Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ပန်ဒိုရာ၊ နှင်းခါးမိုး၊ သစ်ကောင်းအိမ်

Art - Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၁၆၊ ၂၀၂၁


ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် - ၃

လူ့ဘဝက တိုသတဲ့ ဂျွန်
တော်လှန်ရေးကြီးကတော့ အဓွန့်ရှည်လှသကွယ်
အဲဒီမှာ ပုံမှန်ပဲလား
ပုံမှန်အဟောင်းလား ပုံမှန်အသစ်လား 
ပုံမမှန်တော့တဲ့ ပုံမှန်လား
ဒီမှာတော့ နေညိုရင် လေမပြိုလည်း
နေမဝင်ခင် မီးငြိမ်းပြီး
အရှေ့ကနေဝန်း ထွက်လာဦးမလား မျှော်ကြတယ်
ရေဒီယိုဟာ တစ်ခေတ်ပြန်ဆန်းတော့မယ်
ဗိုင်းရပ်စ်သတင်းလောက်နဲ့တော့ တက်မလာနဲ့
ချစ်သူချင်းတောင် ပြောက်ကျားနမ်းနေရတဲ့ခေတ်
ရဲရဲတောက်နေတဲ့ သွေးတွေက နုသစ်လှတယ်
ဝိုင်နီနီတစ်ခွက်အတွက် အသားတစ်နီနီတစ်တစ်ပေါ့
စကားမစပ် တစ်တစ်တစ် လို့ ဖတ်လိုက်သေးလား
မလုပ်ရဲတာ ဘာတစ်ခုမှမရှိပဲ ဂျွန်
မင်းရော သေရဲပြီလား
ငါတို့ရှင်ရဲကြတာ ကမ္ဘာက အံ့သြနေလေရဲ့
သွားလေသူတွေကို ကြိတ် အားကျရင်း
အသံဗုံးနဲ့ တူမီး ခွဲခြားသိသွားကြပြီ
လေနဲ့ဝမ်းလည်း ကွဲပြားရမှာပေါ့
ရန် နဲ့ ငါရော ကွာရှင်းပြီးပြီလား
အငြိမ့်ပွဲ ဇာတ်ပွဲ စားသောက်ပွဲ မဟုတ်
ပျော်စရာမပါတဲ့ ပွဲဟာ ဘာပွဲလဲ တဲ့
စစ်ပွဲ လို့ မဖြေလိုက်နဲ့နော် တိုက်ပွဲလို့လည်းမဖြေနဲ့
တခါတခါတော့ နောက်ကခဲလုံးတွေက 
ရှေ့ကကျည်ဆံထက် ပိုနာကျင်စေတတ်တယ်မဟုတ်လား
အမေရိကန်တပ်ကြီးရော ပြန်ရုပ်တော့မှာလား
မြို့တော် ကဘူးလ်က အီးမေးလ်နဲ့ သတင်းမေးလာတယ်
စစ်စစ်စစ်ကို မင်းတို့မြို့ကြီးတွေ မကြုံဖူးသေးဘူးထင်တယ် တဲ့
အာဖဂန်မှာတော့ မရပ်မစဲ အနှစ်လေးဆယ်ကျော်မှာ နေသားတောင် ကျပေါ့ တဲ့
အင်း... စစ်စစ်စစ် လို့ရော ဖတ်မိလိုက်သေးလား
ဒါဆိုရင်တော့ စစ်အတုဆိုတာများရှိရင်
အမြည်းထဲ ထည့် ကြွပ်ကြွပ်ဝါးပြီး မျှောချလိုက်ကြမယ်
မင်းရေးမင်းရာတွေက ကြက်ဥအရောင်
တိမ်တောင်သဖွယ် ကျယ်လိုက်တာ
အို .. အဆုံးမရှိအောင် ကျယ်ဝန်းလှ
Kဇော်ကဗျာထဲကလို တရားနဲ့ ဖြေကြတာပေါ့ 
ဒါကြီးက အိပ်မက်ဆိုးကြီးပါလို့ ငါ့ကိုယ်ငါ အယုံသွင်းထားလိုက်ပြီ
အိပ်မက်ထဲမှာတောင် ငွေထုတ်စက်မှာ တန်းစီနေရတာ
စီနေတုန်း ဘဏ်ကြီးပြိုကျလို့ ပြေးပေါက်မှားရသေးတာ
အဲ့သလို တော်လှန်မြစ်နီကြီး ဒီရေစီးမှာ
ကဗျာဆရာသွေးတွေလည်းပါလာတော့
တချို့က ကဗျာဖတ်ရင်း မျက်ရည်ကျကြသတဲ့
မောင်ရင်တို့နှယ် ပျော့ညံ့ရန်ကော လို့
အသံတုန်တုန်နဲ့ မာန်မဲလိုက်ရတယ်
ဂျွန်ရေ...
ကျောင်းတွေလည်း ဖွင့်တော့မယ် တဲ့
ပညာပြတင်းတွေရော ပွင့်လာပါဦးမလား
စာအုပ်ကိုင်ရမယ့်လက်တွေတော့ သေနတ်ကိုင်နေကြတယ်
နားကြပ်ကိုင်တဲ့လက် ၊ မိတ်ကပ်လိမ်းတဲ့လက်
ပန်းချီဆွဲတဲ့လက်၊ တံစဥ်ရိတ်တဲ့လက်
ဆိုင်ရာဆိုင်ရာတွေ လက်အသီးသီးထဲ ပြန်ရောက်ဖို့
ငါတို့ အိပ်ရေးတွေ၊ ငါတို့ အပြုံးတွေ
ငါတို့မိသားစုတွေ၊ ငါတို့အားလပ်ချိန်တွေ
ငါတို့ကိုယ်ပိုင်ဘဝတွေ၊ ငါတို့လေပြည်ညင်းတွေ
စွန့်ရဲသူတို့ရဲ့ ဝိညာဥ်တွေ
ခိုးသားတွေဆီက ပြန်သိမ်းယူရဖို့အရေး
သံကြီးတမန်ကြီးတွေက စိုးရိမ်တ​ကြီးလွှတ်ချလိုက်တဲ့ 
ငါတို့ရဲ့ကိုယ်ပိုင်လက်ဗလာတွေနဲ့ 
တစ်ရက်ချင်း တွားသွား လှမ်းတက်ရဦးမှာပေါ့ ဂျွန်...။

ပန်ဒိုရာ
14.5.21

.....

ငါတို့နိုင်တယ်


ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတယောက်
ကိုဗစ်ကြောင့်ပိတ်လှောင်ထားတာကိုမခံနိုင်လို့တဲ့
လေးထပ်တိုက်ပေါ်ကခုန်ချသတ်သေသွားတယ်၊

လွတ်လပ်မှုကင်းမဲ့စွာအသက်ရှင်နေရတာထက်
လွတ်လွတ်လပ်လပ်သေရတာကို သူရွေးချယ်သွားတာပဲ၊

ငါတို့လည်း မျိုးဆက်လေးခုလောက် ခုန်ချခဲ့ကြတယ်
လူကိုသတ်လို့ရတယ် လွတ်လပ်မှုကိုသတ်လို့မရဘူးလို့
အော်ဟစ်ကြရင်း။ 

နှင်းခါးမိုး
.....

စစ်ခွေး


မိုးပေါ်ထောင်မပစ်ဘူးဆိုပြီး
မြေခွေးအိုကြီးတကောင်တူးသွားတဲ့
မိုက်တွင်းထဲကနေ
ပြိတ္တာယောင်ယောင်
မိစ္ဆာယောင်ယောင်
လူစဉ်မမီတဲ့ကောင်တွေ
မျိုးရိုးစဉ်ဆက်
အူသံနက်ကြီးပေးပြီးချီတက်လာ

ငရဲကြီးရှစ်ထပ်ကို
စစ်မြေပြင်မှတ်ပြီး
အောင်ပွဲခံဖို့အဖြတ်မှာ

ဒင်းတို့ အဖြစ်ဆိုးနဲ့တိုး
သေချင်းဆိုးနဲ့အရိုးမြေကျခဲ့ရင်တောင်
မြေကြီးအဆိပ်သင့်မှာစိုးလို့
မြေသြဇာအဖြစ်လည်းသုံးမရ

ပြည်သူ့အမုန်းနဲ့
ပြာလုံးလုံးကျမှ
မြေအိုးတလုံးထဲလုံလုံခြုံခြုံထည့်
ကမ္ဘာ့အပြင်ဘက်ထွက်ပြီး
ပြာငုတ်မကျန်လွှင့်ပစ်ရမယ့်

ကြာလေယုတ်လေ
ပြာပုပ်တွေ


သစ်ကောင်းအိမ်
၁၅ မေလ ၂၀၂၁
.....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar