ခွေးဆိုးနှိမ်နင်းပွဲကြီး - ဒိုရီဂို
ဒိုရီဂို
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၁
အခန်း (၁)
ညောင်နှစ်ပင်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ “ခွေးဆိုးနှိမ်နင်းပွဲ” က “အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း” ဆိုတဲ့ စကားပုံကို “အမွေးမတော် တစ်ကောင်” လို့ပါ ထပ်ဖြည့် ပေါင်းဆင့်ရမယ့် အနေအထား ဖြစ်သွားတဲ့ အပြင် တကယ့်ကို ကြောက်စရာကောင်းပြီး တွေးချင့်စရာ ကောင်းတဲ့ အဖြစ်အပျက်ကြီး တစ်ခုပါ။
ညောင်နှစ်ပင် ဆိုတာက အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာကြီး တစ်ရွာဖြစ်ပြီး လူဦးရေ အားဖြင့် ၅ ထောင်ကျော် ၆ ထောင် နီးပါး ရှိပါတယ်။ ဒီလို “ခွေးဆိုးနှိမ်နင်းပွဲကြီး” ဖြစ်လာဖို့ စတင်လာသူက ညောင်နှစ်ပင်ကျေးရွာ “အုပ်ကြီး” တာဝန်ကို နှစ်ပေါင်းများစွာ ရယူထားတဲ့ “ဦးရွှေအ” ရဲ့ ဇနီး “ဒေါ်ဂွမ်း” နဲ့ သမီးတွေက စတင်တာ လို့ ဆိုရမှာပါ။
“ဦးရွှေအ”, က စာပေ ရေးတတ်ဖတ်တတ်သာ ရှိတဲ့ ခပ်ထုံထုံလူတစ်ဦး ဖြစ်ပေမဲ့ ဇနီးဖြစ်သူ “ဒေါ်ဂွမ်း” က အင်မတန် ပါးနပ်ပြီး ငွေတိုးကြေးတိုး ပေးတာလည်း လုပ်တတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ မိသားစုဟာ အရေးအခင်း မတိုင်ခင် ကာလတွေ ကတည်းက ရွာထဲမှာ အချောင်လည်ဆုံး နဲ့ သြဇာအရှိဆုံး ဖြစ်လာတဲ့ အပြင် လက်ညှိုးထိုးမလွှဲ လယ်တွေ၊ ယာတွေ ပိုင်ဆိုင်သူတွေ ဖြစ်လာပါတယ်။
ပြီးတော့ “ဒေါ်ဂွမ်း” ရဲ့ မောင် “ဦးဘိုစိန်”က ကျေးရွာသမဝါယမဆိုင် တာဝန်ခံ၊ “ဦးရွှေအ” ရဲ့ ညီဝမ်းကွဲ “ဦးရွှေသန်း” က ကောင်စီလူကြီး ဖြစ်ကြတာကြောင့်လည်း ငွေကြေးနဲ့ လုပ်ပိုင်ခွင့်တွေမှာ တစ်ရွာလုံးက မော်မကြည့်ရဲလောက်တဲ့ အထိ ဖြစ်လာတာပါ။ ရွာကို ရောက်လာကြတဲ့ တောအုပ်တွေ၊ မြို့ပိုင်၊ နယ်ပိုင်တွေဟာ ထုံးစံအတိုင်း “ဦးရွှေအ” ရဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီးမှာ တည်းခိုကြလေ့ ရှိတာကြောင့် သူတို့မိသားစုဟာ မြို့နဲ့ အဆက်အသွယ် အများဆုံးနဲ့ လူသိအများဆုံး၊ အထင်ရှားပါပဲ။ “ဦးရွေအ” တို့ မိသားစုမှာ “စိန်လှ” က အကြီးဆုံးသား၊ “စိန်ထူး” က အငယ်ဆုံးသား ဖြစ်တာကြောင့် သမီး ၂ ယောက် ဖြစ်တဲ့ “ခင်ခင်” နဲ့ “ရင်ရင်” တို့က အလယ်နို့ညှာတွေပါ။
အဲဒါကြောင့်လည်း သမီး ၂ ယောက်ကို အစ်ကိုကြီးနဲ့ မောင်ငယ်တို့က စောင့်ကြပ်နေတာကြောင့် တော်ရုံကာလသား လူပျိုတွေ အနားမသီရဲကြဘူးလေ။ သူတို့ဟာ ကွမ်းတောင်ကိုင် အဖြစ်ကနေ အပျိုကြီး ဖြစ်လာကြတဲ့ အထိ ရည်းစားသနာ၊ ရင်ခုန်စရာ မရှိ ဖြစ်ခဲ့ရတာပေါ့။ သို့ပေမဲ့... သူတို့မှာ ချစ်စရာ ခွေးလေးတွေ ကိုယ်စီတော့ ရှိနေခဲ့ကြ ပါတယ်။ ခွေးလေးတွေ သူတို့ ရလာကြတာကလည်း ထူးဆန်းတယ်။
သူတို့ မွေးထားတဲ့ ခွေးတွေက လူထက်တောင် တန်ဖိုး ရှိတယ် လို့တောင် ပြောနိုင်တဲ့ သန်မာထွားကျိုင်းတဲ့ “ဟတ်စကီ” (Hasky) ခွေးမျိုးစပ်တွေ ဖြစ်နေတာပါ။ ပြီးတော့ ခွေးတွေမှာက အလွန် ထူးခြားတဲ့ Heterochromia လို့ ခေါ်တဲ့ မျက်စေ့ နှစ်လုံး အရောင်တစ်မျိုးစီ ဖြစ်နေတာကြောင့် ပိုပြီး တန်ဖိုးကြီးသလို လှလည်း အလွန်လှပါတယ်။ မြန်မာငွေနဲ့ဆို သိန်း ဆယ်ချီပြီး တန်ဖိုးကြီးတဲ့ ခွေးတွေလို့ ဆိုပါတယ်။
“ဦးရွှေအ”ရဲ့ သမီးအပျိုကြီး နှစ်ယောက်ဟာ ဒီလိုလှပတဲ့ ခွေးတွေကို ထိန်းကျောင်း ဆော့ကစားရင်း ‘ခွေးနဲ့လူ’ အလှချင်း ပြိုင်နေကြတဲ့ မြင်ကွင်းကို ညောင်နှစ်ပင်ရွာသားတွေ သာမက ရွာနီးချုပ်စပ်က ဖြတ်သွားတဲ့ တခြားရွာတွေက လူတွေလည်း မမြင်ချင်အဆုံး တွေ့နေရတာပေါ့။
ဒီလို လှပပြီး တန်ဖိုးကြီး ရှားပါးတဲ့ ခွေးတွေ သူတို့ ဘယ်လို ရရှိလာခဲ့တာလဲ? ဒီမေးခွန်းက သိပ်ကို အရေးကြီးတယ်။
အခန်း (၂)
မဆလ အစိုးရ ပြုတ်ကျခါနီး ကာလတစ်ခုမှာ တိုင်းအဆင့်ရှိ မဆလ ပါတီအကြီးအကဲ တစ်ယောက်နဲ့ သူ့မိသားစုဟာ ညောင်နှစ်ပင်ရွာကို နယ်မြေ ကွင်းဆင်း စစ်ဆေးရေး ရောက်လာကြတယ်။ နယ်မြေကွင်းဆင်း စစ်ဆေးရေး ဆိုပေမဲ့ သူတို့ရဲ့ ပျော်ပွဲစားထွက် အနားယူ အပန်းဖြေတဲ့ ခရီးစဉ်ပါ။ တိုင်းအဆင့် အရာရှိတစ်ဦး ဖြစ်တာကြောင့် အခြွေအရံ အသင်းအပင်း များပြားစုံလင်လှသလို သူတို့နဲ့ အတူ အရွယ်ရောက်စ “ဟပ်စကီ” မျိုးစပ် နိုင်ငံခြားအိမ်မွေးခွေးလေး တစ်ကောင်လည်း ပါလာခဲ့တယ်။ ခွေးလေးက အဖြူနဲ့ အနက်ကွက်ကျားခွေးလေးပေါ့။
တိုင်းအဆင့် ပါတီအကြီးအကဲနဲ့ အဖွဲ့ ညောင်နှစ်ပင်ရွာကို အခြေပြုပြီး အနီးအနားရွာတွေဆီ သွားရောက်လည်ပတ် နေတာ သီတင်း ၁ ပတ်အကြာမှာ ထူးခြားတဲ့ အဖြစ်အပျက် ပေါ်ပေါက်လာတယ်။ မဆလ ပါတီဗဟိုကနေ အပြောင်းအလဲ အတွက် “ဖြုတ်ထုတ်နုတ်ပယ်” လုပ်နေတဲ့ အထဲမှာ အဲဒီအရာရှိကြီးလည်း ပါဝင်နေတာကြောင့် သူ့ကို အထက်အမိန့် ညွှန်ကြားချက် အရ ချက်ချင်း ဖမ်းဆီး ချုပ်နှောင်ဖို့ ဖြစ်လာတယ်။ ဒါနဲ့ စစ်တပ်က တပ်စုတစ်စုဟာ ညောင်နှစ်ပင်ရွာကို ဗြုန်းစားကြီး ရောက်လာပြီး အရာရှိကြီးရဲ့ မိသားစုနဲ့ ခြွေရံသင်းပင်းတေွကို အလျင်အမြန် ဖမ်းဆီး ခေါ်ဆောင် သွားတယ်။ သို့ပေမဲ့ သူတို့နဲ့ ပါလာတဲ့ ခွေးကလေးကတော့ ညောင်နှစ်ပင်ရွာက “ဦးရွှေအ” အိမ်မှာ ကျန်ရစ်ခဲ့ရှာတယ်။
အဲဒီတုန်းက “ဦးရွှေအ”ရဲ့ သမီးတွေက ငယ်ရွယ်သေးတယ်၊ အသက်အားဖြင့် ၁၄ နှစ် ၁၅ နှစ် အရွယ်တွေပေါ့။ သူတို့ဟာ ကျန်ရစ်ခဲ့တဲ့ ခွေးလေးကို ပြုစုစောင့်ရှောက်ပေးကြတယ်။ နောက် သိပ်မကြာခင်မှာ သူတို့ အိမ်မှာ အရင်က မွေးခဲ့တဲ့ အညိုရောင် “အင်းခွေး” မျိုးစိတ်ဝင် ခွေးမလေးနဲ့ စပ်ပြီး နောက်ထပ် ခွေး ၃ ကောင် မွေးလာတယ်။ အဲဒီ အချိန်အထိ ခွေးတွေနဲ့ ပတ်သက်ပြီး ဘာထူးခြားမှုမှ မရှိသေးဘဲ ပုံမှန်အနေအထားမျိုးပဲ ရှိနေခဲ့တယ်။
နောက်ထပ်လည်း မွေးလာတဲ့ ခွေးတွေ မွေးလာတာ များပြားလာသလို ဟတ်စကီခွေးကြီးဟာလည်း “ဦးရွှေအ”ရဲ့ ညောင်နှစ်ပင် တစ်နယ်လုံးမှာ ခွေးခေါင်းဆောင်ကြီး အဖြစ် ဦးဆောင်နေခဲ့တယ်။ ဟတ်စကီခွေးကြီးရဲ့ မျိုးဆက်ခွေးတွေရဲ့ မျက်လုံးတွေက တစ်ဖက်က အစိမ်း၊ တစ်ဖက်က အပြာ၊ ဒါမှမဟုတ် တစ်ဖက်က အဝါ၊ တစ်ဖက်က အနီ စတဲ့ အရောင်တွေနဲ့ မျိုးဆက်တွေ ပေါ့။
အလျဉ်းသင့်လို့ ခွေးတွေ အကြောင်း အနည်းငယ် ပြောပြပါဦးမယ်။ အင်းခွေး လို့ ခေါ်တဲ့ (Hounds) တွေဟာ အမဲလိုက်ခွေး၊ ငှက်လိုက်ခွေး အမျိုးအစားတွေထက် ပိုမိုပါးနပ်ကြပါတယ်။ သူတို့ရဲ့ ကျစ်လစ်မာကျောတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုကြောင့် ပြေးလွှားတာနဲ့ နောက်ရောင်ခံ၊ ခြေရာခံလိုက်ရာမှာ အလွန်တော်တဲ့ ခွေးတွေပါ။ အင်းခွေးတွေကို သမင်၊ မြေခွေး၊ ယုန် စတဲ့ အပြေးသန်တဲ့ သားကောင်တွေကို ဖမ်းဆီးရာမှာ ပိုပြီး အသုံးတည့်ပါတယ်။
အင်းခွေးတွေဟာ သူတို့လိုက်နေတဲ့ သားကောင်ရဲ့ ပြေးလမ်းရှေ့က ပိတ်ပြီး ထွက်ပေါက်မရှိအောင် ထောင်ချောက် သဖွယ် ပိတ်ထားတတ်ကြတယ်။ နောက်ကနေ မြင်းနဲ့ လိုက်လာတဲ့ သခင်မုဆိုးရောက်လာတဲ့ တိုင်အောင် သားကောင်ကို ထိုးဟောင် ကိုက်ခဲ ပိတ်ဆည်းထားတာပါ။ အင်းခွေးတွေမှာ အမြင်အာရုံကောင်းတဲ့ အင်းခွေးနဲ့ အနံ့ခံကောင်းတဲ့ အင်းခွေးဆိုပြီး နှစ်မျိုး နှစ်စား ရှိပါတယ်။ အင်းခွေးတွေဟာ သခင်ကို ခင်မင်တွယ်တာ သလို သစ္စာလည်း ရှိတယ်၊ အန္တရာယ်ကို အမြဲကာကွယ် ပေးတတ်ကြပါတယ်။
“ဟတ်စကီ” (Hasky) ခွေးမျိုးတွေကတော့ မြောက်ပိုင်း အာတိတ်ဒေသ ရေခဲပြင်တွေမှာ လှည်းဆွဲဖို့ အသုံးပြုတဲ့ ခွေးအမျိုးအစား ဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့အမြန်ဆုံး ခွေးအမျိုးအစားမှာ ပါဝင်ပြီး အသိဉာဏ်လည်း အလွန် မြင့်မား ပါတယ်။ ဒီခွေးတွေကတော့ ခန္ဓာကို တုတ်ခိုင် သန်မာတဲ့ အပြင် ရန်သူကို တိုက်ခိုက်ရာမှာ အလွန်ရက်စက် တတ်ပေမဲ့ သူတို့ခွေး အချင်းချင်းတော့ အလွန်ကြင်နာတတ်ပါတယ်။
ဒီလိုဗီဇရှိတဲ့ ခွေးမျိုးစိတ် နှစ်မျိုး ပေါင်းစည်းရာက ဖြစ်ပေါ်လာတဲ့ ညောင်နှစ်ပင်ရွာ “ဦးရွှေအ” အိမ်က သန်မာ လှပပြီး ဉာဏ်ရည်ထက်မြက်တဲ့ ခွေးတွေကိုတော့ ရွာသားတွေက “ဦးရွှေအ”နဲ့ “ဒေါ်ဂွမ်း” တို့ မွေးထားလို့ “ရွှေဂွမ်း” ခွေးတွေလို့ ခေါ်ကြပါတယ်။ ပါးနပ်ပြီး ရန်သူကို ရက်ရက်စက်စက် ကိုက်ခဲတတ်တဲ့ “ရွှေဂွမ်း” ခွေးတွေဟာ အခုဆိုရင် ခွေးတပ်ကြီးလို့ ခေါ်နိုင်တဲ့ အထိ အကောင်အရေအတွက် ၂၀ ကျော်ထိ ဖြစ်လာတယ်။ ညောင်နှစ်ပင် တရွာလုံးက ခွေးတွေ အပြင် အနီးအနားက ရွာတွေက ခွေးတွေဟာလည်း “ရွှေဂွမ်း” မျိုးဆက်နဲ့ ကင်းတဲ့ ခွေးရယ်လို့ မရှိတော့လောက်အောင် ဖြစ်လာပါတော့တယ်။
“ရွှေဂွမ်း” ခွေးမျိုးစပ်တွေလည်း ပိုမိုများပြားလာ သလို “ဦးရွှေအ”ရဲ့ အရှိန်အဝါ အာဏာကလည်း ညောင်နှစ်ပင်ရွာမှာသာမက တစ်နယ်လုံးထိ ပိုပိုပြီး ကြီးထွားလာတယ်။ အဲဒီအရပ်က လူတွေဟာ လူကိုလည်း ကြောက်ရ၊ ခွေးတွေကိုလည်း လန့်ရနဲ့ ဖြစ်နေတာပေါ့။ အနီးနားက ရွာတွေမှာဆို “ဦးရွှေအ” လိုလားတဲ့သူကပဲ အုပ်ချုပ်ရေးမှာ နေရာရနိုင်ပြီး “ဦးရွှေအ” မလိုလားတဲ့ သူတွေ ဆိုရင် ရက်စက်တဲ့ နည်းအမျိုးမျိုးနဲ့ နေရာမရအောင်ထိ တစ်ဖက်သတ် လုပ်ဆောင်လာတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်လာနိုင်မယ့်သူ ဆိုရင်လည်း နလံမထူနိုင်အောင် နှိပ်ကွပ်ပစ်လေ့ ရှိတယ်။
ဘယ်လို နှိပ်ကွပ်သလဲ ဆိုတော့... သူ့တပည့် လူယုံတွေကို ခြိမ်းခြောက်တာမျိုး လုပ်ခိုင်းတတ်သလို...၊ တစ်ခါတလေ သူ့ရဲ့ ခွေးအုပ်ကို မတော်တဆ လွတ်သွားသလို ပုံစံမျိုး ဖြစ်အောင် ဖန်တီးပြီး ခွေးနဲ့ ရှူးတိုက်တာပါပဲ။ ခွေးတွေက ခြေထောက်ကို ကိုက်ခဲတာမဟုတ်ဘဲ မျက်နှာနဲ့ လည်ပင်းကို ခုန်ဟပ်ကိုက်ခဲကြတယ်။ ဒါကြောင့် ညောင်နှစ်ပင် တစ်နယ်လုံးဟာ “ဦးရွှေအ” တို့ မိသားစု ဆွေမျိုးတစ်စုကို ပြန်မလှန်ရဲကြဘဲ ငုံ့ခံနေကြရပါတော့တယ်။ ဒီလိုတွေ ဖြစ်လာအောင် နောက်ကွယ်က ထိန်းချုပ်ညွှန်ကြားနေတာက “ဒေါ်ဂွမ်း”ပဲ လို့ ပြောဆိုတာ ရှိပေမဲ့ ဘယ်သူမှ အတိအကျ မပြောနိုင်ကြပါဘူး လေ။
အဲသလို “ဦးရွှေအ” နဲ့ “ရွှေဂွမ်း” ခွေးတပ်ကြီးကို အရေးယူ နှိမ်နင်းဖို့ ဆိုတာ ဘယ်သူမှ မစဉ်းစားရဲအောင် ဖြစ်နေခဲ့ပေမဲ့ “ကာလဝိဘက်နောက်ပိုးတက်” ဆိုသလို ညောင်နှစ်ပင်ရွာမှာ ခွေးရူးနှိမ်နင်းပွဲကြီး ပေါ်ပေါက်လာမှာကိုလည်း ဘယ်သူမှ မသိနိုင်ခဲ့ကြဘူးပေါ့။
အခန်း (၃)
“ဟေ့.. ဖိုးထောင်...၊ ဘယ်သွားမလို့လဲကွ”
“ရွာမြောက်ပိုင်းက ဘကြီးညိုဆီ ဗေဒင်သွားမလို့ ဌေးမောင်ရေ၊ ညက အိပ်မက် မကောင်းဘူး... “ရွှေဂွမ်း” ခွေးတွေ ဝိုင်းဆွဲတယ် လို့ အိပ်မက်,မက်လို့ကွ။ မင်းရော.. ဘယ်လဲ၊ ဘာလုပ်မလို့လဲ”
“ငါ့လည်း အဲဒီခွေးကိုက်ခံရလို့ကွာ။ ဒါပေမဲ့ လျှပ်ထိသွားတာမို့ တော်သေးတာပေါ့ ကွာ။ ငါ ကံနိမ့်နေလို့လား မသိဘူး ဟကောင်ရေ”
“ဟုတ်လား...၊ ဒါဆို ငါနဲ့ အတူ ဘကြီးညိုဆီသွားကြရအောင်... လိုက်ခဲ့ကွာ၊ မင်းလည်း ဇာတာစန်းလဂ် စစ်ဆေးကြည့် ပါလား”
ခွေးကိုက်ခံရသူနဲ့ ခွေးတွေ ဝိုင်းဆွဲခံရတယ် လို့ အိပ်မက်,မက်သူ နှစ်ယောက်ဟာ ရွာအလယ်ပိုင်းရှိ အလွန်ကျယ်ဝန်းတဲ့ “ဦးရွှေအ” ခြံရှေ့က ဖြတ်အလျှောက်မှာတော့... မည်းနက်ညိုမှောင်နေတဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီးရယ်၊ ခိုင်ခန့်မြင့်မားတဲ့ ခြံစည်းရိုးမြင့်မြင့်ကြီးတွေကြောင့် သူတို့ဟာ သေးငယ်ကျုံ့ဝင်သွားသလို ခံစားလိုက်ကြရတယ်။ ‘တဂီးဂီး’ ‘တဂဲဂဲ’ နဲ့ မာန်ဖီ နေတဲ့ ခွေး ၅ ကောင်က စည်းရိုးအတွင်းကနေ လှမ်းဟိန်းနေတယ်။ နှစ်ဆောင်ပြိုင်အိမ်ကြီးထဲကလည်း ငိုညည်းသံသဲ့သဲ့ ထွက်ပေါ်လာသလို အမျိုးသမီးတစ်ယောက်ရဲ့ ခပ်စူးစူး တဟီးဟီး ရယ်သံလည်း တစ်ဆက်တည်း ပေါ်လာတယ်။
“ဟေ့ကောင်ရေ... ဘာသံကြီးလဲ မသိဘူး၊ ကျောချမ်းလာပြီ၊ မြန်မြန်သွားကြရအောင်...၊ အဲဒီခွေးတွေရဲ့ မျက်စေ့ကို မကြည့်မိစေနဲ့။ စပါးကြီးမြွေတွေလို အညှို့ထားခံရနိုင်တယ် တဲ့”
“ဟုတ်တယ်ကွ...၊ ဒေါ်ဖွားခင် မြေးမလေးလည်း “ရွှေဂွမ်း” ခွေးတွေ ထွက်ဆွဲတာ မျက်စေ့တစ်ဖက် ကန်းသွားပြီး ခြေသလုံး တစ်ဖက်လည်း အသားတွေ ပြတ်ပါသွားပါရောလား။ မြေးအဖွား နှစ်ယောက်ခမျာ ဒုက္ခိတတွေ ဖြစ်ကုန်ရောပဲ”
ခွေးတွေက လမ်းသွားလမ်းလာတွေကို မာန်ဖီနေတတ်တာကြောင့် “ဦးရွှေအ” ရဲ့ ခြံနားက ဖြတ်သွားဖြတ်လာ လုပ်ဖို့ ရွာသားတွေ အလွန် ဝန်လေးကြတယ်။ သူတို့ အနေနဲ့ မတတ်သာမှသာ ဖြတ်သွားဖြတ်လာ လုပ်ကြတယ်။ သူတို့ သွားလာတိုင်းလည်း ခွေးတွေရဲ့ ‘တဟဲဟဲ’ မာန်ဖီသံတွေက သူတို့ကို ကေျာချမ်းကြောက်ရွံ့စေပါတော့တယ်။
ကောလာဟလ တစ်ခုကလည်း ညောင်နှစ်ပင်ရွာ အပါအဝင် တစ်နယ်လုံးမှာ ထွက်ပေါ်လာပြန်တယ်။ “ဦးရွှေအ” ရဲ့ သမီး နှစ်ယောက်က သိုက်က, လာသူတွေ ဖြစ်လို့ သူတို့ကို စောင့်ရှောက်ဖို့ ခွေးအစောင့်တွေ ပါလာတာ ဖြစ်တယ်၊ သူတို့ အမေ “ဒေါ်ဂွမ်း” က အောက်လမ်းအတတ်ကို ဝမ်းတွင်းပါ တတ်မြောက်သူ ဖြစ်လို့ ဘုရားကျောင်းကန် သွားလာနိုင်တာ ဖြစ်တယ်” စသဖြင့် အတည်ပြုဖို့ ခက်တဲ့ အကြောင်းအရာတွေပါ။
“ဦးရွှေအ”နဲ့ သားနှစ်ယောက်ကိုသာ ရပ်ရွာထဲမှာ မကြာမကြာ တွေ့မြင်ရတတ်ပေမဲ့ “ဒေါ်ဂွမ်း” နဲ့ သမီး နှစ်ယောက်ကိုတော့ သူတို့ ပြုပြင် တည်ထားကိုးကွယ်တဲ့ ရာဇဓနီ စေတီရဲ့ စိန်ဖူးတော်ကို မိုးကြိုးပစ်ခံရပြီး ပြိုကျ ပျက်စီးခဲ့တဲ့ နောက်ပိုင်း လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။ “ဦးရွှေအ” ကိုလည်း တနယ်လုံးက “ဘဝချဉ်မြင်းတလားကြီး” လို့လည်း ရှုတ်ချ ပြောဆိုကြသလို “ခွေးတပ်မှူးကြီး” လို့လည်း ပြောလာကြတယ်။
တစ်နေ့မှာတော့ ညောင်နှစ်ပင်ရွာကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြု ဖော်ထုတ် ရေးသားနေတဲ့ နာမည်ကြီး သတင်းသမား တစ်ဦးဟာ ညောင်နှစ်ပင်ရွာအနီးက ကြေးနီသတ္တုတွင်း အကြောင်းကို လေ့လာစုံစမ်း ဖော်ထုတ်ရေးသားဖို့ ရောက်လာ တယ်။ ထုံးစံအတိုင်း ရွာလူကြီး “ဦးရွှေအ” အိမ်မှာပဲ တည်းခိုရတာပေါ့။ သူ့ရဲ့ မူလရည်ရွယ်ရာက သတ္တုတွင်းကိစ္စ ဖြစ်ပေမဲ့ “ရွှေဂွမ်း” ခွေးတပ်ကြီးကို မမျှော်လင့်ဘဲ တွေ့လိုက်ရတော့... အံ့အားတသင့် ဖြစ်သွားရတယ်။ ပြီးတော့ ဒီခွေးတွေကို မွေးမြူပုံ စနစ်ကျနမှု ရှိ/ မရှိ၊ အိမ်မွေးခွေး မွေးမြူတဲ့ အခါ သတ်မှတ်ထားတဲ့ စည်းကမ်းချက်၊ ကန့်သတ်ချက်တွေ အပါဝင် သဘာဝဝန်းကျင်ရေးရာနဲ့ တရားဉပဒေ စိုးမိုးရေး ဆိုင်ရာတို့နဲ့ ဆက်စပ်ချဉ်းကပ် ရေးသားဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။
အခန်း (၄)
“ဦးရွှေအ” ရဲ့ “ရွှေဂွမ်း”ခွေးအုပ်ကြီးနဲ့ ပတ်သက်ပြီး ဩဇာကြီးမားတဲ့ မီဒီယာကြီး တစ်ခုကနေ ပုံနှိပ်စာစောင်မှာရော၊ အွန်လိုင်း စာမျက်နှာမှာရော စေ့စေ့စုံစုံ ဖော်ပြပြီးတဲ့ နောက်မှာတော့ ညောင်နှစ်ပင် ရွာမှာ ဝေဖန်သံတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာတယ်။ ညောင်နှစ်ပင်ရွာမှာ ခွေးကိုက်ခံရပြီး နှစ်စဉ် သေဆုံးသူ ၁၅ ဦးကနေ ဦးရေ ၂၀ အထိ ရှိကြောင်း၊ ခွေးတွေက တဆင့် ရောဂါကူးစက်မှုဟာလည်း လူ ၃၀ လောက်အထိ ရှိကြောင်း၊ “ဦးရွှေအ” ရဲ့ အလွန် များပြားတဲ့ ခွေးတွေကို ကန့်သတ် ထိန်းသိမ်းသင့်ကြောင်း၊ သို့မဟုတ်ပါက ခွေးဦးရေ ပေါက်ကွဲလာမှုကြောင့် ခွေးတွေ အတွက် အစားအသောက်လည်း နည်းပါးရှားပါးလာကာ ၎င်းတို့က လူအပါအဝင် အခြား တိရစ္ဆာန်တွေကို ကြီးမားတဲ့ အန္တရာယ် ပေးလာနိုင်ကြောင်း စသဖြင့် သုံးသပ်ရေးသားတင်ပြထားတယ်။
သဘာဝ ဝန်းကျင်နဲ့ တရားဥပဒေ စိုးမိုးရေး လှုပ်ရှားသူတွေက “ခွေးတွေကို မွေးချင်ရင် စနစ်တကျ မှတ်ပုံတင်ရမယ်၊ တိရစ္ဆာန်ဆေးကု ဆရာဝန်နဲ့ ပုံမှန်ပြသရမယ်၊ အကောင်ရေနဲ့ ကျွေးမွေးတဲ့ အစားအစာ စနစ်တကျ ရှိရမယ်” လို့ ထောက်ပြ ကြပြီး “ဦးရွှေအ”နဲ့ မိသားစုက စည်းကမ်းဥပဒေ ချိုးဖောက်တာပဲ။ ဒါကြောင့် ဒီကိစ္စကို အရေးယူသင့်တယ်” လို့ ပြောဆိုတယ်။
နောက်ပြီး ခွေးကိုက်ခံခဲ့ရသူ တချို့ကလည်း ဒီ “ရွှေဂွမ်း” ခွေးတွေက အမြဲသွေးဆာနေတယ်၊ သူတို့ခြံထဲကို လူမပြောနဲ့ ကြက်တွေ၊ ငှက်တွေ မတော်တဆ ဝဲပျံမိရင်တောင် ခွေးတွေက ခုန်ဟပ်ကိုက်ခဲပြီး စားပစ်တတ်ကြတယ်၊ အန္တရာယ် ရှိတဲ့ ဒီခွေးတွေကို သုတ်သင်ပစ်သင့်တယ်” လို့ ပြောတယ်။
ဘာသာရေး သမားလိုလို၊ ဘာလိုလို တိရစ္ဆာန်အခွင့်အရေး ဆိုပြီး မျှစား ဝေစား ယောင်ဝါးတွေကလည်း “သတ္တဝါဆိုတာက ကိုယ်က သနားမှ သူတို့ ချမ်းသာရတာ။ သူတပါး အသက်ကို မသတ်သင့်ဘူး၊ မသတ်ရဘူး။ သူတို့ကို ကယ်တောင် ကယ်တင်သင့် တာပါ” လို့ ပြောလား ပြောရဲ့။ တကယ်တော့ သူတို့ဟာ “ရွှေဂွမ်း” ခွေးတွေရဲ့ မာန်ဖီကိုက်ခဲမှုကို မခံရဖူးတဲ့ သူတွေပါ။ သို့ပေမဲ့ သူတို့နဲ့ ပတ်သက်တဲ့ မိသားစု ဆွေမျိုးဝင်တချို့ ခွေးကိုက်ခံရတော့မှ “မတရားမှုကို လက်ပိုက်ကြည့်နေရင် တစ်နေ့မှာ အဲဒီ မတရားမှုက လက်ပိုက်ကြည့်နေသူဆီ ရောက်လာမှာပဲ” ဆိုပြီး လေသံပြောင်းလာကြတဲ့ သူတွေလည်း ရှိတယ်။
“ဒီခွေးတွေကို အဆိပ်ကျွေးသုတ်သင်ပစ်ရမယ်၊ ဒီလောက်များပြားတဲ့ အရေအတွက် မရှိသင့်ဘူး၊ ဒီအရေအတွက်ကို မလျှော့ချ နိုင်ရင်တော့ ခွေးတွေရဲ့ လွှမ်းမိုးမှုအောက် တနယ်လုံး ရောက်သွားနိုင်တယ်” လို့ ဝေဖန်အကြံပြုတာလည်း ရှိတယ်။
အဲဒီမှာ ခွေးချစ်သူများ အသင်းက ဒေါ်ခွေးချစ်များကလည်း “အမလေး... တီတီလေးတေွကို မသတ်ပါနဲ့။ တီတီလေးတွေ ရှင်သန်ရေး တို့အရေး တို့အရေး” ဆိုပြီး လမ်းပေါ်ထွက်ဖို့ လုပ်လာကြသလို ဘာသာရေး ဆရာတချို့ကလည်း ဒီထက် အရေးကြီးတဲ့ ဘာသာရေး ဟောညွှန်စရာ မရှိတော့တဲ့ အလား “ခွေးစာကျွေးခြင်းရဲ့ ကုသိုလ်ထူးများ၊ ကုသိုလ်ထူးဖို့ ခွေးကျွေးစို့” စဖြင့် အကျယ်ဝိတ္တာရ ချဲ့ကားပြောဆိုနေကြတယ်။ သို့ပေမဲ့... သူတို့နဲ့ မိသားစုဆွေမျိုးတွေရဲ့ အကျိုးစီးပွား မထိခိုက်သေးချိန် အထိသာ ဒီလို ပြောဆိုကြတာပါ...၊ အကျိုးစီးပွားကို ထိခိုက်လာတဲ့ အခါမှာတော့ သူတို့လည်း လေသံလည်း ပြောင်း၊ ဘက်လည်း ပြောင်းသွားကြပါတော့တယ်။
ညောင်နှစ်ပင်ရွာက “ခွေးဆိုးနှိမ်နင်းပွဲကြီး” ဆင်နွှဲဖို့ လိုလားသူတွေ ရှိသလို မလိုလားတဲ့ သူတွေလည်း ရှိတယ်။ အထူးသဖြင့် “ဦးရွှေအ” ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေက ခွေးတွေကို ကန့်သတ်တာမျိုး မလိုလားကြပါ။ သို့သော်... တစ်လ အတွင်း လူ ၁၀၀ ကျော်ကို ကိုက်ခဲ သတ်ဖြတ်မှုမှု ဖြစ်စဉ် ပေါ်ပေါက်လာပြီးနောက် “ခွေးဆိုး နှိမ်နင်းပွဲကြီး” ကို မဖြစ်မနေ လုပ်ဆောင်ဖို့ ဖြစ်လာရပါတော့တယ်။
အခန်း (၅)
ခွေးဆိုးတွေကို နှိမ်နင်းဖို့ ထိပ်ဆုံးက ဦးဆောင်နေသူတွေက ဖိုးထောင်နဲ့ ဌေးမောင်တို့ လူငယ် ၂ ယောက်ပေါ့။ ညောင်နှစ်ပင်ရွာ အပါအဝင် အနီးနားရွာတွေက လူငယ်တွေကို စည်းရုံးပြီး ခွေးဆိုးနှိမ်နင်းရေးကို ဆော်ဩကြ လှုံ့ဆော်ကြတယ်။ ဒါပေမဲ့... “ဦးရွှေအ” တို့ဘက်ကလည်း သူတို့ အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ဟန့်တားဖို့ “ရွှေဂွမ်း” ခွေးတွေဟာ “နတ်ခွေးတွေ” ဖြစ်တဲ့ အကြောင်း၊ သူတို့ကို သတ်ဖြတ်လို့ မရကြောင်း၊ အကယ်၍ သတ်ဖြတ်မိရင် “နတ်အကိုင်” ခံရမှာ ဖြစ်ကြောင်း ကောလာဟလတွေ လွှင့်တယ်။
ဒါပေမဲ့ ခွေးဆိုးတွေကို နှိမ်နင်းဖို့ အတွက် လှုပ်ရှားမှုတွေကတော့ အရှိန်အဟုန်မပျက် အားကောင်းလာတယ်။ ဌေးမောင်နဲ့ ဖိုးထောင်တို့ဟာ ညောင်နှစ်ပင်ရွာက လူငယ်အင်အားနဲ့ ခွေးဆိုးနှိမ်နင်းဖို့ မဖြစ်နိုင်တဲ့ အတွက် မုဆိုးတွေ ငှားရမ်းဖို့ အလယ်ပဲခူးရိုးမပေါ်၊ အနောက်ရိုးမတောင်တန်းပေါ်၊ အရှေ့ရှမ်းကုန်းမြင့်တွေပေါ် အထိ သွားရောက် အကူအညီတောင်း ငှားရမ်းကြရတယ်။
ညောင်နှစ်ပင်ရွာကို ရောက်လာကြတာက နာမည်ကြီး မုဆိုးကျော် ၇ ဦးဖြစ်ပြီး သူတို့ဟာ တူမီးသေနတ် ကိုင်စွဲသူ၊ ဒူးလေး ကိုင်စွဲသူ၊ ကိုင်းလေးကိုင်စွဲသူ၊ မှုတ်ပြောင်းကိုင်စွဲသူ၊ ညွတ်ကွင်းထောင်ချောက် ကျွမ်းကျင်သူ အပါအဝင် ဓားပေါက်နဲ့ လှံတံပစ် ကျွမ်းကျင်သူတွေ ဖြစ်ပါ သတဲ့။ လူငယ်တွေကိုလည်း အချိန်တိုအတွင်း တိုက်ခိုက်ရေးနဲ့ ခုခံရေးမှာ ကျွမ်းကျင်မှု ရှိစေရေး အပြင်းအထန် လေ့ကျင့် ပေးတယ်။ ခွေးတွေရဲ့ သဘာဝ၊ ခွေးတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း ပို့ချသင်ကြား ပေးတယ်။ သို့ပေမဲ့ “ရွှေဂွမ်း” ခွေးတပ်ကြီးကို နှိမ်နင်း အောင်မြင်နိုင်ပါ့မလား လို့ စိုးရိမ်သူတွေလည်း ရှိနေတာပေါ့။
ဌေးမောင်နဲ့ ဖိုးထောင်တို့ဟာ ရွာသား လူငယ်တွေကို ဦးဆောင်ပြီး မုဆိုးကျော်တွေနဲ့ အသေးစိတ်ဆွေးနွေးတယ်။ တိကျတဲ့ အစီအစဉ်တွေ ရေးဆွဲတယ်။ မဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်တယ်။ ပြီးတော့မှ အစီအစဉ်အတိုင်း တသွေမတိမ်း လုပ်ဆောင်ဖို့ စီစဉ်တယ်။ ပြီးတော့ သူတို့ အဖွဲ့ကို “ခွေးဆိုးနှိမ်နင်းရေးတပ်ဖွဲ့” လို့လည်း အမည်ပေးတယ်။
အဲဒီအချိန်မှာပဲ “ဦးရွှေအ” တို့ကလည်း ခွေးတွေကို အပြင်းအထန် လေ့ကျင့်ပေးတယ်။ အထူးသဖြင့် ရန်သူနဲ့ တွေ့တဲ့ အခါ ဒေါသတကြီးနဲ့ သွေးဆာပြီး ရက်ရက်စက်စက် တိုက်ခိုက်အောင်လို့ ခွေးတွေကို အစာဝဝလင်လင် မကျွေးဘဲ ထားတယ်။
ဒီလိုနဲ့ ဖိုးထောင်နဲ့ ဌေးမောင်တို့ ဦးဆောင်ပြီး ခွေးဆိုးနှိမ်နင်းရေးနေ့ကို အပြီးသတ် သတ်မှတ်နိုင်ခဲ့ကြတယ်။ သို့ပေမဲ့ အတိအကျ မထုတ်ပြန်သေးဘဲ ထားထားတယ်။ အကြောင်းက တစ်ဖက်ရန်သူ “ဦးရွှေအ” တို့ မသိရှိ၊ မရိပ်မိစေဖို့ပေါ့။ သူတို့ အဖွဲ့ဟာ လတ်တလောအစီအစဉ် အနေနဲ့ “ဦးရွှေအ” ရဲ့ လယ်တော၊ ယာတောနဲ့ ဥယျာဉ်ခြံတချို့ကို တိတ်တဆိတ်နဲ့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီမှာက ခွေးတပ်အင်အား အနည်းငယ်ပဲ ရှိတာကြောင့်ပါ။ ထူးခြားတာက “ဦးရွှေအ” အစောင့်ခိုင်းထားတဲ့ အထဲမှာ လူရယ်လို့ တစ်ဦးတစ်ယောက်မှ မပါဘဲ ခွေးတွေချည်း ဖြစ်နေတာပါပဲ။ စုစုပေါင်း ခွေးဆိုး ၇ ကောင်ကို သုတ်သင်နိုင်ခဲ့တာကြောင့် မုဆိုးကြီး ၇ ဦးအတွက် တစ်ယောက် တစ်ကောင်စီ ခွဲဝေယူကြတယ်။
ဒီလိုနဲ့ သူတို့ သတ်မှတ်ထားတဲ့ ခွေးဆိုးနှိမ်နင်းရေးနေ့က တဖြည်းဖြည်းနီးလာပြီ။ “ဦးရွှေအ” နဲ့ ခွေးတပ်ကြီးရှိနေတဲ့ နှစ်ဆောင်ပြိုင် အိမ်ကြီးနဲ့ ခြံတစ်ခုလုံးကို ဝိုင်းဝန်းဖို့လည်း အသေးစိတ် စီစဉ်ထားပြီးကြပြီ။ အဲဒီအချိန်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ သတင်းတစ်ခုက “ဦးရွှေအရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေ၊ တပည့်တွေနဲ့ ခွေးတပ်ကြီးဟာ ညောင်နှစ်ပင်ရွာကနေပြီး ‘ကြတ်ပြေး’ တောအုပ်ထဲကို ပြောင်းရွှေ့သွားပြီ” ဆိုတာပါပဲ။
ညောင်နှစ်ပင်ရွာမှာ ဖွဲ့စည်းလိုက်တဲ့ ခွေးဆိုးနှိမ်နင်းရေးအဖွဲ့ကို အနီးအနားရွာတွေက လူငယ်တွေလည်း လာရောက် ပူးပေါင်းလာသလို ‘ကြတ်ပြေး’ တောအုပ်ရဲ့ အနီးဝန်းကျင်ရှိ ရွာတွေက လူငယ်တွေလည်း ခွေးဆိုးနှိမ်နင်းရေး အဖွဲ့နဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းလာကြတယ်။ အကြောင်းက သူတို့ကိုလည်း “ရွှေဂွမ်း” ခွေးဆိုးတွေရဲ့ နှိပ်စက်မှု၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေ မကြာခင် ခံလာရနိုင်တာကို သိရှိလာလို့ ဖြစ်တယ်။ ဒါကြောင့် ခွေးဆိုးနှိမ်နင်းရေးအဖွဲ့ဟာ တစ်နယ်လုံး၊ တစ်ရပ်လုံး အထိ ကျယ်ပြန့်လာပြီး “ခွေးဆိုးတွေကို အမြစ်ပြတ် သုတ်သင်ရေး” အထိ ကျယ်ပြန့်သွားပါတော့တယ်။
အခန်း (၆)
“ဦးရွှေအ” ဟာ သူတို့ရဲ့ လုံခြုံရေး အတွက် ‘ကြတ်ပြေး’ တောအုပ်ထဲမှာ လိုဏ်ခေါင်းတူးပြီး နေထိုင်တဲ့ အကြောင်း၊ ခွေးတွေ ကိုလည်း တောအုပ်ဝန်းကျင်ကို လွှတ်ပေးထားကြောင်း၊ ခွေးတွေကို အဝေးထိန်း စနစ်တစ်ခု သုံးပြီး ထိန်းချုပ်နေကြောင်း၊ ခွေးတွေကို “ရူးဆေး” ပါ ကျွေးထားကြောင်း စတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတယ်။
“ရူးဆေး” ကျွေးခံထားရတဲ့ ခွေးဆိုးတွေဟာ အဲဒီ တောအုပ်ထဲမှာသာမက အနီးနားရှိ ရွာတွေထဲ အထိ ဝင်ရောက်ပြီး ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ်တွေသာမက လူငယ်တွေ၊ ကလေးတွေကိုတောင် ကိုက်ခဲသတ်ဖြတ် နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သတင်းတွေ လည်း ထွက်ပေါ်လာတယ်။ တစ်နယ်လုံး တစ်ရပ်လုံးက လူတွေလည်း ခွေးတွေကို မုန်းတီး ထိတ်လန့် နေကြပြီ။
“ဦးရွှေအ” ရဲ့ နှစ်ပေါင်းများစွာ ကြီးစိုးမှုအောက်မှာ ဆင်းရဲမွဲတေနေပြီး လုံခြုံမှု ကင်းမဲ့တဲ့ အခြေအနေကို ပြန်တွေးမိတိုင်း စိုးရိမ်ထိတ်လန့်စိတ်က ပိုမိုလွန်ကဲတာကြောင့် နောက်ဆုံးမှာ ညောင်နှစ်ပင်နဲ့ အနီးနားရွာတွေ အပါအဝင် ‘ကြတ်ပြေး’ တောအုပ် အနီးဝန်းကျင်ရှိ ရွာတွေက လူတွေဟာ “ခွေးဆိုးများ နှိမ်နင်းရေး တို့အရေး၊ တို့အရေး”၊ “ခွေးဆိုးဟူသမျှ တိုက်ထုတ်ကြ တိုက်ထုတ်ကြ”၊ စတဲ့ ရဲရဲတောက်တောက် ကြွေးကြော်သံတွေနဲ့ လမ်းပေါ်ထွက် စုရုံးလာကြတယ်။ ပြီးတော့ ခွေးဆိုးနှိမ်နင်းရေး အစီအစဉ်တွေမှာ ပါဝင်လာကြတယ်။ တစ်နယ်လုံး တစ်ရပ်လုံးက လူတွေရဲ့ စည်းလုံးမှုနဲ့ ရဲရင့်မှုကို “ဦးရွှေအ” နဲ့ သူ့ရဲ့ အပေါင်းအပါ ဆွေမျိုးတွေရော ခွေးတပ်ကြီးကပါ စိုးရိမ်လာတယ်။
ဒါကြောင့် “ဦးရွှေအ” က သူ့ရဲ့ ခွေးတပ်ကြီးကို အသုံးပြုပြီး ခွေးဆိုးဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းသတ်ဖြတ် တာတွေ၊ ဖမ်းဆီးပြီး ခွေးစာကျွေးတာတွေ ပြုလုပ်လာတယ်။ လူတွေ ကြောက်ရွံ့ပြီး ဆန့်ကျင်တာတွေ မလုပ်ရဲတော့အောင် ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် လုပ်ဆောင်ပြတာပါ။ သို့ပေမဲ့ ခွေးဆိုးဆန့်ကျင်ရေး လှုပ်ရှားမှုတွေက လျော့နည်း မသွားဘဲ ပိုပိုပြီးသာ တိုးလာတယ်။ “ဦးရွှေအ” ဘာလုပ်မလဲ? ဘာတွေ ဆက်ဖြစ်လာမလဲ?
ဒီလိုနဲ့ တစ်နေ့မှာတော့ ညောင်နှစ်ပင်ရွာကို ထူးဆန်းတဲ့ အဖိုးအိုတစ်ဦး ရောက်လာတယ်။ ထူးဆန်းတယ် ဆိုတာက အဖိုးအိုဟာ ရောက်လာကတည်းက ရွာဦးရှိ ဇရပ်လေးမှာ နေထိုင်ပြီး နေ့ရောညပါ တရားထိုင်နေတာကိုပဲ မြင်တွေ့နေရတာ သီတင်း ၁ ပတ်နီးပါး ရှိပြီ ဖြစ်လို့ပါ။ ဒါကြောင့် ရွာသားတချို့က “ရွှေဂွမ်း” ခွေးအုပ်ကြီးရဲ့ ကိုက်ဖြတ်နှိပ်စက်မှု ခံရမှာ စိုးရိမ်ကြတဲ့ အတွက် ရွာထဲက လုံခြုံရာ အိမ်တွေမှာ နေထိုင်ဖို့ အဖိုးအိုကို တိုက်တွန်းခေါ်ဆောင်ကြတယ်။
သို့ပေမဲ့ အဖိုးအိုက လက်မခံဘဲ “ခွေးဆိုတာ ကြောက်စရာ မဟုတ်ဘူးကွဲ့၊ သစ္စာရှိပြီး ချစ်စရာကောင်းတဲ့ သတ္တဝါ မဟုတ်လား။ ဒါပေမဲ့ ခွေးရူးဆိုရင်တော့ ဘာမှ မသိတော့ဘဲ တွေ့ရာကိုက်တတ်တာမို့ ကြောက်စရာကောင်းတယ် လို့ ပြောနိုင်ပါရဲ့လေ။ သို့သော်လည်း အဖိုးမှာ ခွေးရူးပျောက်ဆေး ဖော်စပ်ထားပါတယ်။ အရူးပျောက်သွားတဲ့ ခွေးက အန္တရာယ် မရှိတော့ပါဘူးကွယ်” လို့ ပြန်ပြောတယ်။
“ရိုးရိုးခွေး ရူးတာမျိုးဆိုရင်တာ့ အဖိုးဆေးက ပျောက်ချင် ပျောက်မှာပါ။ ဒါပေမဲ့ ‘ရွှေဂွမ်း’ ခွေးတွေကတော့ မလွယ်ဘူး ထင်တယ် အဖိုး။ ဒီအကောင်တွေက အသိဉာဏ်မြင့်တဲ့ ခွေးမျိုးစိတ်တွေ ဖြစ်ပြီး ရူးအောင်စနစ်တကျ သင်ပေးထားတာ၊ ‘ရူးဆေး’ လည်း ထိုးပေးထား၊ ကျွေးထားတာ ခင်ဗျ။ ဒါကြောင့်... အဖိုးကို ရွာထဲမှာ လာနေပါလို့... ကျနော်တို့က စိတ်မချ နိုင်ဘဲ ပြောနေရတာပါ။ ပြီးတော့ ခွေးတွေကို အဖိုးက အရူးပျောက်ဆေး ကျွေးဖို့ ဆိုတာလည်း ဘယ်လို မဖြစ်နိုင်ဘူး ခင်ဗျ” လို့ လူငယ်တစ်ယောက်က ရှင်းပြတယ်။
လူငယ်ရဲ့ စကားကို နားထောင်ပြီး အဖိုးအိုက “ကောင်းပြီလေ၊ အဖိုး ရှင်းပြမယ်။ အဖိုးဖော်စပ်ထားတဲ့ ခွေးရူးပျောက်ဆေးက နှစ်မျိုးကွဲ့။ တစ်မျိုးက အရည်၊ နောက်တစ်မျိုးက အမှုန့်။ အရည်နဲ့ ခွေးရဲ့ မျက်စေ့၊ နား၊ နှာခေါင်းနဲ့ ပါးစပ်ထဲ ဝင်သွားပြီ ဆိုရင်ပဲ ဖြစ်ဖြစ်၊ အမှုန့်တွေကို ရှူမိသွားရင်ပဲ ဖြစ်ဖြစ် ဆေးတိုက်ပြီးသား... ဆေးကျွေးပြီးသား ဖြစ်သွားတာပဲကွဲ့။ ဆေးရေ ဆေးမှုန့်ဝင်သွားတဲ့ ခွေးဟာ ၂ နာရီလောက် အိပ်ပျော်သွားမယ်၊ ပြန်နိုးလာတဲ့ အခါ မူလခွေး အတိုင်း ပကတိ ကောင်းမွန်သွား လိမ့်မယ်။ ဒါကြောင့် ဒီလို လုပ်ပါ...၊ ခွေးဆိုးနှိမ်နင်းရေးအဖွဲ့က ဦးဆောင်သူတွေ ခေါ်လာပေးကွယ်” လို့ ပြောလိုက်တယ်။
ဒီလိုနဲ့ ညပိုင်းမှာ ဌေးမောင်နဲ့ ဖိုးထူး အပါအဝင် မုဆိုး ၇ ဦးတို့ ရောက်လာကြပြီး ခွေးနှိမ်နင်းရေး အတွက် အဖိုးအိုနဲ့ တိတ်တဆိတ် ထပ်မံတိုင်ပင်ကြတယ်။ အဖိုးအိုက အဖွဲ့ ၃ ဖွဲ့ခွဲပြီး တာဝန်ပေးတယ်။ ပထမ အဖွဲ့က ခွေးအရေအတွက် အတိအကျနဲ့ သူတို့ကို ထားထားတဲ့ နေရာဝန်းကျင်ကို အနီးကပ်ဆုံးခန့်မှန်း ထောက်လှမ်းဖို့ ဖြစ်တယ်။ အဲဒီအဖွဲ့ကို ဌေးမောင်၊ ဖိုးထူးနဲ့ မုဆိုးတစ်ဦးတို့က တာဝန်ယူဖို့ ဆုံးဖြတ်တယ်။ ဒုတိယအဖွဲ့နဲ့ တတိယ အဖွဲ့က ခွေးရူးဆေး အမှုန့် ဖော်စပ်ဖို့နဲ့ အရည်ဖော်စပ်ဖို့ အတွက် တောကျွမ်းပြီး ဆေးဘက်ဝင် သစ်ဥ, သစ်ဖု, ဆေးမြစ်, အရွက်, အခေါက်တွေ အကြောင်း နားလည်ရှာဖွေ စုဆောင်းနိုင်တဲ့ မုဆိုးတေွက တာဝန်ယူကြတယ်။
သူတို့ရဲ့ ဆွေးနွေးမှု ပြီးသွားတဲ့ အချိန်မှာပဲ အဝေးတစ်နေရာက ခွေးတစ်ကောင်ရဲ့ အူသံရှည်ကို စိတ်ခြောက်ခြားဖွယ် ကြားလိုက် ကြရတယ်။ နံရံတစ်ဖက်ကာ ဇရပ်လေး ထဲမှာ ထွန်းထားတဲ့ မှိန်ပျပျ ဖန်မီးအိမ်လေးကို ချက်ချင်းငြှိမ်းသတ် လိုက်ကြပြီး သူတို့ အားလုံး ငြိမ်သက်စောင့်ကြည့်နေချိန်မှာပဲ လူ ၃ ယောက် ကြောက်လန့်တကြား ပြေးလွှားလာတာကို ကြယ်အလင်းရောင် မှုန်ရီရီအောက်မှာ တွေ့လိုက်ရတယ်။
ဇရပ်ရဲ့ အလယ်ကောင်မှာတော့ အဖိုးအိုဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ နားစွင့်နေတယ်။ ဌေးမောင်က ဇရပ်ထုပ်တန်းပေါ် ရောက်နေပြီ ဖြစ်သလို တခြားမုဆိုးတွေလည်း အသီးသီးနေရာယူပြီးသား ဖြစ်နေကြတယ်။ ဖိုးထူးက အဖိုးအို အနားမှာ ရပ်နေရင်းနဲ့ ပြေးလာသူတွေကို လှမ်းမေးတယ်။
“ဟေ့... ဘယ်သူတွေလဲ”
“ဟိုဘက် ထန်းပင်ကုန်းရွာက,ပါ။ ရွာကို ခွေးတွေဝိုင်းနေလို့ ဒီဘက်ကို ပြေးလာရတာပါ။ ကျုပ်တို့က ရွာပြင်စည်းရိုးပေါက်ကို ပိတ်ဖို့ ဆူးကိုင်းတွေ ဆို့နေတုန်း ခွေးတွေ ထိုးဆင်းလာလို့... အိမ်ဘက်ကို မပြေးနိုင်ဘဲ ခြေဦးတည့်ရာ ဒီဘက်ကို အသက်လု ပြေးခဲ့ရတာပါ”
“ဒါဆို... ရွာထဲကို မသွားနဲ့ ဇရပ်ထဲကို လာခဲ့”
“စိတ်ချရပါ့မလားဗျာ။ ခွေးတွေက တအားမြန်တာဗျ နော်”
ဖိုးထူးက ဖန်မီးအိမ်လေးကို ပြန်ထွန်းတယ်။ ဇရပ်လေးထဲမှာ အနည်းငယ် လင်းချင်း သလို ဖြစ်လာတယ်။ ဒါပေမဲ့ အရာအားလုံး သဲသဲကွဲကွဲတော့ မဟုတ်။ အဲဒီလူ ၃ ဦးလည်း ဇရပ်ထဲကို ခပ်သွက်သွက် ဝင်လာတယ်။
“ကျုပ်တို့က ခွေးဆိုး နှိမ်နင်းရေး အဖွဲ့ဝင်တွေပါ။ လာသာ လာခဲ့။ နေပါဦး...၊ ခွေး အကောင်ရေ ဘယ်လောက်များလဲ”
“အသေအချာတော့ မသိဘူးဗျ၊ ခန့်မှန်းရတာ ၅ ကောင် ဒါမှမဟုတ် ၇ ကောင်လောက် ရှိမယ်ဗျ”
“လူ ပါလာတာရော တွေ့သေးလား”
“မတွေ့မိဘူးဗျ။ သူတို့ ကိုယ်တွေကနေ တရွှီရွှီအော်နေတာတော့ ကြားမိတယ်”
အဖိုးက - “ဟန်ကျပြီဟေ့...၊ ဒီနေ့ညမှာတော့ ခွေးရူးနှိမ်နင်းပွဲ နောက်ထပ်ခြေလှမ်း တစ်ခု နိဒါန်းပျိုး အစပြုနိုင်တော့မယ်။ တိုက်ပွဲကို အခုချက်ချင်း စီစဉ်မှ ဖြစ်မယ်” လို့ သတိပေးပြောဆိုရင်းနဲ့ ဇရပ်ထောင့်တစ်နေရာမှာ ချထားတဲ့ အထုပ်နှစ်ထုပ်ကို သွားယူဖို့ ဖိုးထူးကို ခိုင်းတယ်။ ဖိုးထူးက အထုပ်တွေကို ယူလာရင်း အဖိုးအိုရှေ့ ချထားပေးပြီးချိန်မှာတော့... အဖိုးအိုက -
“ဒီညပွဲမှာ အမှုန့်သုံးတိုက်ပွဲ အရင်ဆုံး နွှဲဖို့ လိုတယ်။ လိုအပ်ရင် အရည်သုံးတိုက်ပွဲပါ နွှဲမယ်။ ကဲ... ဒီတော့ အမှုန့်သုံးပြီး ခွေးတွေရဲ့ မျက်စိ၊ နား၊ ပါးစပ်၊ နှာခေါင်းတွေထဲ ဝင်အောင်... မှုတ်ပြောင်းမုဆိုးကြီးက အရင်ဆုံး အစွမ်းပြရမယ်။ ပြီးမှ အရည်သုံး တိုက်ပွဲကို ထပ်ဆင့်မယ်။ အရည်သုံး တိုက်ပွဲအတွက် ဒူးလေးမုဆိုးကြီးနဲ့ ကိုင်းလေးမုဆိုးကြီးတို့က တာဝန်ယူပေးရမယ်။ တူမီးသေနတ် အပါအဝင် တခြား ဘယ်သေနတ်မှ အသုံးမပြုဖို့ တားမြစ်တယ်၊ လိုက်နာကြပါ” လို့ ပြောရင်း သတ်ကွင်းကို ဇရပ်ရှေ့က ကွင်းပြင်ငယ်ကိုပဲ သတ်မှတ်လိုက်တယ်။
အဖိုးအိုက မှုတ်ပြောင်းမုဆိုးကြီး နေရာယူရမယ့် နေရာ၊ ဒူးလေးမုဆိုးကြီးနဲ့ ကိုင်းလေးမုဆိုးကြီး နေရာယူရမယ့် နေရာတွေကို သေသေချာချာ သတ်မှတ်ပေးပြီး တခြားလူတွေကိုလည်း ဇရပ်ခေါင်မိုးပေါ်နဲ့ အနီးနားက သစ်ပင်မြင့်တွေပေါ်မှာ နေရာယူဖို့ ချထားပေးတယ်။ ဇရပ်ခေါင်မိုးပေါ်မှာ နေရာယူထားသူတွေ လက်ထဲမှာတော့ ဆေးရေတွေ ထည့်ထားတဲ့ ရေပူဖောင်းကြီး ၂ လုံးကို အသင့်ကိုင်ထားကြတယ်။
သူတို့အားလုံး အသင့်နီးပါး ဖြစ်နေချိန်မှာတော့ လ,ဆုတ်လ ကွေးကွေးလေးက တိမ်ပါးပါးတွေနောက်က တဖြည်းဖြည်း ထွက်ပေါ် လာသလို ဝန်းကျင်ကိုလည်း ညမျက်စေ့နဲ့ အထိုက်အလျောက် မြင်နိုင်တဲ့ အနေအထား ဖြစ်လာတယ်။ မမျှော်လင့်တဲ့ အဖြစ်အပျက် တစ်ခုက ‘တဂီးဂီး’ အော်မြည်ပျံဝဲလာတဲ့ ညငှက်တချို့ အသံတွေပါ။ ဇရပ်အနီးနားက ရေသဖန်းပင်ပေါ်ကနေ အော်နေတဲ့ သူတို့ အသံတွေက ဆူညံလွန်းလှပြီး အာရုံမစူးစိုက်နိုင်လောက်အောင် ဖြစ်စေတဲ့ အနေအထား။ သို့ပေမဲ့ ခဏအကြာမှာတော့... ဝီစီသံလို တရွှီရွှီ အော်မြည်သံတွေလည်း ကြားရော သူတို့ အသံတွေလည်း ရုတ်တရက် ပျောက်ကွယ်သွားတယ်။
ဝန်းကျင်တစ်ခုလုံးလည်း ငြိမ်သက်မှုကြီးက လွှမ်းခြုံသွားပြီး ခြောက်ခြားဖွယ် တိတ်ဆိတ်သွားတယ်။ အဲဒီအချိန်မှာပဲ သတ်ကွင်း အလယ်ကို ဘယ်လိုကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ အဖြူနဲ့ အနက်ကျား ခွေးကြီး တစ်ကောင်ရဲ့ ရုတ်တရက် မာန်ဖီသံ ကြားလိုက်ရတော့မှ ရန်သူဟာ ရှေ့လက်တကမ်း ရောက်နေတာကို သတိပြုမိလိုက်ကြတယ်။
အဖိုးအိုဟာ ဇရပ်အလယ်မှာ တည်တည်ငြိမ်ငြိမ် ရပ်ရင်းနဲ့ ခွေးကြီးကို လှမ်းကြည့်တယ်။ ခွေးကြီးရဲ့ စိမ်းတစ်ဖက် နီတစ်ဖက် မျက်စေ့တွေက ပါးနပ်စူးရှပြီး ရက်စက်မယ့်ပုံ အထင်းသား။ သူ့ကို မြင်သူတိုင်း ကြောက်ရွံ့နေကြသူတွေ ဖြစ်ပေမဲ့ အဖိုးရဲ့ ကြောက်ရွံ့မှု ကင်းတဲ့ တည်ငြိမ်မှု တွေ့လိုက်ရတော့ အံ့ဩစိတ် ဖြစ်နေတဲ့ ပုံလည်း ပေါ်နေတယ်။
တကယ်တော့ ခွေးတွေရဲ့ သဘာဝက တစ္ဆေတွေလိုပါပဲ...၊ ကြောက်ရွံ့သူ ရှိမှ ခြောက်လှန့်လို့ ရတာမျိုးပါ။ ဒါပေမဲ့ တစ္ဆေက ခြောက်လှန့်ရုံသာ ခြောက်လှန့်တတ်ပြီး ခွေးကတော့ ကြောက်တဲ့သူကို ခြောက်လည်း,ခြောက်၊ ကိုက်လည်း,ကိုက်တတ်တာ မျိုး မဟုတ်လား။
အဖိုးအိုက ခွေးကြီးကို ချော့မြှူတဲ့ ပုံနဲ့ အမိန့်တစ်ခုပေးလိုက်တဲ့ အခါ ရုတ်တရက် အငိုက်ခံရသလို ဖြစ်သွားတဲ့ ခွေးကြီးရဲ့ ခြောက်ခြားစရာ မာန်ဖီသံကြီးက ထပ်မံပေါ်ထွက်လာတယ်။ ကြောက်စရာအစွယ်ချွန်နဲ့ သွားဖွေးဖွေးတွေ ဖွားကနဲ ပေါ်လာချိန်မှာတော့ မှုတ်ပြောင်းမုဆိုးကြီးရဲ့ ပြောင်းဝ,က ဖွေးမှုန်မှုန် အမှုန့်တွေ ဖြာကနဲ ပန်းထွက်လာပြီး ခွေးကြီးရဲ့ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းနဲ့ နားတွေထဲ ရုတ်တရက် ဝင်သွားပါတော့တယ်။ ခွေးကြီးဟာ မွှန်ထူသွားပြီး တဖြည်းဖြည်း လေးကန် ဖင့်တွဲလာပြီး ခြေပစ်လက်ပစ် မေ့မျောသွားတယ်။ ခွေးကြီးရဲ့ လည်ပတ်ကနေ အမိန့်ပေးသံလိုမျိုး အသံတွေ ပေါ်ထွက်လာ ပေမဲ့ ခွေးကြီးက စက္ကန့်ပိုင်း အတွင်းမှာပဲ မေ့မျောသွားတယ်။
ခွေးကြီးရဲ့ လည်ပတ်ကို ဖြုတ်ယူဖို့ အလျင်အမြန် ချဉ်းကပ်သွားတဲ့ ဌေးမောင်ကို မြင်တော့ ခွေးကြီးဟာ နောက်ဆုံး မာန်ဖီသံ တိုးလျလျသာ လုပ်နိုင်တော့ပါတယ်။ တိုးလျလျမာန်ဖီသံ အဆုံးမှာ ပိုပြီး ကျယ်လောင်ကျောချမ်းစရာ ခွေးမာန်ဖီသံကြီးတွေ ပေါ်လာတယ်။ လည်ပတ်ကို ဖြုတ်ယူဖို့ လုပ်နေတဲ့ ဌေးမောင်နဲ့ မေ့မျောနေတဲ့ ခွေးကြီးအနီးမှာ နောက်ထပ် ခွေးကြီး ၆ ကောင်က ဝန်းရံထားပြီး ပြိုင်တူ မာန်ဖီ ကိုက်ခဲမယ့် အနေအထား။ ခွေးတွေဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ ခွေးတွေပီပီ တစ်ဖက် ၃ ကောင်စီခွဲကာ ဝိုင်းထားလိုက်ကြတယ်။ ကိုက်ဖို့, ခဲဖို့ မာန်ဖီနေကြပြီ။
“အိုး... ဒီအကောင်တွေက ပိုကြီးပါလား”
အဖိုးအိုက ခွေးတွေကို အရင်အတိုင်း ချော့မြှူတဲ့ အသံနဲ့ အမိန့်တစ်ခုပေးတယ်။ ဒါပေမဲ့ ခွေးတွေက မာန်ဖီသံ ပိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ အဖိုးအိုကို ကိုက်ခဲရမလား၊ သတ်ကွင်းထဲရောက်နေတဲ့ ဌေးမောင်ကို ကိုက်ခဲရမလား၊ ဘယ်သူက ဘယ်သူ့ကို ကိုက်ခဲရမလဲ တွေဝေမာန်ဖီ နေချိန်မှာ မှုတ်ပြောင်းမုဆိုးကြီးရဲ့ ပြောင်းဝ,က ဖွေးမှုန်မှုန် အမှုန့်တွေက ညာဘက်ခြမ်း ခွေးသုံးကောင်ရဲ့ မျက်နှာဆီကို လွင့်ပျံရှူရှိုက်မိသွားချိန်မှာပဲ... ဇရပ်ခေါင်မိုးထက်က ရေပူဖောင်းကြီး တစ်ခု ကလည်း ကျန် ဘယ်ဘက်က ခွေးသုံးကောင်ရဲ့ ခေါင်းအထက်မှာ ရုတ်တရက် ကျလာသလို ပူဖောင်းကို ကိုင်းလေးသမား မုဆိုးကြီးရဲ့ မြှားတံက ဖောက်ခွဲပြီးသား ဖြစ်သွားပြီး ခွေးတွေရဲ့ ဦးခေါင်းတွေပေါ် ဆေးရည်တွေလောင်းချလိုက် သလို ဖြစ်သွားကာ ဆေးရေတွေ မျက်စေ့၊ နှာခေါင်း၊ ပါးစပ်တွေထဲ အတားအဆီးမရှိ ဝင်ရောက်သွားပါ တော့တယ်။ စက္ကန့်ပိုင်း အတွင်းမှာပဲ ခွေးတွေဟာ မေ့မျောသွားတော့တယ်။
ဖိုးထူးက ခွေးတွေရဲ့ လည်ပတ်တွေကို အမြန်ဖြုတ်ယူလိုက်သလို ကျန်တဲ့ မုဆိုးနဲ့ ပြေးလာတဲ့ လူတွေလည်း လ,ရောင် အောက်မှာ အခုမှ သက်မ, ချနိုင်ကြတော့တယ်။ သူတို့ဟာ ခွေးတွေကို ဆွဲယူ မ,ပြီး ဇရပ်ထဲကို ဆွဲယူကြတယ်။
အဖိုးအိုက... “အဖိုးက သူတစ်ပါး အသက်သတ်တာကို မလိုလားပါဘူး။ ဒါပေမဲ့ သူတစ်ပါးက ကိုယ့်အသက်ကို သတ်လာမှာ ကိုတော့ ကာကွယ်ဖို့ မဖြစ်မနေ လိုတယ် လို့ ယုံကြည်တယ်။ ဒီတော့ ဒီခွေးတွေကို ပြန်မွေးလို့ ရရင်တော့ မွေးကြပေါ့ကွယ်။ အဖိုး... အရေးတကြီး ပြောချင်တာက အခုချိန်က စ,ပြီး “ဦးရွှေအ” နဲ့ “ရွှေဂွမ်း” ခွေးတွေကို စိန်ခေါ်ပြီးသား ဖြစ်သွားပြီ။ ကိုယ့်ဘက်က အရာရာ အဆင်သင့်ပြင်ထားဖို့ ပြောချင်တယ်။ စီစဉ်ထားတာတွေ မပျက်ကွက်စေနဲ့ကွယ်” လို့ ပြောပြီး ဇရပ်လေးထဲမှာ ဘာမှ မဖြစ်ခဲ့တဲ့ အလား အေးချမ်းသက်သာ တရားထိုင်နေတော့တယ်။
ဌေးမောင်၊ ဖိုးထူးနဲ့ မုဆိုးကျော်တွေဟာ မစ်ရှင် (Mission) သစ်နဲ့ ဆင်နွှဲရတော့မယ့် တိုက်ပွဲ တစ်ခုကို လှမ်းမြင်နေရပြီ ဖြစ်သလို မနက်ခင်း အရုဏ်ဦး လင်ရောင်ခြည်တွေဟာလည်း သောကြာကြယ်နီကြီးနဲ့ အတူ လင်းလက်ဝင်းပ လာပါပြီ။
အခန်း (၇)
ညောင်နှစ်ပင်ရွာရဲ့ ကျောင်းဆရာ ကိုထွန်းထွန်းက ခွေးတွေရဲ့ လည်ပတ်တွေကို စစ်ဆေးကြည့်တော့ “ဦးရွှေအ” ဟာ ခွေးတွေကို ထိန်းချုပ်ခိုင်းစေဖို့ ခွေးတွေရဲ့ လည်ပတ်မှာ အလွန်သေးငယ်တဲ့ အဝေးထိန်း အသံထုတ်လွှင့်စက်ကို တပ်ဆင်ပေး ထားပြီး ခွေးတွေကို ဘာမှ မတွေးတောမိအောင်၊ အသံစူးစူးတွေနဲ့ နှောက်ယှက်ထားတဲ့ အကြောင်း၊ တကယ်လို့ ခွေးတစ်ကောင်ဟာ ငြိမ်သက်နေပြီး တစ်ခုခု စဉ်းစားနေတယ် ဆိုရင် စူးရှတဲ့ အသံက ခွေးရဲ့ အတွေးကို နှောက်ယှက် ဖြတ်တောက် ပစ်တာပဲ ဖြစ်ကြောင်း၊ ပြီးတော့ အသံထုတ်လွှင့်စက်ကနေ အချက်ပြ အသံတွေလည်း ထုတ်လွှတ်ပေးပြီး သူတို့ လိုက်နာ လုပ်ဆောင်ဖို့ ခိုင်းစေတာ ဖြစ်ကြောင်း စတဲ့ အချက်တွေ သိလာရတယ်။
ခွေး ၇ ကောင်ကို တစ်ညတည်း နှိမ်နင်းပြီး အရှင်ဖမ်းဆီးရမိတဲ့ အထိ အောင်ပွဲရရှိပြီးတဲ့နောက် သီတင်းပတ် ၃ ပတ်အကြာ မှာတော့ ခွေးဆိုးတွေကို အမြစ်ပြတ် နှိမ်နင်းရေး အစီအစဉ်ကြီးလည်း စ,တင်နိုင်လာကြပြီ။ ညောင်နှစ်ပင်ရွာ အပါအဝင် ‘ကြတ်ပြေး’ တောအုပ်အနီးဝန်းရှိ နယ်တွေ၊ ရွာတွေက လူတွေလည်း ဒီနှိမ်နင်းပွဲ အတွက် လိုအပ်တာတွေ ကူညီထောက်ပံ့ ပေးကြပြီ။ ခွေး ‘အရူးပျောက်ဆေး’ ဖော်စပ် ပေးတဲ့ အဖိုးအိုလည်း အမှုန့်ဆေး၊ အရည်ဆေးတွေကို လုံလုံလောက်လောက် ဖော်စပ်ပေးပြီးပြီ။ ဘယ်လို အသုံးပြုရမယ် ဆိုတာလည်း ပြောဆိုညွှန်ကြားပေးပြီးပြီ။
ခွေးဆိုးနှိမ်နင်းပွဲကို ဦးဆောင်တဲ့ ဖိုးထူး၊ ဌေးမောင်နဲ့ မုဆိုးကြီး ၇ ဦးတို့လည်း အသင့်ဖြစ်နေပြီ။ တိုက်ပွဲဆင်နွှဲမယ့် နေရာ၊ နေ့ရက် အသီးသီးကိုလည်း သတ်မှတ်ပြီး ကြပြီ။ အောင်ပွဲခံဖို့ အထိပါ နယ်သူ, နယ်သား အားလုံးက လိုလားဆန္ဒ ပြင်းပြနေကြပြီ။ သူတို့ လိုလားတဲ့ အတိုင်း ဖြစ်လာ ဖို့လည်း အခြေအနေတွေက ရှိနေပေပြီ။ ဒီသတင်းကို ရယူတင်ပြဖို့ သတင်းသမားများလည်း အလျှိုအလျှိုရောက်လာကြပြီ။
သို့သော်... ကောလာဟလ တစ်ခုက “ဦးရွှေအ” နဲ့ မိသားစုဟာ ‘ကြတ်ပြေး’ တောအုပ်ကနေ စိန့်တိုင်းကို ထွက်ပြေးသွားပြီ ဆိုတာပါပဲ။
ခွေးဆိုးနှိမ်နင်းရေးအဖွဲ့တွေဟာ ‘ကြတ်ပြေး’ တောအုပ်အတွင်း ချဉ်းနင်းဝင်ရောက်ကာ ခွေးဆိုးများ လာရောက်နိုင်တဲ့ နေရာတွေ၊ ထိပ်တိုက်ရင်ဆိုင်ရနိုင်သည့် နေရာတွေမှာ အဖိုးအို ဖော်စပ်ပေးထားတဲ့ အရည်တွေကို သစ်ပင်အမြင့် နေရာတွေမှာ ချိတ်ဆွဲခြင်း၊ အမှုန့်တွေကို လေညာအထက် နေရာတွေမှာ ချိတ်ဆွဲတာတွေ စီစဉ်ထားရှိ ကြတယ်။
ခွေးဆိုးနှိမ်နင်းရေး အဖွဲ့က စနစ်တကျစီစဉ်ထားတဲ့ အတိုင်း ခွေးဆိုးတွေ ပြေးလာရာလမ်းတွေမှာ အမှုန့်နဲ့ အရည်တွေကို တိတိကျကျ ဖောက်ခွဲ ပေးနိုင်ကြတာကြောင့် ခွေးဆိုးအားလုံးကို ဖမ်းဆီးရမိပြီး သူတို့ရဲ့ လည်ပတ်တွေကို ဖြုတ်ချပေးနိုင်ခဲ့ ကြပေမဲ့ “ဦးရွှေအ” နဲ့ သူ့မိသားစု, အပေါင်းအပါတွေ နေထိုင်တယ်ဆိုတဲ့ ဂူတွေထဲကို ရှာဖွေပေမဲ့ အစအနတောင် ရှာမရ ဖြစ်သွားရတယ်။
သတင်းလာယူတဲ့ သတင်းသမားတွေက ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်၊ ဒီလို အောင်မြင်စွာ နှိမ်နင်းနိုင်မှုနဲ့ ဆက်စပ်ပြီး ဘယ်သူ့ကို မေးမြန်းရမလဲ လို့ နယ်ခံလူတွေကို မေးတော့ စီစဉ်ပေးတဲ့ အဖိုးအိုကို ညွှန်ပြတယ်။ သတင်းသမားတွေလည်း အဖိုးအိုရှိရာ ရွာဦးက ဇရပ်လေးကို ရောက်လာကြပြီး အင်တာဗျူးမေးခွန်းတွေ မေးကြတာပေါ့။ အဖိုးအိုက သတင်းသမားတွေ ရဲ့ မေးခွန်းတွေကို အခုလို ဖြေကြားတယ်။
“အဖိုးခင်ဗျ... ကျနော်က ‘နဒီ’ သတင်းဌာနကပါ။ အခုလို ခွေးဆိုးနှိမ်နင်းပွဲကြီး အောင်မြင်ဖို့ အဖိုးက စီစဉ်ပေးခဲ့တာလို့ သိရတယ်။ ဟုတ်ပါသလား? ဘယ်လိုတွေ ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့တာပါလဲ?”
“ဒီ ‘ရွှေဂွမ်း’ ခွေးတွေနဲ့ ‘ဦးရွှေအ’ အကြောင်း၊ သူ့ရဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးနေတဲ့ အခြေအနေတွေ၊ အာဏာကို ကိုင်စွဲဖက်တွယ်ဖို့ တရားသည် ဖြစ်စေ၊ မတရားသည် ဖြစ်စေ လုပ်ခဲ့တယ်၊ ရက်စက်ရမ်းကားခဲ့တယ် ဆိုတဲ့ အခြေအနေတွေ အားလုံးကို လူအများက ပြောပြီး ဖြစ်မှာပါ၊ ကြားကြပြီး ဖြစ်မှာပါ။ အဖိုး ပြောပြဖို့၊ ရှင်းပြဖို့ မလိုလောက်တော့ပါဘူး ကွယ်”
“ကျနော်က... ‘အသံ’ သတင်းဌာနကပါ အဖိုး။ အဖိုးရဲ့ ‘ခွေးရူးပျောက်ဆေး’ ကို ဘယ်လို ဖော်စပ်တယ် ဆိုတာ သိပါရစေ ခင်ဗျ။ အများပြည်သူလည်း သိချင်မှာပါ ခင်ဗျ”
“အင်း... ဆေး ဆိုတာ အသုံးမချတတ်ရင် ဘေး ဖြစ်တတ်တယ်ကွဲ့။ အခု ခွေးရူးဖြေဆေးက တလွဲအသုံးချရင် အများပြည်သူ အတွက် ဘေးဆိုးကြီး တစ်ခု ဖြစ်လာနိုင်တယ်။ ဥပမာ- ဓားကို လှီးဖြတ်စရာ အသုံးအဆောင် လို သုံးနိုင်သလို ရန်ပြု တိုက်ခိုက် ထိုးနှက်ရာမှာလည်း သုံးနိုင်သလိုပေါ့။ ဒါပေမဲ့ အဖိုးရဲ့ ဆေးဝါးဖော်စပ်နည်းက ညူကလီးယားစွမ်းအား လိုပဲ အကျိုးရှိမယ့် နေရာမှာ မသုံးဘဲ အဖျက်လက်နက်သဖွယ် အသုံးပြုရင် အများပြည်သူတွေ အတွက် အကျိုးနည်း၊ အကျိုးယုတ် ဖြစ်စေနိုင်တယ် ကွဲ့။ ဒါကြောင့်... လူတိုင်း သိဖို့၊ လူတိုင်း အသုံးပြုနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးကွဲ့”
“အခုလို အဖိုးရဲ့ ပြန်လည်ဖြေကြားချက်ကို ကြားရတော့ အဖိုးကို မေးခွန်းတစ်ခုပဲ မေးပါရစေ ခင်ဗျ။ ခွေးတိရစ္ဆာန်တွေကို အရူးပျောက်ဆေး ဖော်စပ်ပေးနိုင်တဲ့ အဖိုးက ‘ဦးရွှေအ’ နဲ့ သူ့မိသားစု အပေါင်းအပါတွေကိုရော ဘယ်လိုဆေးမျိုးနဲ့ အဆင်ပြေနိုင်မလဲ? ဖော်စပ်ပေးသွားမလဲ ခင်ဗျ? ကျနော်က ‘ဘိရုမာပို့စ်’ သတင်းဌာနက သတင်းထောက်ပါ”
“အင်း... မောင်ရင့်မေးခွန်းက ကြားရတဲ့သူတွေ အတွက်တော့ မေးခွန်းကောင်းပါပဲ။ ဒါပေမဲ့ တကယ့် မေးခွန်းအဓိပ္ပာယ်က ‘ခွေးတွေ အတွက် အရူးပျောက်ဆေး ဖော်စပ်နိုင်ရင် ‘ဦးရွှေအ’ နဲ့ သူ့မိသားစု အပေါင်းအပါတွေ အတွက် ‘အရူးပျောက်ဆေး ဆေးမရှိဘူးလား၊ ဆေးဖော်စပ်လို့ မရဘူးလား’ ဆိုတာ ဖြစ်နေတယ်။ ဒီလို မေးခွန်းမျိုးတွေကို သတိထား မေးစေချင်တယ်။ သူတစ်ပါးကို မထိခိုက် မနစ်နာစေဖို့ပေါ့”
“ဟုတ်ကဲ့ အဖိုး ခင်ဗျ...၊ ကျနော် စိတ်လောသွားတာပါ၊ နောက်ကို သတိထားပါ့မယ် အဖိုး”
“ကောင်းပြီလေ...၊ မောင်ရင်မေးတာကို အခုတော့ အဖိုး သည်းခံပြီး ဖြေကြားပေးပါမယ်။ တိရစ္ဆာန်တွေ ရူးနေရင် ပျောက်အောင် အဖိုးက ကုပေးနိုင်ပါတယ်၊ ကယ်ဆယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မောင်ရင်ပြောတဲ့ လူမျိုးတွေကိုတော့ ကုသမပေးနိုင်၊ ကယ်ဆယ်မပေးနိုင်ပါဘူး”
အဖိုးအိုဟာ သူ့ရဲ့ဖြေကြားမှုကို ခဏရပ်လိုက်တယ်။ ပြီးတော့ မေးလာသူကိုရော တခြားသတင်းထောက်နဲ့ လာရောက် နားထောင်ကြတဲ့ ပရိတ်သတ်တွေကို ဝေ့ပြီး ကြည့်လိုက်တယ်။ ပြီးမှ တဖြည်းဖြည်းချင်း ဆက်ပြောတယ်။
“လောကမှာ ‘အာဏာရူး’ တွေကို ကုသပေးဖို့ ဆေးမရှိဘူးလား? ဆေးဖော်စပ်လို့ မရဘူးလား? ဆိုတော့...., ဘုရားရှင် ဟောကြားတဲ့ တရားတော်တွေကတောင် သူတို့ကို ဆုံးမလို့ မရတာ, သွန်သင်လို့ မရတာ, လမ်းပြပေးလို့ မလိုက်တာ, ဖြစ်နေတော့..., ရှင်းရှင်းပဲ ပြောမယ်၊ သူတို့အတွက် ကုရာနတ္ထိ ဆေးမရှိဘူး။ ရိုင်းစိုင်းရမ်းကားသူတွေ အတွက် ဆေးမရှိဘူး။ အမြစ်ပြတ် ဖယ်ရှားတွန်းလှန်ပစ်ဖို့ ဆိုတဲ့ နည်းလမ်းကလွဲပြီး တခြားနည်း မရှိဘူး”
ဒိုရီဂို
(ဧပြီ ၂၁၊ ၂၀၂၁ 01:53 PM)
.....
#MoeMaKaMedia
#WhatsHappeningInMyanmar