Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁၅၊ ၂၀၂၁

လေယာဥ်တွေနဲ့ တိုက်ခိုက်ခံရတဲ့ ပထမဆုံးသော မြို့ပေါ်ကပျောက်ကြား၊ စျေးကိုမီးရှို့ပြီး လုယက်တဲ့  စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့


ဒီနေ့ ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေအများကြီးထဲမှာ ထိပ်ဆုံးမျက်နှာဖုံးသတင်း ၂ပုဒ်လို့ဆိုချင်တာကတော့ မင်းတပ်ကို မနက်စောစော ထိုးစစ်ဆင်၊ လေယာဥ် ရဟတ်ယာဥ်တွေနဲ့ စစ်ကူပို့တာအပြင် ဗုံး၊ လက်နက်ကြီးတွေပါ ကြဲ၊ ပစ်ပြီး မြို့ငယ်တမြို့က ရပ်ကွက်သူရပ်ကွက်သားတွေနဲ့ ဖွဲ့ထားတဲ့ ပျောက်ကြား လက်နက်ကိုင် အဖွဲ့တွေကို နှိမ်နှင်းလိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ကေအိုင်အေ၊ ကေအင်ယူတို့တွေအပေါ် လေကြောင်း အကူအညီနဲ့ တိုက်ခိုက်ပြီး မြို့ကိုသိမ်းယူရသလိုမျိုး အခုလို စစ်ဆင်ရေးကြီးလုပ်ပြီး အရပ်သားတွေကိုတိုက်ခြင်းသည် မြန်မာနိုင်ငံသမိုင်းမှာရော ဒေသတွင်း သမိုင်းအဖြစ်အပျက်တွေမှာပါ သီးခြား မှတ်တမ်းတင်ရမယ့် အဖြစ်၊ အခြေအနေ ဖြစ်သွားတဲ့ သဘောဖြစ်ပါတယ်။

ယမန်နေ့နဲ့ ခုမနက်စောစောကတည်းက ရဟတ်ယာဥ် အခေါက်ပေါင်းများစွာ ကူးချီသန်းချီနဲ့ မင်းတပ်ကို စစ်ဆင်ရေးကြီးတခု အဖြစ်နဲ့ ပြန်သိမ်းဖို့ လေကြောင်း အကူအညီတွေသုံးပြီး ပစ်ခတ် ကြဲချခဲ့လို့ အနည်းဆုံး ၂ နေရာလောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။ မင်းတပ်မြို့ဆိုတာ ချင်းတောင်ပိုင်းက အေးချမ်းတဲ့မြို့လေး တမြို့ဖြစ်ပြီး ချင်းမျိုးနွယ်ထဲက ချိုး ချင်းနွယ်တွေ အများအပြားနေထိုင်ကြတဲ့ မြို့ သန့်ရှင်းသပ်ရပ်ပြီး ရာသီဥတု အေးမြ သာယာတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ဒီမြို့လေးရဲ့ ခေတ်သစ်သမိုင်းကို ရေးကြတဲ့အခါ မြို့ထဲဝင်လာပြီး ယောင်္ကျားသားဆို အားလုံးဖမ်း၊ ရိုက်နှက်၊ လူသားအကာအကွယ် အဖြစ်ခေါ်ပြီးရှေ့ကနေသွားစေပြီး မြို့ကို ထိန်းချုပ်ဖို့ လုပ်တယ်ဆိုတာတွေ၊ အရပ်သား သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေက တောထဲ ရှောင်ပုန်းနေကြရတဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ တွေ့နေရတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးခါစ ပြီးခဲ့တဲ့လတွေက လူအချို့ စိုးရိမ်ခဲ့ကြတဲ့ ပြည်တွင်းစစ်ဖြစ်တော့မယ် ဆိုတဲ့ စိုးရိမ်မှုဟာ မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာ လက်တွေ့ ဖြစ်လာနေပါတယ်။ စစ်အာဏာသိမ်းမှု၊ အကြမ်းဖက် ရက်စက်စွာ ဖြိုခွဲမှုတွေက အခုလို လက်နက်နဲ့ ခုခံမှုတွေကို မွေးထုတ်ပေးလုိက်တာဖြစ်ပါတယ်။ နိုင်ခြင်း မနိုင်ခြင်းထက်ကို မခံမရပ်နိုင်တော့တဲ့ ရက်စက်မှု ဖိနှိပ်မှု၊ အကျိုးမဲ့ ဖျက်ဆီးသတ်ဖြတ်မှုတွေကို ရတဲ့လက်နက်နဲ့ ခုခံတိုက်မယ်ဆိုတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ လက်ရှိမင်းတပ်တိုက်ပွဲမှာ စစ်ရေးအရ ဆုတ်ပေးလိုက်ရပေမယ့် နိုင်ငံရေးအရ စစ်ကောင်စီကို အရှုံးတွေအများကြီး ဖြစ်စေခဲ့ပါတယ်။ အရပ်သားတွေရဲ့ တူးမီးလို လက်နက်နဲ့ ခုခံတိုက်ခိုက်မှုကို ရဟတ်ယာဥ်တွေနဲ့ ပစ်တာကြဲတာ လက်နက်ကြီးတွေ မတန်တဆသုံးတာ တွေက ကမ္ဘာ့အလယ်မှာလည်း tyranny ဆိုးယုတ်တဲ့အုပ်ချုပ်သူ အဖြစ် သမိုင်းတွင်စေခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ နောက်ဆိုးရွားတဲ့ အဖြစ်အပျက်တရပ်ကတော့ ရွှေဘိုမြို့မစေျးကြီးကို လုယက်မှု၊ ဖေါက်ထွင်းမှုနဲ့ မီးရှို့မှုတွေ ကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ကြတာပါ။ သမိုင်းမှာ နာမည်ဆိုးတဲ့ ကျော်ကြားခဲ့ကြတဲ့ အာဏာရှင်တွေ ၊ ဆိုးယုတ်တဲ့ စစ်ဘုရင်တွေဟာ သာမန်အားဖြင့် မကျူးလွန်လောက်ဘူးလို့ ထင်ကြတဲ့ ယုတ်ည့ံတဲ့ လုပ်ရပ်တွေ ဖျက်ဆီးမှုတွေ ၊ သတ်ဖြတ်မှုတွေကို ကိုယ်တိုင်ကျူးလွန်တဲ့ သဘောသွားအတိုင်း ညွှန်ကြား အမိန့်ပေး၊ ခွင့်ပြုခဲ့ကြတာဖြစ်ပါတယ်။ ဆီးရီးယားလို နိုင်ငံက အာဏာရှင်ကလည်း ကမ္ဘာရဲ့ အခြားသောဒေသတွေမှာ အစိုးရဆိုသူတွေ မလုပ်ရဲ မလုပ်ဝံ့ မလုပ်ရက်တာတွေ ဘာမဆို လုပ်ခဲ့တာကေြာင့် ဆီးရီးယား ပြည်တွင်းစစ်မှာ ကမ္ဘာ့အရုပ်ဆိုးဆုံးဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခု စစ်ကောင်စီဟာလည်း အယုတ်ညံ့ဆုံး လုပ်ရပ်တွေ ဖြစ်ရပ်တွေ လုပ်ဆောင်ဖို့ ညွှန်ကြားတာ ခွင့်ပြုတာ တွေလုပ်နေဆဲ ဖြစ်ပါတယ်။

ရွှေဘိုမြို့မစျေးကို ယမန်နေ့ညက မီးမရှို့မီ စစ်သားတွေက ကားတွေနဲ့ ဝင်ပြီးလိုချင်တဲ့ ပစ္စည်းတွေ ယူဆောင်ပြီးနောက် တံခါးပိတ်ပြီး နေရာ ၄ နေရာမှာ တပြိုင်နက်ထဲ မီးရှို့တာလို့ မြို့ခံ စျေးအနီးအနားမှာ နေထိုင်သူတွေက ပြောဆိုတဲ့အကြောင်း သတင်းထဲမှာ ဖတ်ရှု နားထောင်ရပါတယ်။ အဲဒီနောက် မီးသတ်ကိုလည်း မငြိမ်းသတ်ဖို့ တားမြစ်တာ၊ မြို့နေလူထုကိုလည်း ပစ္စည်းတွေ သယ်ထုတ်ခွင့်မပေးပဲ သေနတ်ဖောက် တားမြစ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်က ဘာကေြာင့် ဒီမြို့မစျေးကို မီးရှို့ရသလဲလို့ မေးခွန်းထုတ်ကြတဲ့ အခါ စစ်ကောင်စီကို ဘဏ္ဏာမရအောင် စျေဒနဲ့ပတ်သက်တဲ့ အခွန်အကောက် မပေးဖို့ စျေးသူစျေးသားတချို့ ပြောဆိုတာတွေ နဲ့ စစ်သားနဲ့ ရဲကို စျေးလာဝယ်ရင်တောင် မရောင်းကြဖို့ နှိုးဆော်မှု တချို့ရှိတာကြောင့် လက်စားချေ ပြီး ကျန်တဲ့ မြို့တွေက စျေးတွေကိုပါ ခြိမ်းခြောက် လိုက်တဲ့သဘောလို့ ယူဆကြပါတယ်။

နကိုကတည်းက တိူင်းရင်းသား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ မုဒိမ်းကျင့်၊ ပစ္စည်းယူ၊ လူသတ် ရွာမီးရှို့တာတွေ လုပ်နေကျ ၊ ကျူးလွန်နေကျမို့ အဲဒီဒေသက သူတွေကတော့ ခုလို အမူအကျင့်တွေကို သိနေတာ ကြာပါပြီ။ ခုတော့ အဲလို ကျင့်ကြဲံမှုတွေ ကျူးလွန်မှုတွေကို မြို့တွေပေါ်မှာ ပြောင်ပြောင်းတင်းတင်း ကျူးလွန်၊ ပြီးနောက်မှာ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ပြောင်းပြန် ဝါဒဖြန့်သတင်းတွေသာ ရုပ်သံ၊ သတင်းစာမှာ ထည့်သွင်းကြမှာ ဖြစ်ပါတယ်။

ဒီနေ့အတွက် အခြားသော သတင်းတွေကတော့ နေ့စဥ် ဖြစ်နေကျ ပေါက်ကွဲမှုသတင်းတွေ ပဲဖြစ်ပါတယ်၊ ရန်ကုန်၊ မန္တလေး၊ သန်လျင် အစရှိတဲ့ မြို့တွေမှာ ဖြစ်ပွားခဲ့တာပါ။ နောက်သတင်းတပုဒ်ကတော့ မန္တလေးက ဇီဝိတဒါန ဆေးရုံကို မနေ့ညက စစ်တပ်က ဝင်စီးပြီး ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးသွားတဲ့ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ဖျက်ဆီးတာ၊ ပညာရေးဝန်ထမ်းတွေ စီဒီအမ် ပါဝင်ကြတာကြောင့် အလုပ်ဖြုတ်ပစ်တာတွေက လာမယ့်ကာလတွေမှာ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမို ခက်ခဲ၊ အရည်အသွေးပြည့်မီဖို့ မလွယ်ကူတော့မယ့် အပြင် မရေရာ အခြေအနေမျိုးဖြစ်တော့မှာပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar