Breaking News

ကိုအောင်မှိုင်း - ငါတို့ပြီးရင် မင်းတို့ဆိုတာမမေ့ကြနဲ့



ကိုအောင်မှိုင်း - ငါတို့ပြီးရင် မင်းတို့ဆိုတာမမေ့ကြနဲ့

(မိုးမခ) မေ ၁၈၊ ၂၀၂၁

ဒလန်။ ။ န- တစုံတယောက်၏ အကျိူးစီးပွားအတွက် တခြားသူကို လှည့်ဖြား၍ဆောင်ရွက်ပေးသူ (ဟန္ဒီ - ဒလာလ်)။

သူလျှိူ။ ။/ဒယှို/န-သတင်းကို လျို့ဝှက်ထောက်လှမ်းသူ။

ကျနော်တို့မြန်မာနိုင်ငံမှာ ဒလန်တို့ သူလျို (ဒလျို)တို့ တွေကြောင့် လူထုအနေနဲ့ ထိခိုက်မှုတွေများ စွာရရှိ ခံစားနေတာ နေ့တဓူဝကြားသိနေရပါတယ်။ ဒလန်တွေကိုလည်း လူထုအနေနဲ့ပြတ်ပြတ်သားသား ဆန့်ကျင်အပြစ်ပေးနေတာကြတာ တွေ့ရှိနေရပါတယ်။ ဒါကလဲ အလွန်သဘာဝကျတဲ့ကိစ္စဘဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုဆိုတာ အနှံ့အပြား လက္ခဏာဆောင်တာဖြစ်လို့ ဒီကိစ္စကိုလူထုအနေနဲ့သတိ ထားရမဲ့ကိစ္စ ဖြစ်တယ် လို့လဲ ခံစားမိပါတယ်။ မြန်မာစာအဘိဓါန်ကျမ်းမှာ သေချာအောင်ပြန်လှန် ကြည့် မိပါတယ်။

ဒီနေရာမှာ လေးလေးနက်နက်သတိထားမိတာ တခုကတော့ သူလျိုဆိုတာမှာ အတွေးအခေါ်အရပါ လုပ်ဆောင်တာမဟုတ်ဘဲ ဒလန်ဆိုတဲ့ကိစ္စမှာတော့ အတွေးအခေါ်အရပါ ဖေါက်ပြန်လုပ်ဆောင်တာ ဆိုတာ အထက်မှာ ဖေါ်ပြသလို ရှင်းရှင်းလင်းလင်းမြင်မိပါတယ်။ ဒလန်ကို ကျနော်တို့ လေ့လာကြည့် တဲ့အခါ တဦးချင်း ဆောင်ရွက်တာမျိူးရှိသလို အဖွဲ့အစည်းတခုခြင်းအလိုက် အဖွဲ့အစည်းတွေစုပေါင်းထား တဲ့ အဖွဲ့အစည်းကြိး တွေမှာပါတောင် အခိုင်အမာတွေ့လာရပြန်ပါတယ်။

မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့လူထုကို စစ်အကြမ်းဖက်ကောင်စီက ရက်ရက်စက်စက်သတ်ဖြတ်မှုတွေ၊ နှိပ်စက်မှုတွေ၊ လူမဆန်စွာရမ်းကားမှုတွေ၊ လူသတ်ပြီး အလောင်းရောင်းတာတွေ၊ လူဖမ်းပြီး ပြန်ပေးဆွဲငွေတောင်းတာတွေ၊ ဗြောင်ဓားပြတိုက်တာတွေ၊ လူထုပိုင်အဆောက်အဦး ဈေးစတာတွေကို ခိုးဆိုး လု ယက်မီးရှို့ဖျက်ဆီးတာတွေ၊ တိုင်းရင်းသားဒေသတွေမှာ လူသားဒိုင်းလို လူတွေကိုကာရံ စစ်တိုက်တာ တွေ၊ မုဒိန်းကျင့်တာတွေကအစ လူမဆန်တဲ့ အော့နှစ်လုံးနာစရာလုပ်ရပ်တွေကို တနိုင်ငံလုံးသိ တကမ္ဘာလုံးသိ ဗြောင်ကျကျ ကျူးလွန် နေကြချိန်မှာ တဦးချင်းဖြစ်စေ အဖွဲ့အစည်းဖြစ်စေ လက်နက်ကိုင်အင်အားစုဖြစ်စေ လူထုတော်လှန်ရေးကို နည်းသဏ္ဍာန်မျိူးစုံနဲ့ဆန့်ကျင်ခြင်း ၊ ဝေ့လည်ကြောင်ပတ်လုပ်၊ မပူးပေါင်းခြင်း၊ စကားအဖြစ်သာပြောရင်း လက်တွေ့အရ လူထုအကျိူးကိုဆန့်ကျင်ခြင်းတွေဟာ စစ်အကြမ်းဖက်ကောင်စီကို အကျိူးပြုခြင်းသာဖြစ်တယ်လို့ ကျနော်တို့ဗြောင်ပြောကြရမဲ့အချိန်ရောက်ပါပြီ။ ဒီလုပ်ရပ်တွေကို လူထုကတော့ ဒလန်လုပ်ရပ်တွေအဖြစ် မြင်ကြမှာ သေချာပါတယ်။

ကြံ့ဖွတ်လိုပါတီက ဒလန်လုပ်နေတယ်ဆိုတာ မထူးဆန်းလှပါဘူး။ အတွေးအခေါ်အရဖြစ်စေ၊ လုပ်ဟန်အရ ဖြစ်စေ လူထုအပေါ် လိမ်လည်လှည့်ဖြား၊ ကောက်ကျစ်တဲ့ကြေးစားလုပ်ရပ်တွေကို တလျောက်လုံးလုပ်ခဲ့ကြတာ လူထုအသိဖြစ်ပါတယ်။ စစ်ဗိုလ်လူထွက်တွေ ခိုးထားတဲ့ပိုက်ဆံတွေနဲ့ဖွဲ့ထားတဲ့ ပါတီဆိုတာလဲငြင်းလို့မရသလို လူမှုအသင်းအဖွဲ့လိုလို လူမှုရေးအသင်းကနေ ပါတီထောင်ခဲ့ကြတာလဲ လူထု အသိဘဲဖြစ်ပါတယ်။ လူထုမသိတာကတော့ မင်းအောင်လှိုင်လို လူသတ်အကြမ်းဖက်ပြန်ပေးဆွဲ ဓါးပြ တိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဘယ်လိုသဘောတူညီမှုတွေ ယူထားတယ်ဆိုတာ ဖွင့်မပြောလို့ မသိရပေမဲ့ ဖွတ်နဲ့ကြေးစား ပါတီတုတွေကတော့ သိပ်မကွာလှဘူးလို့ဘဲ ပြောရမယ်ထင်ပါတယ်။အားလုံး ဟာ စစ်အုပ်စုနဲ့စစ်အုပ်စုလက်ပါးစေတွေလို့ဘဲ ပြောရတော့မှာပါ။

ခက်တာက လူမျိူးစုလွတ်မြေက်ရေးအတွက် လက်နက်ကိုင်နေပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆိုသူအဖွဲ့တချိူ့ကိုတော့ နားလည်ရအတော်ခက်ပါတယ်။ နှစ် ၇၀ လုံးလုံး လူသတ် ဓါးပြတိုက် မုဒိန်းကျင့်နဲ့ တိုင်းရင်းသားလူမျိူးစုတွေအပေါ် ဗမာလူမျိူးကြိးဝါဒကျင့်သုံးပြီး ပက်ပက်စက်စက်ယုတ်ယုတ်မာမာလုပ်ခဲ့ ကြပြီး အခုလဲ ဆက်လုပ်နေဆဲ့ စစ်တပ်ကို အပေးအယူ တချိူ့လုပ်ကြတယ်ကြားရတော့ အတော့်ကိုနားလည် ရခက်တယ်လို့ပြောရတော့မှာပါ။ ရခိုင်ပြည်ကို ကိုယ်ပိုင်အုပ်ချူပ်ရေးပေးမယ်လို့ မင်းအောင်လှိုင်နဲ့ သဘောတူထားလို့ AA တပ်တော်ဟာ ကနေ့ဗမာပြည်တပြည်လုံး စစ်အုပ်စုဆန့်ကျင်ရေးမှာ မပါဝင်တာဆိုရင်တော့ နောင်တ ရဘို့ နီးပြီလို့ဘဲပြောချင်ပါတယ်။ အကြောင်းကတော့ မင်းအောင်လှိုင်သာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို မလိမ်မညာ လက်ခံမယ်ဆိုရင် ရခိုင်ပြည်ထဲမှာ တပ်စွဲထားတဲ့ ဗမာစစ်တပ်အကုန်လုံး ချက်ခြင်းထွက်ပေးရမှာ ဖြစ်ပါတယ်။ အခုတော့ ရခိုင်ပြည်မှာရှိတဲ့ တပ်အထိုင်တွေကို ဒီအတိုင်းထား ပြီး AA ကို ခေတ္တစစ်ရပ်ထားပြီး တခြား တိုင်းရင်းသားတွေကို အပြတ်ခြေမှုန်းဘို့လုပ်တယ်ဆိုရင်တော့ ဒီအရေးအခင်းအပြီးမှာ ဗမာတပ်တွေ ရခိုင်ပြည်ကို အလုံးအရင်းရောက်လာကြမယ်ဆိုတာ ကျနော်ကြိမ်း သေပြောရဲပါတယ်။

ကနေ့ဗမာအကြမ်းဖက်စစ်တပ်ကျင့်သုံးနေတဲ့ နည်းကြီးကလဲ နှစ်၇၀လုံးသုံးနေတဲ့နည်းဟောင်းကြီးလို့ဘဲ သုံးသပ်မိပါတယ်။ KNU ကိုတိုက်ဘို့ KIA ကို စစ်ယာယီရပ်ထားတယ်။ KNU အင်အားကိုတစုံတရာ လျော့ချပြီးတာနဲ့ KIA အလှည့်ပြန်ဖြစ်ပြန်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပြုတ်တိုက်လေ့တော့ မရှိပါဘူး။ သဘောက ဗမာပြည်မှာ ပြည်တွင်ငြိမ်းချမ်းရေးရသွားရင် စစ်တပ်ကစစ်တန်းလျားပြန်ပြီး တိုင်းပြည်ကာကွယ်ရေးတာဝန်သက်သက်ဘဲ ထမ်းရတော့မှာကို စစ်ဗိုလ်ချူပ်တွေအကြောက်ဆုံးပါ။ ပြည်တွင်းစစ်ကြိးဟာ စစ်ဗိုလ်ချူပ်တွေအတွက် ပတ္တမြားမျက်ရှင် လိုတရဆေးလုံးကြိးဖြစ်တယ်ဆိုတာ ကျနော်တို့မြန်မာနိုင်ငံသားအားလုံး အလေးအနက်သဘောပေါက်ဘို့လိုပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရ တာနဲ့ စစ်တပ်က ကနေ့နေရာတကာမှာ လူပါးဝတွေနေတဲ့ နိုင်ငံရေး စီးပွါးရေး အခွင့်ထူးခံမှု စတဲ့ဘက် အသီးသီးဆုတ်ခွါကြရမှာကို အကြောက်ဆုံးက စစ်တပ်မှာ စစ်ဗိုလ်ချူပ်တွေဆိုတာကိုတော့ ကျနော် အခိုင်အမာပြောရဲပါတယ်။

နှစ် ၇၀ လုံးလုံး စစ်အုပ်စုနဲ့ အပေးအယူလုပ်လို့ဖြစ်စေ၊ ငြိမ်းချမ်းရေးနဲ့ လက်နက်လဲလှယ်လို့ဖြစ်စေ လွတ်မြောက်သွားတဲ့ တိုင်းရင်းသားဆိုလို့ တဖွဲ့မှမရှိတာတော့ သမိုင်းလေ့လာသူတိုင်းသိနေပြီး ဖြစ်မယ်ထင်ပါတယ်။ ကျ နော်တို့ ရှင်းရှင်းလင်းလင်းရိုးရိုးသားသားဘဲ ပြောကြပါစို့လို့ဘဲ တောင်းဆိုချင်ပါတယ်။ KNU ဥက္ကဌ စောမူတူဆေးဖိုးအပါအဝင် EAO တချိူ့ပြောနေတဲ့ NCA လမ်းကြောင်းဆိုတာနဲ့ပတ်သက်ပြီး နော် စီဖိုးရာစိန် (ကရင် ခေါင်းဆောင်) တဦးပြောတဲ့စကားနဲ့ဘဲ ကျနော်ချဉ်းကပ်တင်ပြချင်ပါတယ်။




“မေး။ ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း EAO တချို့ဟာ NCA ကို ဆက်လက်မျှော်လင့်နေကြ တုန်းပဲဆိုတာ တွေ့ရတယ်။ ဘာကြောင့်လဲ။

ဖြေ။ ။ NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက တချို့ဟာစာချုပ်မပျက်သေးဘူးလို့ ထင်နေကြတယ်။ လက် တွေ့ မှာတော့ NCA ဟာ မရှိတော့ဘူး။ဘာကြောင့် ကျမဒီလိုပြောနိုင်ရတာလဲ။ NCA လက်မှတ်ထိုးတာ မြန် မာစစ်တပ်ရယ်၊ အရပ်သားအစိုးရရယ်၊ တိုင်းရင်းသားလက်နက်ကိုင်တချို့ရယ်။ မြန်မာစစ်တပ်က NCA ကို စတင်ချိုးဖောက်တာဖြစ်တယ်။ စာချုပ်လက်မှတ်အတူတူထိုးထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာ သိမ်းလိုက်တယ်။ အဲဒီမှာ NCA ငါးပါးမှောက်တာပဲ။ စာချုပ်ကိုင်ပြီး ဘယ်သူနဲ့ စကား ပြောညှိနှိုင်းရမလဲ မေးစရာရှိလာတယ်။ စစ်တပ်နဲ့လား။ စာချုပ်ပြဌာန်းချက်အရ ညှိနှိုင်းဖို့ဆို (အစိုးရ/စစ်တပ်/EAO) သုံးဖွဲ့စလုံးပါဖို့လို တယ်။ နိုင်ငံရေး ပြဿနာတွေဟာ မြန်မာစစ်တပ်၊ EAO နဲ့ အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်။ တိုင်းပြည်အာဏာကို အင်အားသုံးသိမ်းယူလိုက်တယ် ဆိုကတည်းက မြန်မာစစ်တပ်ဟာ NCA ကို တရားဝင် ချိုးဖောက်လိုက်ပြီးသား ဖြစ်သွားခဲ့ပြီ။ NCA မှာ နိုင်ငံသားတွေကိုကာကွယ်စောင့်ရှောက်ဖို့ အသေအချာ ပြ ဌာန်းထားတယ်။နှိပ်စက်ညှင်းပန်းတာ မလုပ်ရဘူး။ဒါကြောင့် နိုင်ငံသားတွေကိုနှိပ်စက်ညှင်းပန်တာမျိုး မလုပ် သင့်ဘူး။ ခုတော့ သူတို့ဟာ ကိုယ်ပေးထားတဲ့ကတိ ကိုယ်ပြန်ချိုးဖောက်ပြီး နိုင်ငံသားတွေကို ရက်ရက်စက် စက်သတ်ဖြတ်ခဲ့တယ်။ ဒီလိုကိုယ့်နိုင်ငံသား ကိုယ်ပြန်သတ်တဲ့ စစ်အာဏာရှင်နဲ့ ဘယ်လိုအပေးအယူလုပ်မှာ လဲ။ ကျမအမြင်ပြောရရင် EAO တွေ သေသေချာချာစဉ်းစားကြဖို့ပဲ။ ကျမတို့ လုပ်သင့်တာက ဒီအကြမ်းဖက် စစ်အာဏာရှင် ပြိုလဲဖို့ဖြစ်တယ်။သူတို့ကို ပြန်လှန်တိုက်ရဲဖို့လိုတယ်။ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းဟာ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ တခုတည်းသော နည်းလမ်းတော့မဟုတ်ဘူး။ နည်းလမ်းအသွယ်သွယ်ရှိတယ်။ ကျမတို့ EAO တွေ ညီညွတ်ကြမယ်ဆိုရင် စစ်အာဏာရှင်ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်။ တရားမျှတ မှန်ကန် တဲ့ တော်လှန်ရေးဟာ တနေ့အောင်ပွဲခံမှာပဲ။ ရန်သူကိုတော့ ရန်သူလိုပဲ မြင်ဖို့ လိုတယ်။ ရန်သူနဲ့ မိတ်ဆွေ ကွဲကွဲပြားပြား ခွဲခြားဖို့လည်းလိုတယ်။ မဟုတ်ရင် တော်လှန်ရေးမှာ အဖုအ ထစ်တွေရှိမယ်။ ဒါတော်လှန်ရေး သမားတိုင်း သတိထားရမယ့် အချက်ပဲ။ ကျမတို့ တော်လှန်ရေးရဲ့ ပန်းတိုင်က ဘာလဲ။ ကျမတို့ ဖိနှိပ်ညှင်းပန်း အုပ်ချုပ်တဲ့ လက်အောက်မှ လွတ်မြောက်ဖို့ တိုက်ပွဲဝင် ကြတယ်။ ဒီကနေ့ မြို့ပြမှာ တွေ့နေရတဲ့ ဖိနှိပ်ညှင်းပန်း မှုမျိုးပေါ့။ ခုလူတိုင်းက အာဏာရှင်ကို ဆန့် ကျင်လာကြပြီ။ ကျမတို့လည်း မပါသင့်ဘူးလား။ သေချာတာပေါ့။ ကျမတို့ ပါသင့်တာပေါ့။ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမားလို့ ခံယူထားတဲ့ EAOအားလုံး ဒီအချက်ကို သ ဘောပေါက်ဖို့လိုတယ်။”

ကျနော်တဥိးချင်းအမြင်ကတော့ NCA ကိုဘဲ အကြောင်းပြပြ အခြားအကြောင်းပြချက်တွေကိုဘဲ အကြောင်း ပြပြ အပေါ်ယံစကားလုံးတွေကိုဘဲ အကြောင်းပြပြ တပြည်လုံးတိုင်းရင်းသားပေါင်းစုံရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ ဘေးထွက်လိုက်တာဟာ စစ်အာဏာရှင်တွေရဲ့လူထုအပေါ်ဖိနှိပ်ဘို့ အခွင့်အရေး ပေးလိုက်တာထက်မပိုပါဘူး။ မင်းအောင်လှိုင်စစ်အုပ်စုနဲ့ စေ့စပ်ဆွေးနွေးရေးဖြစ်ဖြစ် ဘေးထွက်ထိုင်ရေး ဖြစ်ဖြစ် စစ်တပ် အားပေးလုပ်ငန်းတွေကို တိတ်တိတ်ခိုးလုပ်တာတွေဘဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိူးပေါင်းစုံ ပြည်သူလူထုတွေကတော့ လုံးဝကြေနပ်ကြမှာမဟုတ်ဘူးဆိုတာ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။ ပြောရရင်တော့ဗျာ။ မင်းတပ်မြို့မှာ စစ်အကြမ်းဖက်ကောင်စီရဲ့ လေယျာဉ်တွေ လက်နက်ကြိးတွေနဲ့ တူမီးလောက်သာရှိတဲ့ ချင်းပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာတွေ၊ တွေ့တဲ့လူကို သတ်ဖြတ် ရိုက်နှက်ပြီးလူကိုတံတိုင်းလုပ်ခဲ့တာတွေ၊ မိန်းကလေးတွေကို မုဒိန်းကျင့် ခဲ့တာတွေကိုတော့ NCA ဆိုသူကြိးများကို သိအောင် ထပ်လောင်း ပြောပါရစေဗျာ။ ခင်ဗျားတို့ပြောနေတာတွေ အတွေးအခေါ်နဲ့လုပ်ရပ်တွေ ဟာ ကျနော်တို့သိတဲ့ “ဒလန်” အတွေးအခေါ်နဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း ကျနော်တော့ရိုးရိုးသားသား မြင် မိပါတယ်။

အရေးတော်ပုံ အောင်ရမည်
ကိုအောင်မှိုင်း
မေလ ၁၇ရက် ၂၀၂၁ခုနှစ်




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar