Breaking News

အောင်ဒင် - "မင်းတပ်"



အောင်ဒင် - "မင်းတပ်"

(မိုးမခ) မေ ၁၆၊ ၂၀၂၁

တစ်ချိန်တုန်းက
ဗြိတိသျှနယ်ချဲ့ကို ဆန့်ကျင်တော်လှန်ခဲ့တယ်၊
အခုတော့
ဖက်ဆစ် မအလတွေကို ဆန့်ကျင်တော်လှန်နေကြတယ်၊
သူရဲကောင်းတို့ရဲ့ အညံ့မခံစိတ်ဓာတ်နဲ့
ချင်းပြည်နယ် တောင်ပိုင်းက "မင်းတပ်"…။

ခေတ်အဆက်ဆက်မှာ
သာယာလှပခဲ့တဲ့ မြေ
ခေါနူးစုမ် (ဝိတိုရိယ) တောင်မကြီးကို နောက်ခံပြုလို့၊
တိမ်တွေပေါ်မှာ အိမ်တွေဆောက်လို့၊
ချယ်ရီပန်းတွေ အုပ်အုပ်ဆိုင်းဆိုင်း လန်းစွင့်လို့၊
ကိုးကွယ်ရာပေါင်းစုံ ငြိမ်းချမ်းစွာ တန်းတူညီမျှ ရှင်သန်ကြလို့၊
အဝေးဆုံးက လာမယ့် ဧည့်သည်တွေကို
လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်တဲ့ မြေမှာ
ဖက်ဆစ်လူသတ်ကောင်တွေအတွက် နေရာမရှိ…။

အင်အားမမျှပေမယ့်လဲ
"မင်းတပ်" ဟာ အညံ့ခံမှာ မဟုတ်ဘူး၊
လက်နက်ချင်း ကွာခြားပေမယ့်လဲ
"မင်းတပ်" ဟာ အရှုံးပေးမှာ မဟုတ်ဘူး၊
လေယဉ်ပျံတွေနဲ့ ဗုံးကြဲတိုက်ခိုက်လဲ
"မင်းတပ်" ဟာ လဲပြိုသွားမှာ မဟုတ်ဘူး၊
"ထန်းဟုန်းထန်း" အပါအဝင်
ကျဆုံးသွားတဲ့ သူရဲကောင်းတို့ရဲ့
သွေးနဲ့ ရေးတဲ့ အလံတော်ကို
"မင်းတပ်" ရဲ့ ကောင်းကင်မှာလွှင့်ထူထားကြ
"ဖက်ဆစ်တို့ လုံးဝ အုပ်ချုပ်ခွင့် မရစေရ"…။

နောက်မျိုးဆက် အဆက်ဆက်
ဖက်ဆစ်တွေလက်အောက်မှာ ကျေးကျွန်မဖြစ်ကြဖို့
ငါတို့ ဆက်လက်တိုက်ပွဲဝင်ကြမယ်၊
ငါတို့ရဲ့ နောက်ဆုံးနေ့တွေဟာ
ဖက်ဆစ်တွေရဲ့ နောက်ဆုံးနေ့လဲ ဖြစ်ရမယ်၊
ငါတို့ရဲ့ တောင်တန်းကြီးတွေကို ငါတို့ပဲ ပိုင်ရမယ်၊
အဲဒီလို၊ ဒဏ်ရာအနာတရတွေနဲ့ အော်ဟစ်ကြိမ်းဝါးလိုက်တဲ့
"မင်းတပ်" ရဲ့ တိုက်ပွဲခေါ်သံကို
အွန်လိုင်းပေါ်မှာ ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်တွေ ကြားသိစေချင်ရဲ့ ….။


(မေ ၁၅၊ ၂၀၂၁)

မှတ်ချက်။ (၁) " ခေါနူးစုမ်" ဆိုတာ "ဝိတိုရိယ" တောင်ကြီးရဲ့ ချင်းအမည်ပါ။
(၂) "ဟုန်းထန်းဟုန်း" ဟာ အသက် ၁၇ နှစ်အရွယ် ချင်းလူငယ်လေးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှာ ဖက်ဆစ်မအလတွေ ပစ်တဲ့ လက်နက်ကြီးကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။
(၃) ဓာတ်ပုံတွေကို မြန်မာနောင်း (Myanmar Now) သတင်းဋ္ဌာနရဲ့ ဝက်ဘ်ဆိုက်က ယူပါတယ်။ ခွင့်ပြုချက်မတောင်းမိတာကို သည်းခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar