Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၃ ရက် မြောက်နေ့ မြင်ကွင်း

မောင်ရစ် (မိုးမခ) မတ် ၁၅၊ ၂၀၂၁

ဒီနေ့ဟာ မြန်မာပြည်ရဲ့ စစ်အာဏာရှင်၏ အကြမ်းဖက်သတ်ဖြတ်မှုတွေထဲက ရက်စက်ကြမ်းကြုတ်ဆုံး သွေးစွန်းသောနေ့တနေ့အပြီး နောက်တနေ့ဖြစ်တယ်။ မတ်လ ၁၄ ပြီးတော့ သည်နေ့မှာ မြန်မာပြည်တပြည်လုံးဟာ စစ်မြေပြင်ကြီးလို ဖြစ်ကျန်ခဲ့တယ်။ ထိခိုက်ကျဆုံးမှုအများဆုံး လှိုင်သာယာကနေ အမြို့မြို့အနယ်နယ်အချို့ဟာ ညိမ်သက်သွားကြတာမျိုး ရှိပေမယ့် အစဉ်အလာမပျက် ပြာပုံထဲက ရုန်းထတဲ့ ဖီးနစ်ငှက်များလို လမ်းပေါ်သပိတ်တိုက်ပွဲတွေ ချီတက်ပြီး စစ်အာဏာရှင်တွေကို အာခံမြဲ အာခံနေကြတာလည်း အမြောက်အများပါပဲ။

ကျဆုံးမှု ထိခိုက်မှု အများအပြားခံလိုက်ရပြီးနောက် အချို့နေရာတွေက ဒလန်တွေ သူလျိုတွေကို ဖမ်းမယ် သတ်ဖြတ်ပစ်မယ်လို့ ကြွေးကြော်ကြတယ်။ သတိပေးစာတွေ ကပ်ကြတယ်။ တရုတ်ကုမ္မဏီနဲ့ ဆက်စပ်တဲ့ စက်ရုံတွေမှာ မီးလောင်မှုဖြစ်ပွားတာတွေကိုလည်း စစ်တပ်ကြောင့် တရုတ်တွေကြောင့် လက်ညိုးထိုးကြတယ်။ ငြင်းခုန်ကြတယ်။ ကိုယ့်အချင်းချင်းတွေထဲမှာလည်း အခြေအတင်တွေ ဖြစ်ကြတာ မြင်ရပါတယ်။ သည်တော့ ဒါတွေကို အတတ်နိုင်ဆုံး စိတ်ထိန်းပြီး လျော့ချဖို့လိုတဲ့အကြောင်း၊ ဘုံရန်သူ စစ်အာဏာရှင်တွေသာ ဖြစ်တယ်ဆိုတာကိုက အာရုံစူးစိုက်စေလိုကြောင်း ပြောကြပါတယ်။

နောက်တခုကတော့ အင်တာနက်တွေဖြတ်တာ မိုဘိုင်းဖွင့်တာ ပိတ်တာတွေ သတင်းတွေ လိုက်ဗ်မတင်နိုင်တာတွေ ကာဗာရိတ်ချ် မရတာတွေ စသည်ဖြင့် ဆက်သွယ်ရေးပြတ်တောက်မှုတွေအတွက်လည်း စိုးရိမ်ကြ ပြောကြဆိုကြပါတယ်။ သည်နေရာမှာ ဒါက အရေးအခင်းတွေ တိုက်ပွဲတွေ ဖိနှီပ်ခံရမှုတွေထဲက သဘာ၀တရားတွေ ဖြစ်တာမို့ ဒါတွေကိုလည်း ဆက်ပြီး ရင်ဆိုင်ပြီး ဆက်တွန်းလှန်ကြရမှာ ဖြစ်ပါတယ်။ သိန်းစိန်လက်ထက်မှာတောင် မီးပုံမှန်မလာခဲ့ဘူး၊ အင်တာနက်လည်း ကောင်းကောင်းမရခဲ့ဘူး။ သန်းရွှေလက်ထက်မှာ ပိုတောင်ဆိုးခဲ့ပါတယ်။ သည်ကြားထဲက လူထုက ရုန်းကန်တော်လှန်ခဲ့ပြီးတော့ သတင်းသမားတွေကလည်း ကမ္ဘာသိအောင် သတင်းတွေ တင်ဆက်ခဲ့တာပါပဲ။ အခုအခြေအနေက အဲသည်ထက် အများကြီးသာပြီး လက်နက်မဲ့ပြည်သူတွေက လက်နက်အစုံအလင်နဲ့ အာဏာရှင်ကို ဆက်ပြီး ခုခံတွန်းလှန်နေတာ ဆက်သွယ်ရေးအခြေအနေတရပ်ချို့ယွင်းတာကြောင့် အကုန်လုံး ရပ်ဆိုင်းသွားမှာ မဟုတ်ပါ။ ဆက်ပြီး တိုက်ပွဲတွေ ဆက်နေဦးမှာဖြစ်ပါတယ်။

စစ်အာဏာရှှုင်က အစွမ်းကုန် ကြိုတင်ပြင်ဆင်ပြီး တိုက်စစ်ဆင် ချေမှုန်းနေတာ ဖြစ်ပါတယ်။ သတင်းတွေအရ မတ် ၂၂ အထိ အပြတ်ချေမှုန်းဖို့ ပြင်နေတယ် ပြောကြတယ်။ ခင်ညွန့်လိုမျိုး စစ်ထောက်လှမ်းရေးနက်ဝပ်တွေ အကြံဉာဏ်တွေ ယူထားတယ်။ ဆိုက်ဝါးတွေနဲ့ ဖြိုခွဲနေတယ် သတင်းထွက်တယ်။ အရပ်သားတွေထဲက တိုင်းရင်းသားတွေ ပါတီတွေကို ဖဲ့ထုတ်စည်းရုံးပြီး သူတို့ကောင်စီထဲ ထည့်ထားသေးတာ ဆိုတော့ သူတို့ဆီမှာ မဟာမိတ်မျိုးစုံ လက်ဝေခံမျိုးစုံရှိနေမှာကို တွက်ထားပြီး ဖြစ်မယ် ထင်ပါတယ်။ အခုဟာက တဘက်က တိုက်စစ်ဆင်တဲ့ အလှည့်ဖြစ်ပြီး ကိုယ့်ဘက်က ခံစစ်နဲ့ အကျအဆုံးအနည်းဆုံးဖြစ်အောင် တွန်းလှန်ကြံ့ကြံ့ခံရမှာ ဖြစ်ပါတယ်။ ကိုယ်က ပစ္စည်း လက်နက် လူသူ ပရိယာယ် နည်းစနစ် စုဆောင်းထားပြီးသားဆိုရင်တော့ တိုက်စစ်ကို တိုက်စစ်နဲ့ ပြန်အံ့တုနိုင်မှာ ဖြစ်ပါတယ်။ ရဲစခန်းကို ဝိုင်းတိုက်လို့လည်း သူတို့က ခံပစ်တာကြောင့် ကိုယ့်ဖက်က အကျအဆုံးများမှာ ဖြစ်ပါတယ်။

လမ်းပေါ် သပိတ်တိုက်ပွဲ အထိနာပြီး ခံစားနေရချိန်မှာ သပိတ်ခေါင်းဆောင်တွေ သပိတ်တပ်သားတွေက သူတို့အသိစိတ် သူတို့ ခံယူချက် သူတို့တာဝန်တွေ သူတို့ယူပြီးတော့ သူတို့ ရပ်ရွာကို ကာကွယ်ဖို့ သပိတ်အလံနဲ့ တပ်ဦးကို အကျမခံပဲ ကြံ့ကြံ့ခံဖို့ ပြင်ဆင်နေကြတာ အလွန်ကို လေးစားဖွယ် ဂုဏ်ယူဖွယ် မြင်ကွင်းဖြစ်ပါတယ်။ သည်အချိန်မှာ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွေကို ယူထားကြတဲ့ နိုင်ငံရေးအဖွဲ့တွေ ပါတီတွေ ကော်မီတီတွေက ဒီမနက်ခင်းမှာတင် သဘောတရားနဲ့ လမ်းညွှန်ချက်တွေ အစီအမံတွေ အားပေးထောက်ခံမှုတွေ အမြန်ဆုံး ထုတ်ဖေါ် ပြောဆိုဖို့ လိုအပ်မယ်လို့ တောင်းဆိုချင်ပါတယ်။

လူထု၏ အဆုံးစွန် ပိုင်းဖြတ်မှုက အာဏာရှင်စနစ် ကျဆုံးရေး ဖြစ်ပါတယ်။ အဲသည်အတွက် အကျအဆုံးများစွာနဲ့ သွေးခင်းသောလမ်းကို ရဲရဲကြီး ဆက်လျောက်နေကြပါတယ်။ သူတို့အတွက် ရပ်တည်ကာကွယ် စောင့်ရှောက်ပေးမယ့် နေရာဒေသ အဖွဲအစည်း ကျောထောက်နောက်ခံ အလံတော် စနစ်တကျဖွဲ့စည်းထားပြီးသား အင်အားတွေကို သူတို့အတွက် လိုအပ်နေတာ ထင်ရှားနေပြီ ဖြစ်ပါတယ်။ စစ်တပ်ဟာ ဗီလိန် ဆိုတာ ကို အများက တကမ္ဘာလုံး လက်ခံထားတဲ့ အခြေအနေမှာ အကျအဆုံးနည်းအောင် ခေါင်းဆောင်သူတွေ ခေါင်းဆောင်မှု ရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ ရက်စက်တဲ့ ပါးကွက်သား လက်ထဲက ဘယ်လို ကယ်မလဲဆိုတာ ခေါင်းဆောင်သူတွေ ထုတ်ပြောကြဖို့ အရေးကြီးနေပါပြီ ။

#MoeMaKaMedia #WhatsHappeningInMyanmar