Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၁၈၊ ၂၀၂၁
ဦးဆောင်မှု နဲ့ စုစည်းမှု၊ ညှိနှိုင်းမှု နဲ့ တော်လှန်ရေး


၂၀၂၁ မှာ ဖြစ်ပွားတဲ့ အာဏာသိမ်းမှုကို တွန်းလှန်တဲ့ လှုပ်ရှားမှုကို စစ်အာဏာရှင် စနစ် တော်လှန်ရေး၊ ဒီမိုကရေစီတော်လှန်ရေး၊ ဖက်ဒရယ် စနစ်သို့ ဦးတည်တဲ့ တော်လှန်ရေး စသဖြင့် အနှစ်သာရပေါ်မူတည်ပြီး အမည်နာမ အမျိုးမျိုးခေါ်ဝေါ်ကြတာတွေ့ရပါတယ်။

၂၀၂၁ ခုနှစ် အရေးတော်ပုံ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ တော်လှန်ကြရာမှာ ယခင် ၈၈ ခုနှစ်တုန်းက နောက်ခံမျိုးမဟုတ်၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နောက်ခံမျိုးမဟုတ်ပဲ ခုတကြိမ် နိုင်ငံရေးနောက်ခံ အခြေအနေ တော်လှန်တဲ့ အဖွဲ့အစည်းတွေ၊ လူထုရဲ့ သိမြင်နားလည်မှု စတာတွေက ယခင်ဖြစ်စဥ် အခြေအနေ နောက်ခံတွေနဲ့ မတူကွဲပြားပါတယ်။

ကြွေးကြော်သံတချို့ တူကောင်းတူပေမယ့် ပါဝင်လာတဲ့ လူငယ်တွေ၊ ဆန္ဒပြသပိတ်မှောက်တဲ့ ပုံစံတွေ တုံ့ပြန်ပုံတွေက အရင် ဖြစ်စဥ်တွေနဲ့ တော်တော်လေးကွဲပြားတာတွေ့ရပါတယ်။

မျိုးဇက် Z လို့ခေါ်တဲ့ လူငယ်တွေက အင်တာနက်ခေတ်၊ မိုဘိုင်း အင်တာနက်ခေတ်၊ ယူကျူ့ခေတ် တွစ်တာခေတ်မှာ မွေးဖွားကြတဲ့သူတွေမို့ တဦးချင်း စိတ်ကူးတွေကို ဖေါ်ထုတ်ကြ ၊ အကောင်အထည်ဖေါ်ကြည့်ကြ နောက်က နှစ်သက်တဲ့ သူတွေက လိုက်ပြီး အတုယူလိုက်လုပ်ကြတဲ့ သဘောလည်း တွေ့ရပါတယ်။ အင်တာနက်ရှိနေရင် ဖုန်းရှိနေရင် တယောက်နဲ့တယောက်ရဲ့ အကြားက ဆက်သွယ်ရေးကို ဘယ်လိုနည်းနဲ့မှ တားဆီးလို့မရ ရည်မှန်းချက်တူသူတွေအကြား လက်တွေ့ ဖေါ်ဆောင်မှုလုပ်ငန်းစဥ် တူသူတွေအကြား အစဥ်အြမဲ ချိတ်ဆက်နေ connected တဲ့ခေတ် ဖြစ်ပါတယ်။

ဒါတွေက သတင်းအချက်အလက်န့ဲ နည်းပညာခေတ်ရဲ့ အားသာချက်တွေကို သုံးပြီး အာဏာရှင်တွေကို ဆန့်ကျင် ဖြုတ်ချဖို့ လုပ်ဆောင်ကြတာြဖစ်ပါတယ်။ အာဏာရှင်တွေကို တန်ပြန် လုပ်ကြံဖို့ လက်လုပ်ဗုံးတလုံး ဘယ်လိုလုပ်ရမလဲဆိုတာတွေ၊ ဂက်စ်သေနတ်ကို ဘယ်လိုလုပ်ရသလဲ ဆိုတဲ့ လုပ်နည်းတွေကို အင်တာနက်ပေါ်မှာ လူတိုင်း လက်လှမ်းမီှ နေတဲ့ခေတ်လည်း ဖြစ်ပါတယ်။

တော်လှန်ရေးတရပ်မှာ နည်းနာတွေ ခေတ်မှီ နည်းပညာတွေ နည်းစနစ်တွေ အတတ်ပညာတွေ သုံးနိုင်ဖို့ အရေးတကြီးလိုအပ်သလိုပဲ နိုင်ငံရေး ဦးဆောင်မှု၊ အင်အားစုတွေ အကြား ဆက်စပ်ပေါင်းစည်းမှု၊ လုပ်နေတဲ့အရာကို အကဲဖြတ်ပြီး တကယ်လိုအပ်တဲ့အရာ အရေးပါတဲ့အရာဆိုပါက ပိုပြီးရှေ့ရောက်အောင် ဦးဆောင်မှုပေးဖို့၊ လမ်းကြောင်းလွဲနေတဲ့ အရာ ကိစ္စတွေမှာ လူထု၊ သက်ဆိုင်ရာ အစုအဖွဲ့တွေကို ရှင်းပြပြီး မှန်ကန်ထိရောက်မယ့် လမ်းကိုဦးဆောင် လမ်းပြဖို့ အရေးတကြီးလိုအပ်နေတယ်လို့ မြင်ပါတယ်။

ဥပမာအားဖြင့် ပြရရင် CDM လို တိုက်ပွဲနဲ့ပတ်သက်လို့ ၁ လ ၊ ၂လ၊ ၃ လ ကြာလာသည်နဲ့အမျှ ပြန်သုံးသပ်တာ၊ ရောက်နေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ နည်းနာတွေ ပြင်ဆင်ဖို့လိုအပ်ရင် ပြင်ဆင်ပြီး တိုက်ပွဲမှာပါဝင်နေတဲ့ သက်ဆိုင်တဲ့ သူအားလုံးကို အသိပေးသင့်တာအသိပေး တိုက်ပွဲက ရေတိုကနေ ရေရှည် ပြောင်းလဲလာတဲ့အခါမှာ ရှေ့က ရေတိုကာလအတွက် ချမှတ်ခဲ့တဲ့ နည်းလမ်း နည်းနာတွေကို ပြန်သုံးသပ်ပြီး ပြင်ဆင်ဖို့လိုအပ်ရင် ပြင်ဆင်ပြီး လူထုကို ရှင်းပြ ဦးဆောင်မှုပေးတာတွေကို နိုင်ငံရေးဦးဆောင်မှု အဖွဲ့အစည်းတွေက လုပ်ဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။

မကြာခင် သီတင်းပတ်တွေမှာ ဖွင့်တော့မယ့် အခြေခံပညာကျောင်းတွေနဲ့ ပတ်သက်ရင်လည်း နိုင်ငံရေး ဦးဆောင်တဲ့အဖွဲ့ဖြစ်တဲ့ NUG အနေနဲ့ သဘောထား မှတ်ချက် ပေးတာ၊ နိုင်ငံရေး အရရှင်းပြ ဦးဆောင်မှုပေးတာမျိုးလုပ်ပေးဖို့ လူထုက မျှော်လင့်နေကြပါတယ်။ စစ်ကောင်စီက စီစဥ်တဲ့ ပညာရေးစနစ်ကို မသုံးဘူးဆိုရင် လူအများစုအတွက် ဘယ်လို အစီအစဥ်တွေ NUG က လုပ်ဆောင်ထားသလဲ။ ဘယ်လို နည်းစနစ်နဲ့ သွားကြမလဲဆိုတာမျိုးကို လူထုကို ရှင်းပြတာမျိုး လုပ်စေချင်တာပါ။

တိုက်နေတဲ့တိုက်ပွဲက သီတင်းပတ်အတွင်း လအနည်းငယ်အတွင်း အရှုံးအနိုင်မသဲကွဲနိုင်တဲ့ အခြေအနေဆိုခဲ့ရင် ပညာရေး ကျန်းမာရေး၊ စတာတွေနဲ့ပတ်သက်ပြီး ဘယ်လို ရွေးချယ်စရာ နည်းလမ်းရှိမလဲ ဆိုတာတွေ နဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ ပြည့်စုံလွှမ်းခြုံနိုင်တဲ့ မူဝါဒ၊ လုပ်ငန်းစဥ်တွေ အသိပေးရှင်းပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ပညာရေး၊ ကျန်းမာရေး နဲ့ပတ်သက်လို့ ပြည်တွင်းထဲမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေနယ်တွေမှာ နေထိုင်နေရသူတွေ ဘယ်လို စီစဥ် လုပ်ဆောင်သင့်သလဲဆိုတာ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ လျင်လျင်မြန်မြန် တု့ံပြန်ပြောဆိုပေးစေချင်ပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်း ပုံမှန် ကျောင်းဖွင့်တဲ့လ ဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့ ရောက်တော့မှာလည်း ဖြစ်ပါတယ်။

အင်္ဂလိပ်ကိုလိုနီခေတ်လို အမျိုးသားကျောင်းတွေ ပေါ်ထွက်လာဖို့ အလားအလာ သိပ်မရှိဘူးလို့ထင်ပါတယ်။ ဘာကြောင့်ဆုိ ကိုလိုနီအင်္ဂလိပ်အစိုးရရဲ့ သည်းခံနိုင်ရည် က စစ်အာဏာရှင် စစ်ကောင်စီထက် အများကြီးမြင့်တာကြောင့် ခုစစ်ကောင်စီ အောက်မှာ အမျိုးသားကျောင်းလို စင်ပြိုင် ပညာရေးကျောင်းတွေ ပေါ်ထွက်လာဖုိ့ မလွယ်ကူတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

အလားတူ လူအများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ်လည်း ရွေးချယ်စရာ နည်းလမ်းတွေ အမျုိးသားညီညွတ်ရေး အစိုးရအနေနဲ့ မူဝါဒ ချမှတ်ပေး လမ်းညွှန်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ခုအနေအထားမှာ အစိုးရဆေးရုံတွေ မလည်ပတ်နိုင်တဲ့အခါ အရေးတကြီးကိစ္စတွေမှာ ပုဂ္ဂလိကဆေးရုံလည်း တက်ဖို့ ငွေကြေး မလုံလောက်သူတွေအတွက် ဘယ်လို ရွေးချယ်စရာ ရှိမလဲဆိုတဲ့ မေးခွန်းတွေ ရှိနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

 ပြည်တွင်းကအများစုသော ပြည်သူတွေ အတွက် လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး ၊ ပညာရေး စတဲ့ အရေးပါတဲ့ ကဏ္ဍတွေအတွက် ဦးဆောင်မှုပေးဖို့ အရေးတကြီးလိုအပ်နေတဲ့အကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar