့်တိုင် သတင်းစာတွေရပ်ဆိုင်းသွားရခြင်းဟာ လူထုရဲ့ မျက်စေ့နားကို ပိတ်ဆို့ ကွယ်ခြင်းလားလို့ တင်စားရမယ့်သဘောလည်း ဖြစ်နေပြီလို့ဆိုရမယ်ထင်ပါတယ်။


#MoeMaKaMedia #WhatsHappeningInMyanmar