Breaking News

နန္ဒအောင် - မြင့်ဆန်း မှတ်တိုင်များ

မြင့်ဆန်း မှတ်တိုင်များ
နန္ဒအောင်
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၆


မြင့်ဆန်းတဲ့၊ ဦးမြင့်ဆန်းက “ တိုက်ပွဲခေါ်သံ ” ၊ “ အရေးတော်ပုံ ”  စာအုပ်တွေနဲ့ အမျိုးသားစာပေဆုရခဲ့တဲ့၊ နာမည်ကျော်ခဲ့တဲ့ ဆရာဌေးမောင်ရဲ့ သားတစ်ယောက်။ 

ဦးမြင့်ဆန်းက ၁ မေ၊ ၁၉၅၈ (မေဒေး‌နေ့) မှာမွေးဖွားခဲ့သူတစ်ယောက်။ ဒါကြောင့်မလို့ ဦးမြင့်ဆန်းရဲ့ “ကိုအောင်ချိမ့်နှစ်များ” စာအုပ်အမှာစာမှာ  ဆရာ မောင်ပြည့်မင်းက  “ ၁၉၄၈ ခုနှစ်ဖွား အောင်ချိမ့်နှင့် ၁၉၅၈ ခုနှစ်ဖွား မောင်မြင့်ဆန်းမှာ အသက် ဆယ်နှစ်တိတိ ကွာသည်။ ‘ တိတိ ’ ဟူသော စကားလုံးကို သုံးရခြင်းမှာ သူတို့နှစ်ယောက်လုံးကို မေလတစ်ရက် ( မေဒေးနေ့ ) မွေးနေ့ချင်း တူနေသောကြောင့် ဖြစ်သည်။

မွေးနေ့ချင်းတူနေသောကြောင့်လားမသိ။ အစ်ကိုကြီး (အောင်ချိမ့်) နှင့် မောင်ခက် (မြင့်ဆန်း) တို့မှာ တစ်ထပ်တည်းနီးပါးတူသောစရိုက်လက္ခဏာများစွာရှိသည် ” ( မြင့်ဆန်း၊ အောင်ချိမ့်နှစ်များ။ ၂၀၂၅၊ ဩဂုတ်၊ ပထမအကြိမ်။ အမှာစာမှ)  လို့ ရေးထားပါတယ်။

၂၀၂၅၊ ဩဂုတ်လတုန်းက ကဗျာဆရာကိုမိုးဝေရဲ့ “ နှစ်ကာလများစာပေ ” ကနေ ဦးမြင့်ဆန်းရဲ့ “ ကိုအောင်ချိမ့်နှစ်များ” စာအုပ်ကိုထုတ်ဝေခဲ့တယ်။ ဦးမြင့်ဆန်းရဲ့ စာအုပ်က ဆရာချိမ့် (အောင်ချိမ့်) အလွမ်းစာစုပဲ။ ဆရာချိမ့် ဆုံးပြီးနောက်ပိုင်း ဆရာချိမ့်ကိုသတိရလို့ အမှတ်တရအနေနဲ့ ပေါ့ပေါ့ပါးပါး ရေးသားထားတဲ့စာစုပဲ။ 

ဦးမြင့်ဆန်းရဲ့ ‘ ကိုအောင်ချိမ့်နှစ်များ ’ စာအုပ်နဲ့ပတ်သက်ပြီး ဦးမြင့်ဆန်းရဲ့ ညီဖြစ်သူ ဦးမြင့်ထူးကို ပြောဖူးတယ်။ “ ဦးမြင့်ဆန်းရေးထားတာတွေက ကောင်းပါတယ်၊ မသိသေးတဲ့အချက်အလက်တွေလည်း ဖတ်ခွင့်ရတယ်၊ ဒါပေမဲ့ မိတ်ဆွေရင်းတစ်ယောက်ကိုလွမ်းလို့  ပေါ့ပေါ့ပါးပါး ရေးသလိုမျိုး ဖြစ်နေတယ်။ တကယ်ဆို တစ်ပုဒ်ချင်းကို အသေးစိတ်အကျယ်ချဲ့ ရေးပြီး ဆောင်းပါးပုံစံ ရေးသင့်တယ်” လို့ လက်ဖက်ရည်ဆိုင်မှာ ဦးမြင့်ထူးကို ပြောခဲ့တယ်။

ဦးမြင့်ဆန်းရဲ့ ဆရာအောင်ချိမ့်အမှတ်တရစာစုက စာတိုတိုနံ့နံ့သဘောမျိုးဖြစ်နေတယ်။ ဖတ်လို့ကောင်းတော့ ဆောင်းပါးပုံစံ အရှည်ကြီး အားပါးတရဖတ်ချင်မိတယ်။ အဲဒီ အာသီသစိတ်ကြောင့် ဦးမြင့်ဆန်းရဲ့စာအုပ်ကို တဝကြီး ဖတ်ချင်‌နေမိတယ်။ တဝကြီးဖတ်ချင်စိတ်ကိုအခြေခံပြီး  “ ဦးမြင့်ဆန်း တစ်ယောက်  ဒီထက်အသေးစိတ်ချဲ့ရေးပြီး ဆောင်းပါးပုံစံရေးသင့်တယ်၊ ဖတ်ရတာအားမရဘူးဗျာ ”  လို့ ဦးမြင့်ထူးကို ပြောခဲ့မိတယ်။

ဦးမြင့်ဆန်းရဲ့ “ကိုအောင်ချိမ့်နှစ်များ” ကိုဖတ်ပြီး အားမရခဲ့တဲ့စိတ်ဟာ ရနံ့သစ်မဂ္ဂဇင်းနဲ့ စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းစာအုပ်တွေဖတ်မိတော့မှ အာသာပြေတော့တယ်။

ရနံ့သစ်မဂ္ဂဇင်း အမှတ် ( ၂၃ ) ၊ ၂၀၁၀ နိုဝင်ဘာလထုတ် အုပ်ရေ - ၁၀၀၀၊ တန်ဖိုး - ၁၅၀၀ ကျပ် ရှိတဲ့ မဂ္ဂဇင်းမှာ ဦးမြင့်ဆန်းရဲ့  “ဒို့ဗမာအစည်းအရုံးဝင် သခင်အုန်းမြင့်” ဆိုတဲ့ဆောင်းပါးကိုဖတ်ရပါတယ်။ ဒီဆောင်းပါးကတော့ သခင်အုန်းမြင့် အမှတ်တရ ဆောင်းပါးပါ။

စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းစာအုပ်ကတော့ ၂၀၁၁၊ ဇူလိုင်လမှာ  နေရီရီစာပေခွင့်ပြုချက်နဲ့ ခေတ်ပြတိုက်စာပေကဖြန့်ချိတဲ့ ပထမအကြိမ်ထုတ် ကလောင်စုံ ပါ ဝင်တဲ့ စာအုပ်ပါ။ အဲဒီစာအုပ်မှာ ဦးမြင့်ဆန်းရဲ့ ရနံ့သစ်မဂ္ဂဇင်းမှာရေးခဲ့တဲ့ ဆောင်းပါးသုံးပုဒ် ပါဝင်ပါတယ်။

ဦးမြင့်ဆန်းရဲ့ ရနံ့သစ်မဂ္ဂဇင်း အမှတ် ( ၂၃ )၊ ၂၀၁၀ နိုဝင်ဘာလထုတ် သခင်အုန်းမြင့်အမှတ်တရ ဆောင်းပါးအကြောင်းကို အရင်ဆုံး ပြောချင်ပါတယ်။ အဲဒီဆောင်းပါးက စာအုပ်စာတမ်း၊ အကိုးအကားတွေနဲ့ရေးတဲ့ ဆောင်းပါးမျိုးမဟုတ်ပါဘူး။ သခင်အုန်းမြင့်နဲ့ ဦးမြင့်ဆန်းတို့ ထိတွေ့ဆက်ဆံခဲ့တဲ့အမှတ်တရတွေကို ပြန်လည်ရေးသားခဲ့တဲ့ဆောင်းပါး ဖြစ်ပါတယ်။

ဦးမြင့်ဆန်းရဲ့ သခင်အုန်းမြင့်အမှတ်တရဆောင်းပါးအစနိဒါန်းမှာ လူတစ်ယောက်ရဲ့ဘဝနိဂုံးဖြစ်တဲ့  နာရေး (သခင်အုန်းမြင့်နာရေး)  နဲ့ အစပြုထားပါတယ်။  ( ဦးမြင့်ဆန်းရဲ့အဖေ ဆရာဌေးမောင်က လည်း သူ့အရေးတော်ပုံဝတ္ထုရှည်အစအဖွင့်မှာ အဆုံးနဲ့အဆုံးသတ်ထားတယ်လို့ ကျွန်တော်က ရေး သားခဲ့ဖူးတယ်။) သခင်အုန်းမြင့်နဲ့ ဦးမြင့်ဆန်းတို့ စတွေ့ဆုံဖူးတဲ့နေရာက  “ နရသိန် ” မှာပါ။ ဦးမြင့်ဆန်းက အဲဒီအကြောင်းကို အခုလိုရေးသားထားပါတယ်။

“ အန်ကယ်ဦးအုန်းမြင့်နဲ့ စတွေ့တွေ့ချင်းညမှာ ကျွန်တော်က မျက်နှာတည့်တည့်အပေါ်မှာ မီးအလင်းရောင်နဲ့မအိပ်တတ်ဖြစ်နေတယ်။ ပါးစပ်ကလည်း ညည်းညူပြီး အင်္ကျီတစ်ထည်နဲ့ မျက်နှာကိုပတ်ကြည့်နေတယ်။ သူက ကျွန်တော်နဲ့ ခေါင်းချင်းဆိုင်ဓားလွယ်ခုတ်နေရာကနေ ချည်မျက်နှာသုတ်ပဝါ တစ်ထည်လှမ်းပစ်ပေးရင်း “ အဲဒါနဲ့ဆို အဆင်ပြေလိမ့်မယ်။ အပိုင်ယူလိုက် ” လို့ ပြောပါတယ်။ အလျားနှစ်တောင်လောက်ရှည်ပြီး အနံတစ်ပေခွဲလောက်ရှိတဲ့အဖြူနဲ့ခရမ်းရောင်စင်း ချည်ချောပဝါက ကျွန်တော့်မျက်လုံးများကို ဖုံးအုပ်စည်းနှောင်ဖို့ အဆင်ပြေသွားပါတယ်။ ကျွန်တော် ပြောင်းရွှေ့လေရာ ဒီမျက်နှာသုတ်ပဝါလေး ပါလာခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်အန်ကယ် ”
( ရနံ့သစ် မဂ္ဂဇင်း အမှတ် ( ၂၃ )၊ ၂၀၁၀ နိုဝင်ဘာလ၊ စာ၊ ၁၃ - ၁၄ )

အဲဒီဆောင်းပါးထဲမှာပဲ ဦးမြင့်ဆန်းက ‘မနက်မိုးလင်းလို့အပြင်ထွက်ရတဲ့အခါ အစွန်ဆုံးအခန်းက ရွှေဘုန်းကိုခေါ်ပြီး အန်ကယ်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်’ လို့ရေးသားထားပါတယ်။ ရွှေဘုန်းဆိုတာ  ဆရာတာရာမင်းဝေကို ပြောတာပါ။ တာရာမင်းဝေကတော့ သခင်အုန်းမြင့်နား သိပ်ကပ်လေ့မရှိဘဲ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ထွန်းကတော့ သခင်အုန်းမြင့်နဲ့အတွဲများပါတယ်။ ကိုအောင်ထွန်းဆိုတာ “ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း ( ၁၉၀၃ - ၆၂ ) ” စာအုပ် ပြုစုရေး သားသူ ဖြစ်ပါတယ်။ 

ဦးမြင့်ဆန်းက သခင်အုန်းမြင့်နဲ့ ကိုအောင်ထွန်းတို့ ပုံရိပ်ကို အခုလို ရေးသားထားပါတယ်။

“ မနက်ပိုင်းဆို သူတို့ နှစ်ဦးယှဉ်တွဲပြီး စင်္ကြံတစ်လျှောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကြပါတယ်။ ကိုအောင်ထွန်းက မေးလိုက်၊ အန်ကယ်ဦးအုန်းမြင့်က ပြန်‌ဖြေလိုက်၊ ပြောလိုက်၊ ကိုအောင်ထွန်းပြောတာ ပြန်နားထောင်လိုက်နဲ့ တတွဲတွဲ လမ်းလျှောက်နေကြတာကို စိုက်ခင်းနဲ့ ဘုရားဝင်းထဲကနေ လှမ်းမြင်နိုင်ပါတယ် ”
( ရနံ့သစ် မဂ္ဂဇင်း အမှတ် ( ၂၃ )၊ ၂၀၁၀ နိုဝင်ဘာလ၊ စာ၊  ၁၄ )

ကိုအောင်ထွန်းက ‘ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း’  ကို ပြုစုရေးသားသူဆိုတော့ ကျောင်း သားလှုပ်ရှားမှုသမိုင်းအကြောင်း သိချင်တာတွေ၊ သိထားတာတွေနဲ့ တိုက်ဆိုင်စစ်ဆေးချင်တာတွေအတွက် သခင်အုန်းမြင့်ကိုစူးစမ်းမေးမြန်းထားပုံပါ။

သခင်အုန်းမြင့်က ကိုယ့်ထက် အသက်အရွယ်အများကြီး ငယ်တဲ့သူကို “ ခင်ဗျား ကျွန်တော် ” လို့သာ သုံးစွဲကြောင်း ဦးမြင့်ဆန်းက ရေးပါတယ်။ ဦးမြင့်ဆန်းရေးသားချက်အရ သခင်အုန်းမြင့်က ရန်ကုန်ဘဆွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ထုတ်ဝေချင်ခဲ့တယ်ဆိုတာကို သိခဲ့ရပါတယ်။

ဦးမြင့်ဆန်းက အညမည ဦးချစ်လှိုင်၊ ဆရာ ဒဂုန်တာရာတို့နဲ့ တွေ့ဖို့  သခင်အုန်းမြင့်ကိုပဲ အကူအညီတောင်းရတဲ့အကြောင်းတွေ ဖတ်ရပါတယ်။ ဆရာညီပုလေးက အညမည ဦးချစ်လှိုင်ရဲ့သား ကိုမိုးမြင့်ကို အခြေခံကာ ဝတ္ထုရှည်တစ်ပုဒ် ရေးဖို့ မေးခွန်း သုံးခု၊ လေးခု မေးဖို့ လှမ်းမှာလို့ ဦးချစ်လှိုင်ဆီ သွားတွေ့ကြတာပါ။ ဆရာ ဒဂုန်တာရာဆီကိုတော့ သူ( ဦးမြင့်ဆန်း ) အလုပ်ဝင်တဲ့ အက်ရှင်တိုင်းမ်ဂျာနယ်မှာ စာမူဟောင်းပြန်လည် ဖော်ပြခွင့်နဲ့ စာမူအသစ်ရဖို့ ကိစ္စနဲ့ သွားတွေ့ကြတာပါ။

ဦးမြင့်ဆန်း တစ်ယောက် သခင်အုန်းမြင့်ရဲ့ သတိပေးခြင်းကို တစ်ခါခံရဖူးတယ်။ ဖုန်းပြောကြရင်းနဲ့ သခင်အုန်းမြင့်က ဖုန်းချလိုက်ဖို့ ပြောပေမဲ့ ဦးမြင့်ဆန်းက ဖုန်းမချဘဲ  လေကြောရှည်နေလို့ သတိပေး ဆူခံထိတာပါ။ ဖုန်း‌ပြောပြီး ရက်နည်းနည်းကြာတော့  သမ္မတဟိုတယ် ပထမထပ်မှာ ကျင်းပပြုလုပ်တဲ့ တော်ဘုရားကလေးမိသားစုရဲ့ ဧည့်ခံပွဲမှာ သခင်အုန်းမြင့်က ဦးမြင့်ဆန်းကို ဆူတဲ့အကြောင်းကို အခုလို  ရေးသားထားပါတယ်။

‘ ... ခင်ဗျား ကျွန်တော်က တယ်လီဖုန်းချဆိုရင် ချလိုက်ပါ။ ကျွန်တော်ပြောရင် နားထောင်ပါ။ စကားပြောချင် အိမ်လာခဲ့ ’
( ရနံ့သစ် မဂ္ဂဇင်း အမှတ် ( ၂၃ )၊ ၂၀၁၀ နိုဝင်ဘာလ၊ စာ၊  ၁၇ )

ဦးမြင့်ဆန်းက  သခင်အုန်းမြင့်အကြောင်း ရေးခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းအကြောင်းလည်း ရေး သားခဲ့ပါတယ်။ ‘ စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုး သားရေးဝါဒ ’ စာအုပ် (ကလောင်စုံ) ထဲမှာ ဦးမြင့်ဆန်းရဲ့ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ဆောင်း ပါး သုံးပုဒ် ပါဝင်ပါတယ်။ အဲဒီဆောင်းပါး သုံးပုဒ်လုံးက ရနံ့သစ်မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရဆောင်းပါးတွေပါ။ ရနံ့သစ်မ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဆောင်းပါးတွေကို ခေတ်ပြတိုက်စာပေထုတ်ဝေသူ ‘ပြည်သွေးနိုင်’ က တစုတစည်းတည်း ဖတ်ရှုနိုင်ဖို့ စုစည်းထုတ်ဝေလိုက်တဲ့ စာအုပ်ပါ။ ( ရနံ့သစ် မဂ္ဂဇင်းအပြင်၊ မြန်မာသစ် မဂ္ဂဇင်းမှာပါ ဖော်ပြခဲ့တဲ့ဆောင်းပါးလေးပုဒ်လည်း ‌ဖော်ပြထားပါတယ်။ ခေတ်ပြတိုက် စာပေထုတ်ဝေသူ ပြည် သွေးနိုင်က ရနံ့သစ်မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာတစ်ယောက်လည်း ဖြစ်ပါတယ်။ )

ဦးမြင့်ဆန်းက သခင်အုန်းမြင့် အမှတ်တရ ရေးတုန်းကတော့ အတွေ့အကြုံကို အခြေခံပြီး ရေးခဲ့တယ်။  ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါး သုံးပုဒ်ကတော့ အကိုးအကားတွေနဲ့  အသိဉာဏ်ကို အခြေခံပြီး ရေးသားထားတာကို တွေ့ရပါတယ်။

ဦးမြင့်ဆန်းရဲ့ ဆောင်းပါးကို ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် ၁၃၊ ဇန်နဝါရီလ၊ ၂၀၁၀ ခုနှစ်ထုတ်မှာတော့ “ လိပ်ပြာရှင်းသန့်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာရေးဆရာဘဝ ” ဆိုတဲ့ နာမည်နဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီဆောင်းပါးနာမည်ကို ဦးမြင့်ဆန်းတစ်ယောက် ဘယ်လိုစိတ်ကူးတွေနဲ့ နာမည်ပေးခဲ့ပါသလဲ။  ၁၉၄၆ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ထုတ် သတင်းစုံဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ “  ကျွန်ုပ်၏လိပ်ပြာမှာ အမြဲသန့်ရှင်းလျက် ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး နာမည်ပေးခဲ့တယ် ထင်ပါတယ်။

“လိပ်ပြာရှင်းသန့်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့စာရေးဆရာဘဝ” ဆိုတဲ့ နာမည်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာရေးဆရာ ဘဝအကြောင်း၊ အေးအေးချမ်းချမ်းနဲ့ စာရေးနေချင်တဲ့အကြောင်းတွေ ရေးသားထားပါတယ်။ အနည်းအကျဉ်းမျှ ကူးယူဖော်ပြပါ့မယ်။

‘ ဗိုလ်ချုပ်အောင်ဆန်း ဒဂုန်မဂ္ဂဇင်းမှာ ဆောင်းပါးတွေရေးစဉ်က ဒဂုန်မဂ္ဂဇင်းရဲ့အယ်ဒီတာက ရွှေညာမောင် (ခေါ် ) ဦးချင်းစိန်ပါ။ သူတာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်စဉ် ကိုအောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ ကြည်ညိုတာရယ်၊ ဆောင်းပါးတွေက အလွန်အဆင့်အတန်းမြင့်တာကြောင့်ရယ် ဆောင်းပါးတစ်ပုဒ်ကို စာမူခ သုံးဆယ်ကျပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

သခင်အောင်ဆန်းက ဒဂုန်မဂ္ဂဇင်းမှာသာမက မြန်မာ့အလင်း သတင်းစာမှာလည်း ခေါင်းကြီးပိုင်းတွေ ရေးပေးလေ့ရှိပါတယ်။ မြန်မာ့အလင်းဦးတင်က သတင်းခေါင်းကြီး တစ်ပုဒ်ကို တစ်ဆယ်ကျပ် ပေးပါတယ်။ ’
( ကလောင်စုံ။ စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားရေးဝါဒ။ ခေတ်ပြတိုက်စာပေ။  ၂၀၁၁၊ ဇူလိုင်လ၊ ပထမအကြိမ်။  စာ၊ ၁၄၉ )

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာရေးဆရာဘဝပုံရိပ်ကို ဦးမြင့်ဆန်းက သူ့အမြင်ကို အခုလို ရေးသားထားပါတယ်။

‘ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံလွတ်လပ်ရေးအတွက် အချိန်ပြည့်လုပ်ကိုင်ဆောင်ရွက်နေတာမို့ စာပေ၊ ဆောင်းပါးအများအပြားကို စိတ်တိုင်းကျ ပြုစုရေးသားခွင့်မရရှိခဲ့ပါ။  ”
( ယင်းစာ၊ ၁၅၂ )

ဦးမြင့်ဆန်းရဲ့ အမြင်ကို စာဖတ်ပရိသတ်တို့လည်း လက်ခံ သဘောတူနိုင်မှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ စာပေကိုဝါသနာပါပေမဲ့ နိုင်ငံအရေးကိုလှုပ်ရှားရုန်းကန်နေရတာမလို့ စာပေကိုအချိန်ပြည့် မလုပ်နိုင်ပါ။ လွတ်လပ်ရေးရပြီးလို့အတွေ့အကြုံကို အခြေခံတဲ့စာတွေကိုသာရေးဖြစ်ခဲ့ရင် မြန်မာ့နိုင်ငံရေး သမိုင်းအတွက် အရေးပါလှတဲ့စာအုပ်စာတမ်းတွေ အများကြီး ထွက်ပေါ်လာမှာပါ။  

အဲဒီဆောင်းပါး အဆုံးသတ်ကို ဦးမြင့်ဆန်းက အခုလို အဆုံးသတ် ရေးသားထားပါတယ်။

“ ဤသို့်လျှင် အရည်အချင်းနှင့်လည်းပြည့်စုံ၊ အောင်မြင်ရန် အလားအလာကလည်းကောင်း၊ လူကိုယ်တိုင်ကလည်း ဆန္ဒပြင်းပြပါလျက် ကံကြမ္မာက ဗိုလ်ချုပ်အောင်ဆန်းအား စာရေးဆရာတစ်ဦး ဖြစ်ခွင့်မပေးခဲ့ပါချေ။ ”
( ယင်းစာ၊ ၁၅၃ )

ရနံ့သစ်မဂ္ဂဇင်း၊ အမှတ် ၂၂ ၊ အောက်တိုဘာ၊ ၂၀၁၀ ခုနှစ်ထုတ်မဂ္ဂဇင်းမှာတော့ ဦးမြင့်ဆန်းရဲ့
‘ ဗိုလ်ချုပ်အောင်ဆန်းနှင့် မီဒီယာ ’ ဆိုတဲ့ ဆောင်းပါးကို ဖော်ပြထားပါတယ်။ အဲဒီဆောင်းပါးမှာတော့  နိုင်ငံခေါင်းဆောင်တွေထဲက တစ်‌ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သတင်းမီဒီယာတွေထိတွေ့ဆက်စပ်တဲ့အကြောင်းတွေ ရေးသားထားပါတယ်။ အနည်းအကျဉ်းမျှ ကူးယူဖော်ပြပါ့မယ်။

‘ ဘီဘီစီကနေ အသံလွှင့်မိန့်ခွန်း ပြောကြားဖို့ အစီအစဉ် ပျက်သွားပေမယ့် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ တည်းခိုတဲ့ လန်ဒန်မြို့ ဒေါ်ချက်စတာ ဟိုတယ်အောက်ထပ် ခန်းမဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းက သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဗြိတိသျှ လက်အောက်ခံ နိုင်ငံတွေ အနက်က ဒိုမီနီယံအဆင့်၊ ဒါမှမဟုတ် ဗြိတိသျှ ဓနသဟာယနိုင်ငံအဖွဲ့ဝငိအဖြစ်မနေဘဲ “ လုံးဝလွတ်လပ်ရေး ” လိုချင်ပါတယ်လို့ ဗြိတိသျှအစိုးရကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာမှာ မြန်မာနိုင်ငံက “ ပထမဆုံးနိုင်ငံ ” ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဗြိတိသျှသတင်းစာများက အထူးစိတ်ဝင်စားကြပြီး အားတက်သရော တက်ရောက်ကြပါတယ်။ လန်ဒန်တိုင်းမ်၊ ဒေးလီးမေးလ်၊ မန်ချက်စတာ၊ ဂါးဒီးယန်း၊ ဆန်းဒေးတိုင်းမ်စတဲ့ ဗြိတိန်သတင်းစာများ၊ ဆိုရှယ်လစ်ဝါဒ ကြွေးကြော်တဲ့ နယူးစတိတ်မင်း၊ နောက်ဒေးလီးဝါကာ ကွန်မြူနစ် သတင်းစာတွေက အယ်ဒီတာတွေ၊ နိုင်ငံ ခြားသတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေတက်ရောက်ခဲ့ကြသလို ကမ္ဘာ့ကြေးနန်း သတင်းကိုယ် စားလှယ်ဌာနကြီးတွေ ဖြစ်တဲ့ ရိုက်တာ၊ အေပီ၊ ယူပီ၊ အေအက်ဖ်ပီ စတဲ့ နိုင်ငံတကာသတင်းနှင့် အေဂျင်စီတွေက အယ်ဒီတာတွေ၊ သတင်းထောက်တွေ တက်ရောက် သတင်းယူခဲ့ကြပါတယ်။ ’
( ကလောင်စုံ။ စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားရေးဝါဒ။ ခေတ်ပြတိုက်စာပေ။  ၂၀၁၁၊ ဇူလိုင်လ၊ ပထမအကြိမ်။  စာ၊ ၁၆၂ - ၆၃ )

ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် ၁၇၊ မေ၊ ၂၀၁၀ ခုနှစ်ထုတ် မဂ္ဂဇင်းမှာတာ့ ဦးမြင့်ဆန်းရဲ့ ‘ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရေးဖို့ စိတ်ကူးကြည့်ခြင်း ’ ဆိုတဲ့ ဆောင်းပါးကို ဖော်ပြထားပါတယ်။ ဦးမြင့်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစုရေးသားဖို့ စိတ်ကူးကြည့်တဲ့ အကြောင်းပါ။ ဦးမြင့်ဆန်း ဒီဆောင်းပါးကို ရေးဖြစ်တဲ့ အဓိက အ‌ကြောင်းအရင်းက ဆရာပါ ( ပါရဂူ ) ရဲ့ စာတမ်းကြောင့်ပါ။

၁၉၇၁ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ အတ္ထုပ္ပတ္တိ စာပေနှီးနှောဖလှယ်ပွဲမှာ တင်သွင်းခဲ့တဲ့ ဆရာပါရဂူရဲ့ “ မြန်မာအတ္ထုပ္ပတ္တိ သမိုင်းစာတမ်း ” တစ်နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိအကြောင်းကို တွေ့ရပါလိမ့်မယ်။ ဆရာပါ ( ပါရဂူ ) ရဲ့ စာတမ်းမှာ အခုလို ရေးသားထားတာ‌ တွေ့ရပါတယ်။

“ ဦးပုကလေး၊ ဗိုလ်ထွန်းလှ၊ ဦးအောင်သန်းတို့သည် မိမိတို့အမြင် မိမိတို့အသိဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို ရေးသားကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိသည် မြန်မာ့ အတ္ထုပ္ပတ္တိလောက၌ ထီးထီးမားမားကြီးရှိနေသင့်သည် ဖြစ်သော်လည်း ယခုထွက်ရှိပြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိများသည် ယင်းနေရာမျိုးကို မရရှိကြပေ။ ယင်းနေရာမျိုးကို ရ ရှိမည့် ပြည့်စုံသော၊ ခိုင်ခံ့သော၊ အားထားလောက်သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိတစ်စောင်တစ်ဖွဲ့ကိုမရေးနိုင်သေးသရွေ့ မြန်မာအတ္ထုပ္ပတ္တိရေးဆရာတို့အနေဖြင့် တာဝန်မကျေပွန်သေးဟုဆိုရပေမည်။ ”
( ကလောင်စုံ။ စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားရေးဝါဒ။ ခေတ်ပြတိုက်စာပေ။  ၂၀၁၁၊ ဇူလိုင်လ၊ ပထမအကြိမ်။  စာ၊ ၂၀၄ )

ဦးမြင့်ဆန်းက ဆရာပါ ( ပါရဂူ ) ရဲ့ စာတမ်းကိုဖတ်ပြီး “ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရေးဖို့ စိတ်ကူးကြည့်ခြင်း”  ဆိုတဲ့ဆောင်းပါးကိုရေးသားဖို့ စိတ်ကူးရခဲ့တယ်လို့ထင်ပါတယ်။ ဆရာပါရဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာတမ်းထဲက အရေးအသားအချို့ကို ဦးမြင့်ဆန်းက ပြန်လည်တင်ပြထားတာကိုလည်း ဖတ်ရပါတယ်။

ဦးမြင့်ဆန်းက ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို သူသာရေးသားဖြစ်ရင် ဘယ်ပုံစံနဲ့ ရေးဖြစ်မလဲဆိုတဲ့ အကြမ်းဖျင်း ပုံစံကိုလည်း တွေ့ရပါတယ်။ ဦးမြင့်ဆန်းရဲ့ မူကြမ်းပုံစံကို အခုလိုတွေ့ရပါတယ်။

“ ငယ်စဉ်ဘဝ။ တက္ကသိုလ်ကျောင်းသားဘဝ။ သခင်ဘဝ။ မြေအောက်တော်လှန်ရေး။ စစ်အတွင်း ကာလ။ ၁၉၄၂၊ ဇန်နဝါရီလ၊ ၁ရက် ဗြိတိသျှရန်သူတော် စာရင်း နံပတ် ၅ ။ ၁၉၄၂၊ မတ်လ ဗိုလ်မှူးကြီးရာထူးနဲ့ စစ်သေနာပတိ ။ စက်တင်ဘာ ၆ ဒေါ်ခင်ကြည်နဲ့ လက်ထပ်။ ၁၉၄၃၊ ဩဂုတ် ၁ စစ်ဝန်ကြီး၊ ဂျပန်အစိုးရက First Class Order of the Sacred Treasure ဆုချီးမြှင့်။ အောက်တိုဘာ ၁ ၊ ဦးဝိစာရကြေးရုပ်နဲ့ ကျောက်တိုင်ဖွင့်ပွဲ မိန့်ခွန်းပြော၊ ဖက်ဆစ်ကို တော်လှန်ရန်ပြင်ဆင်။ ၁၉၄၄၊ ဩဂုတ် ၄  ဖတပလကို ဗမာ့တပ်မတော်တိုင်း ၄ စခန်းမှာ လျှို့ဝှက်စွာဖွဲ့စည်း၊ စစ်ရေးခေါင်းဆောင်။ ၁၉၄၄၊ ဩဂုတ် ၂၃ ၊ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့ ဖဆပလအဖွဲ့ချုပ်ကို ပြန်ဖွဲ့စည်း။ ၁၉၄၅၊ မတ် ၂၇၊ ဖက်ဆစ်ဂျပန်ကို ပြည်သူလူထု မဟာမိတ်တို့နဲ့အတူ စတင်တော်လှန်။ ၁၉၄၅၊ မေ ၁၆၊ ဗိုလ်ချုပ်စလင်းနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံ။ ၁၉၄၅၊ မေ ၂၈၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့အားလုံးကို လောင်းဝစ်လမ်း ဌာနချုပ်တည်ရာဌာနမှ မိန့်ခွန်းပြော။ ၁၉၄၅၊ ဇွန် ၂၀၊ အင်္ဂလိပ် စစ်သင်္ဘောပေါ်မှာ ဘုရင်ခံဆာဒေါ်မန်စမစ်နဲ့တွေ့ဆုံ။ ၁၉၄၅၊ ဩဂုတ် ၁၉၊ နေသူရိန် အစည်းအဝေး၊ မောင့်ဘက်တန်နဲ့ ဆွေးနွေးရန် သီဟိုဠ်နိုင်ငံ ကန္ဒီမြို့သို့သွား။ ၁၉၄၇၊ ဇန်နဝါရီ ၂၀၊ ရွှေတိဂုံ အလယ်ပစ္စယံ နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံကျင်းပ။ ၁၉၄၇ ၊ ဇန်နဝါရီ ၂၇ ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ခေါင်း‌ဆောင်ပြီး လန်ဒန်ရှိ အာဏာပိုင်များနဲ့တွေ့ဆုံ၊ အောင်ဆန်း - အက်တလီစာချုပ်။ ပြည်ထောင်စု စည်းလုံးရေး၊ ၁၉၄၇ ဖေဖော်ဝါရီ ၂ ၊ မြန်မာန်နိုင်ငံပြန်ရောက်၊ တစ်နိုင်ငံလုံး စည်းလုံးမှုရဖို့ကြိုးပမ်း။ ၁၉၄၆၊ ဖေဖော်ဝါရီ ၈၊ ပင်လုံမြို့သို့သွားရောက်။ ၁၉၄၆၊ ဖေဖော်ဝါရီ ၁၂ ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုး။ ဘဝရဲ့ နောက်ဆုံးနှစ်။ ၁၉၄၇၊ ဧပြီ အ‌ခြေခံ ဥပဒေရေးဆွဲ။ ၁၉၄၇၊ ဇူလိုင် ၁၃၊ မြို့တော်ခန်းမမှနေပြီး လူထုကို မိန့်ခွန်းပြော ( နောက်ဆုံးမြွက်ကြားတဲ့မိန့်ခွန်း ) ။ ၁၉၄၇၊ ဇူလိုင် ၁၉၊ မသမာသူ လူတစ်စု‌ရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရ။ ”

ဦးမြင့်ဆန်းရဲ့ ‘ ကိုအောင်ချိမ့်နှစ်များ ’ စာအုပ်ကို ဖတ်ပြီး အားမရခဲ့တဲ့ စိတ် ( ဒီထက်ပိုရေးသင့်တယ်လို့ ယူဆ ) ဟာ ရနံ့သစ်မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ဆောင်းပါးတွေကို ဖတ်ပြီးတော့မှ အာသာပြေခဲ့တယ်။

စာရေးတယ်ဆိုတာ အတွေ့အကြုံကို အခြေခံပြီး ရေးလို့ရသလို ၊ အသိဉာဏ်ပညာကို အခြေခံပြီးလည်း ရေးလို့ရပါတယ်။ ဦးမြင့်ဆန်းက သခင်အုန်းမြင့် အမှတ်တရဆောင်းပါးကိုတော့ အတွေ့အကြုံကို အခြေခံပြီး ရေးသားထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးတွေကတော့ အကိုးအကားတွေကို အခြေခံပြီး  ရေးသားထားတာ တွေ့ရပါတယ်။

ဦးမြင့်ဆန်း ဖြတ်သန်းခဲ့တဲ့ သမိုင်းမှတ်တိုင်တွေအရ သူ့မှာ အတွေ့အကြုံတွေ အများကြီး ရှိမယ်ဆိုတာ သေချာပါတယ်။ ဦးမြင့်ဆန်း တစ်ယောက် သူ့အတွေ့အကြုံတွေကို အခြေခံပြီး အသိဉာဏ်ပညာနဲ့ ပေါင်းစပ် ရေးသားမယ်ဆိုရင် ဆောင်းပါးကောင်းတွေ အများကြီး ဖတ်ရဦးမှာပါ။ ဦးမြင့်ဆန်း ရေးခဲ့တဲ့ ဆောင်းပါးတွေဟာ ဦးမြင့်ဆန်းရဲ့ မှတ်‌တိုင်တွေပဲပေါ့။

နန္ဒအောင်
၃၀. ၈. ၂၀၂၆
-
*စာကိုး
မြင့်ဆန်း။ အောင်ချိမ့်နှစ်များ။ ပထမအကြိမ်၊ ရန်ကုန်၊ နှစ်ကာလများစာပေ၊ ဩဂုတ်၊ ၂၀၂၅။
ရနံ့သစ်မဂ္ဂဇင်း။ အမှတ် ၂၃။ နိုဝင်ဘာ၊ ၂၀၁၀။
ကလောင်စုံ။ စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားရေးဝါဒ။ ပထမအကြိမ်၊ ရန်ကုန်၊ ခေတ်ပြတိုက်စာပေ၊ ဇူလိုင်လ၊ ၂၀၁၁။ 

 -

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar