ကိုမြေ - နွေဦးတော်လှန်ရေး၊ CDMလှုပ်ရှားမှု နဲ့ အိုးပြစ်အိမ်ပြစ်ဒုက္ခ
ကိုမြေ - နွေဦးတော်လှန်ရေး၊ CDMလှုပ်ရှားမှု နဲ့ အိုးပြစ်အိမ်ပြစ်ဒုက္ခ
(မိုးမခ) မတ် ၁၁၊ ၂၀၂၁
"တော်လှန်ရေးဆိုတာ ဇာပန်းထိုးတာမဟုတ်၊ဧည့်သည်ထမင်းဖိတ်ကျွေးတာ မဟုတ်" ဆိုတဲ့ စကားကို ကြားစက သဘောကျခဲ့တာကလွဲလို့ ခုလောက် အလေးအနက်မစဥ်းစားခဲ့၊ ခုတော့ နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ရပါတယ်၊ စကားလုံး အရတော့ လှပတဲ့ တင်စားမှုနဲ့ "နွေဦးတော်လှန်ရေး"ဆိုတာပါပဲ၊
အထွေထွေသပိတ်ကြီး အရှိန်အဟုန်မြင့်တော့ အောင်ပွဲဟာ လက်တကမ်းဆိုပြီး နေ့လား ညလား မျှော်လင့်ခဲ့ကြ ပျော်ခဲ့ကြ၊ ထက်သန်စိတ်နဲ့ မိုးကို ဒူးနဲ့တိုက် မတတ် ကြွေးကြော်ခဲ့ကြပါတယ်၊ အုန်းအုန်းကျက်ကျက်နဲ့ သပိတ်တွေ အောင်ပွဲ
တွေ နေရာအနှံ့ဆင်ခဲ့ကြပါတယ်၊
ဒီလိုနဲ့ သပိတ်တိုက််ပွဲက တလကျော်ကြာလာ၊ ရန်သူ့ရန်လိုမှုက အပြင်းအထန် ခြေမှုန်းတဲ့အထိ၊ တနေ့ထက်တနေ့ တိုးတိုးပြီး ကျယ်ပြန့် ပြင်းထန်လာ၊ နုနယ်ပျိုမြစ် အသက်တွေပေးဆပ်၊ လူထု ကြေကွဲ ငိုကြွေး နာကျည်းရင်း ရန်သူကို မုန်းတီး ရွံရှာစွာ မျိုးဆက်သစ်တွေရဲ့တိုက်ပွဲကို ဝန်းရံ အားပေး ကာကွယ်ခဲ့ကြရင်း ပန်းတိုင်ကိုလှမ်းမျှော်ကြည့်တော့၊
နီးသလိုလို ဝေးသလိုလို ရင်မောခဲ့ကြရပါတယ်၊
မနက်စောစော အင်တာနက်အဖွင့် ၊CDM လုပ်တဲ့ မလွှကုန်းမီးရထားဝန်ထမ်းအိမ်ရာကို လုံထိမ်းတပ်တွေ ပိတ်ဆို့ဖမ်းဆီးဖို့ အင်အားအလုံးအရင်းနဲ့ ဝိုင်းထားတဲ့သတင်းကြားရပါတယ်၊ ဝန်ထမ်းမိသားစုတွေ အပြေးအလွှား အိမ်ရာကို စွန့်ခွာ ထွက်ပြေးကြတာတွေလဲ ရုပ်သံသတင်းမှာ တွေ့ရပါတယ်၊ နေ့လည်မှာ သက်ကြီးရွယ်အို မမာမကျန်းသူတွေ သယ်ထုတ်နေပုံတွေကို စိတ်မကောင်းစရာ တွေ့ရပြန်ပါတယ်၊
သူငယ်ချင်းနှစ်ယောက် တတ်နိုင်သလောက်ကူညီဖို့သွားတော့ မိသားစုတချို့ ထွက်လာနေတာတွေ့ရပါတယ်၊ ကျနော်တို့လို ကူညီမယ့် သူတွေလဲ အတော်များများ ရောက်လာကြပါတယ်၊ နေစရာမရှိသူတွေကိုကူညီမယ့် ပရဟိတ ညီမလေးတယောက်ကိုလဲ တွေ့ရပါတယ်၊ ကျနော်တို့ကတော့ သွားလိုရာ လိုက်ပို့ဖို့ ခေါ်ပါတယ်၊ လိုက်လာပြီး ကားနားရောက်မှ မလိုက်တော့ဘူး တက္ကစီနဲ့ပဲ သွားတော့မယ် ဆိုလို့ ကားခ လိုက်ပေးလိုက်ရပါတယ်၊ မသိတဲ့သူတွေရဲ့ကားထက် တက္ကစီက ပိုလုံခြုံတယ်ထင်လို့လား၊ ကားကိုကြည့်ပြီး မဝံ့မရဲ ဖြစ်တာလား မပြောတတ်ပါဘူး၊ သူတို့ဟာ ခုချိန်မှာ အကာအကွယ်မဲ့ အောက်ခြေပြည်သူလူထုကြီးပါ၊
ညနေစောင်းလာပါပြီ၊ လူအများကြီး မကျန်တော့ဘူးလို့ သိရပါတယ်၊သူတို့ဟာ CDM ဆက်လုပ်ဖို့ နေရပ်ကို စွန့်ခဲ့ကြသူတွေပါ၊ လာလှူဒါန်းထားတဲ့ ဆန်အိတ်တွေလဲ သိမ်းသွားတယ်လို့ သိရပါတယ်၊ သူတို့ တာဝန်ကို သူတို့ ရဲရဲယူခဲ့ကြပါတယ်၊ သူတို့အခက်အခဲကိုတော့ ဘယ်သူတွေက ဘယ်လို တာဝန်ခံ ကာကွယ်ကြမှာလဲ၊
စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျနော်တို့ပြန်လာခဲ့ပါတယ်၊အတော်လှမ်းလှမ်းမှာ အချုပ်ကားနဲ့ စစ်ကားတွေ တန်းစီရပ်ထားတာတွေ့ရပါတယ်၊ ဝင်လမ်းတခုထဲ လုံထိမ်းတစုကို တွေ့ရပါတယ်၊ ဒီတိုက်ပွဲကို မဟာဗျူဟာ အရဘယ်လို ဆက်လက်သယ်ဆောင်ကြမလဲ၊ တာဝန်ရှိသူတွေ စဥ်းစားထားခဲ့ကြပါရဲ့လား၊
"တော်လှန်ရေးဆိုတာ ဇာပန်းထိုးတာ မဟုတ်၊ ဧည့်သည်ထမင်းဖိတ်ကျွေးတာ မဟုတ်"ဆိုတာ ပိုလေးနက်လာပါတယ်၊မျိုးဆက်သစ်တွေ အပါအဝင် မျိုးဆက်အသီးသီးပါဝင်တဲ့ လူထုကြီးကတော့မျက်ရည်ယို ဗုံးတွေ၊ ပစ်ခတ်ခြေမှုန်းမှုတွေ၊ သေနတ်ဒါဏ်ရာတွေ ပြင်းထန်လှတဲ့ရိုက်နှက်သတ်ဖြတ် မှုတွေကြား သူတို့ ပုခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ကို ခုထိ ကြံ့ကြံ့ခံ ထမ်းထားဆဲပါ၊
အရေးတော်ပုံ.....အောင်ရမည်
ကိုမြေ