Breaking News

နေစိမ့် - ဝိညာဉ်ပေါင်းအိုး

KT#
ဝိညာဉ်ပေါင်းအိုး
နေစိမ့်
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၁

            မှော်အတတ်ကိုသင်ရိုးကုန် တန်ခိုးပြာဋိဟာ အမျိုးမျိုးနဲ့ဖန်ဆင်းထားတဲ့မီးလျှံမီးတောက်တွေ။ မီးတောက်ရဲ့အပေါ်မှာ အထိမ်းအကွပ်မဲ့ မည်းမည်းမှောင်မှောင်  အိုးကြီးတစ်လုံး။ လှုပ်ခါယိမ်းထိုးနေလျက်။
ဆာလောင်‌ေနတဲ့ သတ္တဝါကြီးတစ်ကောင်ဟထားတဲ့ခံတွင်းဝက အငွေ့တထောင်းထောင်းထနေသလို။ ခံတွင်းဝပေါက်ကြီးထဲအမျှင်မပြတ်စီးဝင်နေတဲ့ချင်းချင်းနီသွေးများ။ တစ်ခန်းရပ်ဇာတ်ဝင်ခန်းကဲ့သို့ တစ်ခန်းပြီးတစ်ခန်း။ အစပ်အဟတ်များက ပရိသတ်ကို ဖြားယောင်းညှို့ငင်ထားဆဲဖြစ်ပါတယ်။ 
          မြင်းခွာတစ်ချက်ပေါက်တိုင်း ပေါက်တိုင်း ဖွာခနဲဖွာခနဲလွင့်စင်လာနေတဲ့သွေးစက်များ။ မှော်ဝင်အိုးကြီးကိုဝန်းရံထားတဲ့ မီးညွန့်မီးလျှံတွေက အရှိန် အဟုန်ပြင်းထန်လျက်။ တော်လဲသံများ ဟီးဟီးထ။ ပွက်ပွက်ဆူနေတဲ့သွေးများက အိုးကြီးရဲ့နှုတ်ခမ်းပေါ်မှကျော်ခွရွေ့လျားပြီ မီးတောက်မီးလျှံထဲအလု အယက်တိုးဝင်နေဆဲဖြစ်တယ် ။ 
              အာခေါင်ကိုခြစ် ပြီး မရပ်မနား ကြွေးကြော်သံတွေကရထားတစ်စီးသံလမ်းပေါ် ခုတ်မောင်းနေပုံနဲ့ တစ်ထပ်တည်း။ ရပ်တန့်သွားမယ့်အရိပ်အယောင်မမြင်ရ။ တစ်ဆက်တည်းလိုလို ပုံစံတူအဖြူအစိမ်းဝတ် အရုပ်များ။ အနှီအရုပ်များက‌ မျက်နှာတစ်ခြမ်းသာပါပြီးဦနှောက်ပါရှိ ရ‌မည့်အပိုင်းတွင် ကွက်လပ်ကြီးဖြစ်လျက် ။ တစ်ရုပ်ပြီးတစ်ရုပ် ပေါင်းအိုးကြီးထဲ မျက်‌စိတစ်ဆုံး တန်းစီစီးဝင်နေကြတယ်။
         အဲဒီနောက်မှာတော့ စေတီတော်ပုံတော် အရိပ်မည်းကြီးက ပေါင်းအိုးကြီးအပေါ် ထိုးစိုက်ကျလာပါတော့တယ်။ အရိပ်မည်းကြီး ကိုယ်ထည်အတွင်းကနေ မယုံနိုင်စရာ သင်ကန်းများခြုံလွှမ်းလျက် သံဃာတော်များ အစီအရီထွက်ပေါ်လာတယ်။ သံဃာတော်များဟာ မျက်လွှာချ ညှိုးငယ်သော အသွင်အပြင်ကိုဆောင်လျက်။ တစ်ပါးပြီးတစ်ပါး ပေါင်းအိုးကြီးထဲ မမြင်မတွေ့ရသော အရာတစ်ခုက တွန်းထိုးတွန်းပို့ခြင်းကုိခံနေတယ်။ 
            မှော်ဆန်ဆန်ပေါင်းအိုးကြီးကတော့ မီးလျှံကြားမှာ အခိုးအငွေ့များခြံရံနေဆဲ။ချင်းချင်းနီရာမှ  သွေး‌ရည်အရိအရွဲများဟာပေါင်းအိုးကြီးရဲ့ အလယ်ဗဟိုချက်မှနေ ဝဲကတော့သဏ္ဌာန် ရွေ့လျားပုံက မြန်ဆန်လှပါဘိ။ ရုတ်တရက်ပေါင်းအိုးကြီးရဲ့ဆူပွက်နေ‌သော မျက်နှာပြင်ပေါ်သို့ အရွယ်အစားအမျိုးအမည်မသိ
သတ္တဝါမျိုးစုံရဲ့ အခိုးအငွေ့များ ငုတ်လိုက်ပေါ်လိုက်လှုပ်ရှားရုန်းကန်နေကြတယ်။   
          ဘယ်ကဘယ်လိုရောက်လာမှန်းမသိသော ဘာသာစကားမျိုးစုံစာတန်းများက ပေါင်းအိုးကြီးထဲ အမှုန်အမွှားများအဖြစ်တဖွားဖွားကျဆင်းနေတော့တယ်။ အဆိုပါမြင်ကွင်းကျယ်ထဲ ရံဖန်ရံခါ ဝိညာဉ်လိုလိုများကလည်း အသံနက်ကြီးများ အော်ဟစ်လို့။ ငိုကြေွးသံများကလည်း အဆက်မပြတ်။
          ဝိညာဉ်များဟာ ကြီးသွားလိုက် ငယ်သွားလိုက်။ အရေအတွက် မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေပြီးမီးလျှံထဲခုန်ပေါက် ပြေးလွှားနေကြတယ်။ ပျော်ရွှင်ဝမ်းသာပြီးမြူးတူးနေပုံမဟုတ်တာတော့ အသေအချာ။
            လူတွေဟာတစ်ခုခုကိုစွဲလန်းရာက ထိုအရာကိုစွဲလန်းပြီး နိုးတစ်ဝက်အိပ်မက်များ မက်လေ့ရှိကြတယ်။ အိပ်မက်တွေကမတူကြ။
အကြောင်းအရာများအလိုက် အိပ်မက်တွေကွဲပြား ခြားနားကြတယ်။ 
         တချို့အိပ်မက်တွေကချက်ချင်းမှတ်မိလွယ်ပြီး ချက်ချင်းမေ့ပျောက်လွယ်တယ်။ တချို့တွေ ငယ်စဉ်ဘဝကတည်းကမက်ခဲ့တဲ့အိပ်မက်ကို ကြီးကောင်ကြီးမားအထိမှတ်မိနေတတ်တယ်။ ပျော်ရွှင်ရမယ့်အိပ်မက်ဆုိရင်တစ်သက်လုံးမမေ့ပဲ အလွတ်ကိုရလို့။ 
        တချို့ကြသေရွာပါအိပ်မက်တွေမက်ရင်း မသေဖို့ ကြိုးစားကြတယ်။ တချို့ အိပ်မက်‌ေတွကရှင်နေပြီးရင်း ရှင်နေတတ်တယ်။  ။

နေစိမ့်
၆ ရက် ဧပြီ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar