Breaking News

ကေမင်း - အမည်မပေးရသေးသောကဗျာတပုဒ်

Art- Than Htay Maung
 
အမည်မပေးရသေးသောကဗျာတပုဒ်
 ကေမင်း
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၆ 

ရိုးမသားကြီးတွေဖတ်ဖို့
ဒီစာကို ရေးမိပါတယ်
ကဗျာဖြစ်ပါစေ။

ငါဟာ
သွေးချောက်ထဲမှာ
မြှားကျိုးရှာသူ မဟုတ် ပါဘူး။
(G3) ဂျီသရီး တစ်လက်စာ
ပန်းတို့ရဲ့မျက်ရည်ကို
သီကုံးသူသာ ဖြစ်ပါတယ်။

ကြယ်စင်ရေ
ဟိုး  မိုးကောင်းကင်မြင့်မြင့်မှာ
ငြိမ်းချမ်း လင်းလက်နိုင်ပါစေ။

ညောင်ဖြူတပင်ရဲ့အမြစ်ကို
တူးဆွမိလို့
ပေါ်လာတဲ့ပုပ်သင်ဥတွေလဲ
အမြစ်ပြေစေ
အရှက်ပြေစေ
အသက်ရှည်ပါစေတော့
ပြေးမနေချင်တော့ပါဘူး မစိန်မြရယ်။

အိမ်ကျယ်တွေများသလို
ကျီးတွေအာတဲ့လောကထဲ
ကျနော် လဲ
ရှက်တတ် ကြောက်တတ်တာပေါ့ဗျာ
ကြောက် ကြောက် နဲ့ပဲ
ကမ္ဘာကြီး နဲ့ ရေဆန်လေဆန်
အိမ်အပြန်မှာ
အဖြေမှန်ကို
ရရှိခဲ့ပါတယ် ။

ဘယ်မြစ်ဖြစ်ဖြစ်
တောင်တွေကို ဦးခိုက်ရတာပါပဲ။

ဒီကြိုးစကိုဆွဲရင်
ဒီလူကိုတွေ့မယ်ဆိုတာကို
ခင်ဗျားလဲကောင်းကောင်းသိခဲ့တာပဲ မစိန်မြ။

လောကီသားဆိုတာက
အသိုက်နားမှာပဲ
အမြိုက်တရားရှိတာပါ။

စျေးခြင်းထဲမှာတော့
ဟင်းပွဲတွေပဲရှိမှာပေါ့ကွယ်။

လူဆိုတာက
ကိုယ့်ဒဏ်ရာကိုယ်သိရတယ်။

နှစ်ချို့ဒဏ်ရာကို
ရာသီပေါ် သာလီစွ နဲ့
ဘယ်လိုကုလို့ရမှာတဲ့လဲ မစိန်မြရယ်။

နွားဆေးလိပ်ဖွာခဲ့ရပြီး
နွားအကြောင်းမသိခဲ့ရတာ
ခင်ဗျားတို့နစ်နာတယ်။

ဒါဟာ
မသိလိုက်မသိဘာသာ
ဖုံးဖိကျော်လွှားနေကြတဲ့
အမှန်တရားတခုဖြစ်တယ်။

မြေမြှပ်သင်္ဂြိုဟ်ခြင်းရဲ့
နောက်ဆက်တွဲ ဖြစ်တယ်။
သရဖူမဆောင်းလိုတော့တဲ့
ဦးခေါင်းတလုံးရဲ့ အဖြစ်မှန်
ပြီးတော့
ကလိမ်ကကျစ် တွေရဲ့
စားကျက်မြေ။

ဒါဟာ
မျိုးနွယ်စုများစွာနဲ့
သမိုင်းကွင်းဆက်တခုစာ
ထိန်ချန်မှု
ပြန်ပြုရမယ့် ဥပဒေ ။

ဒါဟာ ဘွန်ဇိုင်းသစ်တပင်ရဲ့ကျိန်စာ
ကမ္ဘာကြီး ရဲ့မတရားမှု
မျက်ကွယ်ပြုခြင်းတွေအတွက်
ကမ္ဘာတပတ်စာ သက်သေပြချက်။

ဒါဟာ
ဆေးပေါ့လိပ်တလိပ်ရဲ့ သစ္စာတရား
ဒဏ်ရာမပေါ်တဲ့လူသတ်မှု
ပြီးတော့
သူခိုးဓားပြတို့ရဲ့အဆုံးသတ်
တိုင်းပြည်ရဲ့ အနာဂတ်တခု
ယုံကြည်မှုရဲ့ အောင်ပွဲ။

ထမင်းစစ်စစ် စားကြရအောင်ဗျာ
ဒါဟာ ဒဏ်ရာ
ဒါဟာ အချစ်
အခြားတဘက်မှာလဲ
အချစ်ဆိုတော့
အိပ်မက်တို့ရဲ့ဆုံရာ။

မိတ်ဆွေရေ
ဒါဟာ ရင်ထဲက အသက်ရှူသံကို
အမည်နာမတို့
ပြန်ပေးကြရမယ့်အချိန်။

ကမ္ဘာကြီးခင်ဗျား
ကျနော်ရိုးသားခဲ့ပါသည်
ဤအတိုင်း ပဲ့တင်ထပ်နိုင်ပါစေသတည်း။

-
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar