မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - နေစိမ့်၊ ကိုရွေး၊ သစ်ကောင်းအိမ်
လက်သုံးချောင်း
နေစိမ့်
အရှင်လတ်လတ်
ဒေါသနဲ့ငရဲကိုရွှေ့ရတယ် ။
အသက်တွေအရင်းအနှီးဖြစ်လာပြီး
လျော်ကြေးက နိုင်ငံတော်သစ်ဖြစ်တယ် ။
13Apr 2021
.....
တော
ကိုရွေး
တောဟာ
အဆန်းတကြယ်တိတ်ဆိတ်လို့
ရှဥ့်လေးတွေတောင်ကိုင်းမကူးကြတော့ဘူး
ပန်းရနံ့တွေ သတိနဲ့မွှေးပျံ့နေကြတယ်
တောကမာယာများတယ်
၂၂ ၄ ၂၁
.....
နိုင်ငံတခုမွေးဖွားခြင်း
သစ်ကောင်းအိမ်
စိန်ပန်းတွေက ရဲရဲတောက်
လက်ပံတွေက အလံမလဲ
ပေါက်လဲတွေက မကြောက်ဘဲပွင့်တဲ့အချိန်
သွေးရူးသွေးတန်းနဲ့
လမ်းမတကာမှာ
သေနတ်တွေကိုင်ပြီး
လမ်းမတွေပေါ်လျှောက်ပြေးလို့
ခွေးရူးပြန်နေတဲ့
ငရဲခွေးတွေကို
ငရဲကိုပို့
သွေးဆာနေတဲ့
သားသတ်သမားတွေကို
သားသတ်ရုံပို့
အားလုံးကို သေစာရင်းသွင်းပြီးတဲ့အခါ
ခွေးအူသံတွေအဆုံးမှာ
ချိုးကူသံတွေနဲ့
အရာရာဟာ အစကပြန်စမယ်
ပန်းရနံ့လေးတွေကအစ
အစကပြန်မွှေးမယ်
အလံကအစ
အစကပြန်ရေးမယ်
မနက်ဖြန်ပုခက်ထဲရောက်လာမယ့်
ငါတို့ရဲ့ကလေးတွေကို
လူသားတိုင်းသာတူညီမျှရေးကို
သင်ကြားပေမယ့်
သားချော့တေးသစ်တွေနဲ့
အစက ပြန်မွေးမယ်
ငါတို့တည်ဆောက်မယ့်
လူ့အဖွဲ့စည်းသစ်ရဲ့အခန်းကဏ္ဌမှာ
စစ်ဗိုလ်ယုတ်တွေ
ခေါင်းထဲသုတ်လွှတ်ထားတဲ့
လက်နက်အားကိုးနဲ့သွေးဆိုးရမ်းကား
သူရဲဘောကြောင်တဲ့
စစ်သားလူကြောက်တွေမပါစေရ
နိုင်ငံတော်သစ်ရဲ့နေ့ရက်တိုင်းကို
ကျဆုံးသူသူရဲကောင်းတွေရဲ့
ကျေးဇူးတရားနဲ့
အောက်မေ့ဂုဏ်ပြုဖို့
အရာရာကို ချစ်ခြင်းမေတ္တာနဲ့
ငြိမ်းချမ်းရေးကစပြီး
အရာရာကို အစကပြန်စမယ်
အရာရာကို အသစ်ကပြန်စမယ်
အများပြည်သူအားလပ်ရက်တွေဆို
ဟောဒီမှာမြင်ဘူးတယ်ရှိအောင်ကြည့်ကြဆိုပြီး
တိရစ္ဆာန်ရုံအသစ်တွေမှာ
လူ့တိရိစ္ဆာန်အစစ်တွေကို
အစကပြန်ပြီး ရုံသွင်းပြမယ်
ပျဉ်းမပြာတွေက
ကမ္ဘာမကြေအောင်ပြာလို့
ငုပန်းတွေကမီးနေပြီး
ပိတောက်တွေရေမြွှာပေါက်ချိန်
ငှက်ဆိုးတကောင်ရဲ့
အာခေါင်ခြစ်အော်သံထဲက
လွတ်မြောက်ကြွင်းကျန်ရစ်
ရဲဘော်ကြယ်ပွင့်တွေနဲ့အတူ
လာချေပြီ
မနက်ခင်းသစ်ရဲ့နန်းသိမ်းပွဲမှာ
ဝါဝင်းသောကျက်သရေအလင်းကိုဓားမိုးပြီး
နေ့သစ်ဟာ
နေအသစ်ကို
သံလွင်ခက်လိုကိုက်ချီလို့
ဝိညာဉ်ပူးကပ်ပြီး
သွေးအေးအေးနဲ့
မီးပုံပေါ် တလှမ်းချင်းဖြတ်လျွှောက်လာတဲ့
နတ်ဝင်သည်လို
သွေးနဲ့အာရုံတက်ခဲ့တဲ့
နိုင်ငံတော်သစ်ဟာ
အနီရောင်နောက်ခံမှာ
လက်ရုန်းတွေကို ဆန့်တန်းမြှောက်ချီလို့
လာချေပြီ...
နောက်ဆုံးတော့
ဓမ္မစစ်ခရီးသည်ဟာ
သစ္စာတရားမီးအိမ် လက်ကဆွဲလို့
လာချေပြီ
( ၂ ဧပြီလ ၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar