သီဟလတ် - သခင်ကိုယ်တော်မှိုင်း၊ ကမ္ဘာမကြေဘူးသီချင်း နှင့် မျိုးဆက်များ

Photo - filed, 2015. in front of Thakhin Kodaw Hmine's memorial building

သီဟလတ် - သခင်ကိုယ်တော်မှိုင်း၊ ကမ္ဘာမကြေဘူးသီချင်း နှင့် မျိုးဆက်များ
(မိုးမခ) မေ ၁၉ ၂၀၂၁နွေဦးတော်လှန်ရေးဟူသောစကားလုံးနှင့်အတူ Generation Z(ဂျဲန်ဇက်)ဟူသောစကားလုံးကတွဲ၍ထင်ရှားလာသည်။ အဲဒီနောက် ဂျဲန်အိတ်စ်၊ဂျဲန်ဝိုင်တွေ. . .။ ဂျဲန်နရေးရှင်းကို မြန်မာလိုမျိုးဆက်ဟုသုံးနှုန်းကြသည်။ စထရောက်-ဟောင်းမျိုးဆက်သီအိုရီ*တွင် မျိုးဆက်ကို ၁၅၈၄ ခုနှစ်မှအစကောက်ဖေါ်ပြသည်။ အခုကာလထိ သက်ရှိထင်ရှားအများစုရှိနေသည်က ၁၉၂၈ အသံတိတ်မျိုးဆက်မှ ၂၁ ရာစု အယ်လ်ဖာမျိုးဆက်တွေ။ အဲဒီမှာတက်တက်ကြွကြွရှိနေကြသူတွေကတော့ ရှင်မွေးလွန်းမျိုးဆက်တွေ ၊ ဂျဲန်အိတ်စ်တွေ ၊ ဂျဲန်ဝိုင်တွေ နှင့် ဂျဲန်ဇက်တွေပင်။
မျိုးဆက်အကြောင်းစဉ်းစားရာ သီချင်းတပုဒ်ကိုသတိရမိသည်။ ဆရာနိုင်မြန်မာ ရေးသားသည့် "ကမ္ဘာမကြေဘူး"သီချင်း။ ၁၉၈၈ ခုနှစ်တွင်ရေးစပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်ပြန်လည်ခေတ်စားလာသောသီချင်း။ မကြာမီက ဂျဲန်ဇက်လေးတွေ ဆိုနေသည်ကို တွေ့မြင်နားထောင်လိုက်ရသည်။
"ကိုယ်တော်မှိုင်း. . .ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီ အဖိုးရေ. . .သခင်အောင်ဆန်း. . .နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ. . ."
သခင်ကိုယ်တော်မှိုင်းက ၁၈၇၅ ခုဖွား၊ မစ်ရှင်နရီမျိုးဆက် ။ သခင်အောင်ဆန်းက ၁၉၁၅ ခုဖွား၊ ဂရိတ်တက်စ်မျိုးဆက်။ သီချင်းရေးသူ ဆရာနိုင်မြန်မာက ၁၉၅၈ ခုဖွား၊ ရှင်မွေးလွန်းမျိုးဆက်။
မျိုးဆက်ကွာဟမှုရှိသကဲ့သို့ မျိုးဆက်တို့၏နီးစပ်နေမှုလည်း ရှိသည်ဟုကျွန်တော်ထင်သည်။
သခင်ကိုယ်တော်မှိုင်းနှင့်ဝင်စတန်ချာချီ
၁၈၆၀ ခုမှ ၁၈၈၂ ခုအတွင်းမွေးသောသူများကို မစ်ရှင်နရီမျိုးဆက်ဆိုသည်။ သခင်ကိုယ်တော်မှိုင်းသည် ၁၈၇၆ ခုဖွား၊ ဒုတိယကမ္ဘာစစ်အတွင်းကဗြိတိသျှဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဝင်စတန်ချာချီသည် ၁၈၇၄ ခုဖွား။ နှစ်ယောက်စလုံး မစ်ရှင်နရီမျိုးဆက်များဖြစ်ကြ၏။
ဝင်စတန်ချာချီ၏အဖေ"လော့ဒ်ရဲန်းဒေါ့ဖ်ချာချီ"သည် မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ရာတွင်တာဝန်ရှိသူ မင်းစိုးရာဇာတစ်ဦးဖြစ်သည်။ "ဝိတိုရိယဘုရင်မကြီးအား ခရစ်စမတ်လက်ဆောင်အဖြစ် အထက်မြန်မာနိုင်ငံကိုဆက်သပါ၏" ဟုဆိုခဲ့သူဖြစ်၏။
ဝင်စတန်ချာချီကိုယ်တိုင်သည်လည်း နယ်ချဲ့စိတ်ပြင်းထန်သူဟုဆိုသည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအားလွတ်လပ်ရေးပေးရန် ငြင်းဆန်ခဲ့သူဖြစ်သည်။
သခင်ကိုယ်တော်မှိုင်းကား ကိုးနှစ်သားအရွယ်မှာ သီပေါမင်းတို့ပါတော်မူသည်ကို စားတော်ဝန်ဦးခဲကျောင်းပေါ်လှမ်းကြည့်ကာ နာကျည်းခဲ့ရသူဖြစ်၏။ မျိုးချစ်စိတ်၊ တော်လှန်စိတ် ဝင်ခဲ့ရသူဖြစ်၏။
သခင်ကိုယ်တော်မှိုင်းနှင့်ဝင်စတန်ချာချီတို့ မျိုးဆက်တူသော်လည်းဘဝမတူကြ။ သူတို့၏ဘဝအမြင်တွေလည်းမတူကြ။ ဝင်စတန်ချာချီက နယ်ချဲ့သမား၊သခင်ကိုယ်တော်မှိုင်းကား နယ်ချဲ့ဆန့်ကျင်ရေးသမား။ မျိုးဆက်တူသော်လည်း ကွာဟလျက်ရှိ၏။
သခင်ကိုယ်တော်မှိုင်းနှင့် လမ်းစပျောက်မျိုးဆက်
၁၈၈၃ ခုနှစ်မှ ၁၉၀၀ ခုနှစ်အတွင်းမွေးဖွားသူများကို လမ်းစပျောက်မျိုးဆက်ဟုဆိုသည်။ ၁၉၂၀ ပထမကျောင်းသားသပိတ်ခေါင်းဆောင်အများစုသည် ၁၈၉၀ ခုမှ ၁၉၀၀ ခုအတွင်းမွေးဖွားကြသည့် လမ်းစပျောက်မျိုးဆက်များဖြစ်ကြ၏။ သခင်ကိုယ်တော်မှိုင်းသည် ထိုပထမသပိတ်ကျောင်းသားမျိုးဆက်နှင့် မကွဲမကွာလက်တွဲကြောင်း ယူနီဘာစတီဘွဲ့လေးချိုးကြီးထဲတွင်
"ဪ ဝေးခရီးကပေမဲ့၊ အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာ ပါစမြဲပေမို့၊ ဆရာလဲကွာ ပထမအရင် ကနဦးဆီက၊ မြန်မာ့တခွင်မှာ သမတ ရှင်ဘုရင် မလူးခင်ပ၊ 'ထ'ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့၊ 'ထီ'မထင် ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ်မှာ ခေါင်းပေါ်အဖျားတွင်လ၊ မင်းရို့ဆရာကို စာရင်းတို့က ထားလိုက်ကြပေတော့" ရေးခဲ့လေသည်။
သခင်ကိုယ်တော်မှိုင်းနှင့် ဂရိတ်တက်စ်မျိုးဆက် (၁၉၀၁-၁၉၂၇)
၁၉၃၀ ခုတွင် တို့ဗမာအစည်းအရုံးစတင်ခဲ့ပြီးနောက် ၁၉၃၅ ခု၌ တို့ဗမာအစည်းအရုံးပထမအကြိမ်ကွန်ဖရင့်ကျင်းပရာ မစ္စတာမောင်မှိုင်းအမည်ခံ(ပရိုဖက်ဆာ)ဆရာလွန်းက သူရိယသတင်းစာမှ စည်းရုံးလှုံ့ဆော်ပေးခဲ့သည်။ မကြာမီ မစ္စတာမောင်မှိုင်းလည်း သခင်အဖြစ်ခံယူကြောင်းကို
"ဒို့မြန်မာတခွင် သခင်ထိုအကျော်အမော် ဂိုဏ်းတွင်ဖြင့်၊ မျှို့ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်၊ ပလ္လင်ဗဟိုသော် တနိုင်းပေပ ဇမ္ဗူသမိုင်း ပျော်စရာ့အခြေ။ 'သခင်ကိုယ်တော်မှိုင်း'ရယ်လို့ လူတိုင်းခေါ်ကြစေ"
ဟု ၁၉၃၅ ခု မေလ ၁ ရက်ထုတ် တိုးတက်ရေးမဂ္ဂဇင်းတွင် ဖေါ်ပြလိုက်၏။
ထိုအချိန်ကသခင်အများစုသည် သခင်အောင်ဆန်းတို့အရွယ် ဂရိတ်တက်စ်မျိုးဆက်(၁၉၀၁-၁၉၂၄) များဖြစ်ကြသည်။ သခင်ဗစိန်(၁၉၁၁- ၁၉၆၃)ခုနှင့် မော်လမြိုင်သခင်သန်း(၁၉၀၉-၁၉၈၅)တို့သည်လည်းဂရိတ်တက်စ်မျိုးဆက်များဖြစ်ကြ၏။ ၁၉၃၆ ခု ဧပြီလထဲတွင် သခင်ကိုယ်တော်မှိုင်းနှင့်တို့ဗမာအစည်းအရုံးဥက္ကဌသခင်ဗစိန်တို့အဖွဲ့ မော်လမြိုင်ရောက်ကြရာ သခင်သန်းအဖေ ဦးဘချစ်အိမ်၌ တည်းကြသည်။ ဦးဘချစ်က သခင်ကိုယ်တော်မှိုင်းကိုကြည်ညိုလေးစား၍ ဧည့်ဝတ်ပြုသော်လည်း သူ့သားသခင်ဖြစ်သည်ကို မကြိုက်။ သို့ဖြစ်၍ တမနက်၌ ဦးဘချစ်က သခင်ကိုယ်တော်မှိုင်းကို " ဆရာကြီးရဲ့တပည့် သခင်ဗစိန်တို့က ပညာတတ်ပါ၊ ကျွန်တော့သားကတော့ နဂိုကတည်းကပျက်နေတာ၊ ကျွန်တော့သားနဲ့ပေါင်းရင် ဆရာကြီး တပည့်တွေပါ ပျက်ကုန်ပါလိမ့်မယ်"ဟုပြောရာ၊ သခင်ကိုယ်တော်မှိုင်းက "ကိစ္စမရှိပါဘူး ဦးဘချစ်ရဲ့ ကျုပ်အကောင်တွေကလည်း ပျက်ပြီးသားအကောင်တွေချည်းပါပဲ၊ သူတို့လည်း မိမနိုင် ဖမနိုင်တွေပါပဲ" ဟု ပြန်ပြောလေ၏။ တော်လှန်စိတ်ရှိသော သခင်ဘွဲ့ခံ ဂရိတ်တက်စ်မျိုးဆက်များကို သခင်ကိုယ်တော်မှိုင်း နားလည်မှုရှိခဲ့သည်။ ထို့ကြောင့် သခင်အဖြစ် ခံယူခဲ့၊ လက်တွဲခဲ့ခြင်းပင်။
သခင်ကိုယ်တော်မှိုင်းနှင့်အသံတိတ်မျိုးဆက် (၁၉၂၈-၁၉၄၅)
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်၊ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီစသည့်အဖွဲ့အစည်းများတွင် သခင်ကိုယ်တော်မှိုင်းသည် ဂရိတ်တက်စ်မျိုးဆက်အရွယ်အဖွဲ့ဝင်များသာမက စာရေးဆရာမြသန်းတင့်(၁၉၂၉-၁၉၉၈) ကဲ့သို့ အသံတိတ်မျိုးဆက်(၁၉၂၅-၁၉၄၂)များနှင့်ပါ အတူလက်တွဲဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးလှုပ်ရှားမှုတွင်သာမက ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင်လည်း မျိုးဆက်အသီးသီးလက်တွဲခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)ကထုတ်ဝေသော အိုးဝေမဂ္ဂဇင်းနဖူးစီးတွင် "ကောင်းကျိုးအထွေထွေရယ်နှင့်ချွန်စေမြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသောဝ်"ဟူသော သခင်ကိုယ်တော်မှိုင်း၏ ဒေါင်းဋီကာမှကဗျာကိုဖေါ်ပြထားသည်ကိုတွေ့နိုင်သည် ။ ၁၉၅၅ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်းသည် တကသ ၏ ၂၅ နှစ်မြောက်ငွေရတုသဘင်ပွဲသို့ ငွေကျပ်တစ်ထောင်လှူဒါန်းပြီး သဝဏ်လွှာလည်းပေးပို့ခဲ့၏။ ၁၉၆၀ ခုနှစ် အောက်တိုဘာလတွင်ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ညီလာခံ သို့လည်း သခင်ကိုယ်တော်မှိုင်း သဝဏ်လွှာပေးပိုခဲ့သည်။
ထိုကာလက တကသ၊ ဗကသ ကျောင်းသားများမှာ အသံတိတ်မျိုးဆက်များဖြစ်၏။ သခင်ကိုယ်တော်မှိုင်းနှင့် အသံတိတ်မျိုးဆက် ကျောင်းသားများ နီးကပ်သောဆက်ဆံရေးရှိနေခဲ့ခြင်းပင်။
သခင်ကိုယ်တော်မှိုင်းနှင့်ရှင်မွေးလွန်းမျိုးဆက်
၁၉၇၆ ခု တွင် မှိုင်းရာပြည့်အရေးအခင်းဖြစ်ခဲ့၏။ သခင်ကိုယ်တော်မှိုင်းအသက်တရာပြည့်မွေးနေ့တွင်စတင်သော ရှင်မွေးလွန်းမျိုးဆက်ကျောင်းသားများ၏ မဆလ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်၏။သခင်ကိုယ်တော်မှိုင်းကွယ်လွန်သည်မှာ ၁၂ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း မျိုးဆက်သစ်တို့နှင့် အတူရှိနေဆဲ။
သခင်ကိုယ်တော်မှိုင်းနှင့် ဂျဲန်အိတ်စ်၊ဂျဲန်ဝိုင်၊ဂျဲန်ဇက်
၈၈ အရေးတော်ပုံကို ဂျဲန်အိတ်စ်တို့က စတင်ခဲ့သည်။ တပါတီစနစ်ဖျက်သိမ်းရေး၊ ပါတီစုံစနစ်ပေါ်ထွန်းရေးအတွက် ပေးဆပ်ကြရသည်။ ကမ္ဘာမကြေဘူးသီချင်းသည် ၈၈ အရေးတော်ပုံ၏ ထင်ရှားသောအမှတ်တရတခု။ အခုနွေဦးတော်လှန်ရေးကာလတွင် ဂျဲန်ဝိုင်တို့၊ ဂျဲန်ဇက်တို့ ကမ္ဘာမကြေဘူးသီချင်းကို ဆိုကြဆဲ။
"ကိုယ်တော်မှိုင်း . . .ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီ အဖိုးရေ . . ."
စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး စသည်တူညီသောရည်မှန်းချက်။ စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၏ အသွင်သဏ္ဍာန်တခုပင်။
လူတိုင်း မျိုးဆက်တခုခုတွင် ပါဝင်နေကြသည်။ လူတွေသာမဟုတ်။ လူမှုဆိုင်ရာတွေ၊ ထုတ်ကုန်ဆိုင်ရာတွေမှာလည်း မျိုးဆက်များရှိသည်။ ဒုတိယမျိုးဆက်ဝေဖန်ရေးသီအိုရီ၊ အဌမမျိုးဆက်ကွန်ပျူတာ စသည်ဖြင့်ရေးကြ၊ ခေါ်ကြသည်။
ရှေးယခင်မျိုးဆက်တွေက သတင်းစာဖတ်ကြသည်။ အဲဒီနောက်တော့ ရေဒီယိုသတင်း၊ တီဗွီသတင်း၊ ဂြိုလ်တုသတင်း၊ အင်တာနက်၊ ဆိုရှယ်မီဒီယာ။ ယခင်က အတတ်ပညာ၊ နည်းပညာသည် လူတစု၏အရေးကိစ္စ။ အခုတော့ နည်းပညာသည် လူများစုနှင့်ရင်းနှီးနေပြီ။ ယဉ်ကျေးမှုတို့လည်းပြောင်းလဲလာရသည်။ နည်းပညာရင်းနှီးသောယဉ်ကျေးမှုဟုဆိုရမည်ထင်သည်။
သခင်ကိုယ်တော်မှိုင်းက ဋီကာ၊ဂဏ္ဌိ၊လေးချိုးစသည်များ။ ဆရာနိုင်မြန်မာက ရော့ခ်။ အခု ဂျင်းဝိုင်၊ ဂျင်းဇက်တွေက ဟစ်ဟော့ပ်၊ ရက်ပ် အစရှိသည်။ ခေတ်ကိုလိုက်၍ ပုံသဏ္ဍာန်မတူကြ။
ခေတ်များပြောင်းလဲနေသည်။ မျိုးဆက်တို့သည်လည်း မတူသောခေတ်များကို ဖြတ်သန်းကြရသည်။ မျိုးဆက်တခုနှင့်တခု မွေးဖွားကြသောခေတ်များမတူကြ၊ အရွယ်ရောက်ကြသောခေတ်များမတူကြ။ မတူသောခေတ်တွင် မတူသောသောအသိကို လက်ခံရယူကြရသည်။ သို့သော် အသိကို ဘဝကလည်းပြဌာန်း၏။
ဖိနှိပ်သူက ခေတ်ကို ဖောက်ပြန်သောအမြင်ဖြင့်ရှုမြင်၏။ အဖိနှိပ်ခံက ခေတ်ကိုတိုးတက်သောအမြင်ဖြင့်ရှုမြင်၏။ ခေတ်ကို မတူသောဘဝအမြင်ဖြင့်ရှုမြင်ရာ ဓမ္မ နှင့် အဓမ္မဟူ၍ကွဲပြားသွား၏။ ထို့ကြောင့် မျိုးဆက်မတူသော်လည်း ဘဝတူလျှင် အမြင်တူနိုင်၏။ မျိုးဆက်တို့၏ နီးစပ်မှုဟုဆိုရမည်။
ဤကား ကမ္ဘာမကြေဘူးသီချင်းကို မတူသောမျိုးဆက်တို့သီဆိုနေကြခြင်း၏ အဓိပ္ပာယ်ဟုပင်ဆိုချင်တော့သည်။
သီဟလတ်
(၁၈-၅-၂၀၂၁)
*Strauss-Howe generational theory
မစ်ရှင်နရီမျိုးဆက် = Missionary Generation
လမ်းစပျောက်မျိုးဆက် = Lost Generation
ဂရိတ်တက်စ်မျိုးဆက် = Greatest Generation
အသံတိတ်မျိုးဆက် = Silent Generation
ရှင်မွေးလွန်းမျိုးဆက် =Baby boomers
(ရှင်မွေးလွန်းအသုံးအနှုန်းကိုဆရာမောင်ဆုရှင်မှစတင်သုံးခဲ့ပါသည်။)
ဂျဲန်အိတ်စ် = Generation X
ဂျဲန်ဝိုင် = Generation Y(Millennials)
ဂျဲန်ဇက် = Generation Z
ကိုးကား
*တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့ - တို့ဗမာအစည်းအရုံးသမိုင်း(အကျဉ်းချုပ်)
*လူထုဒေါ်အမာ - ဆရာကြီးသခင်ကိုယ်တော်မှိုင်း
*ဦးအောင်မွန်(မြတ်ဆုမွန်) - ရာပြည့်မစ္စတာမောင်မှိုင်း
*မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ - မှိုင်းကထာ မှိုင်းကဗျာ
*မောင်မောင်အေး(စစ်ကိုင်း) - ဒေါင်းအိုးဝေနှင့်သခင်ကိုယ်တော်မှိုင်း
*ဝီကီပီးဒီယား
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar