Breaking News

အောင်သစ် - မှန်ကန်သည့် တော်လှန်ရေးလမ်းကြောင်း နှင့် အနှောင့်အယှက်အဟန့်အတား



အောင်သစ် - မှန်ကန်သည့် တော်လှန်ရေးလမ်းကြောင်း နှင့် အနှောင့်အယှက်အဟန့်အတား

(မိုးမခ) မေ ၁၆၊ ၂၀၂၁

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီအထိ အနီး ဆုံးအတိတ်ကို ပြန်ကြည့်လျှင် မြန်မာ့နိုင်ငံရေးတွင် ဖြစ်ထွန်း ခဲ့သည့်အမြင်များ၊ အယူအဆများ များစွာ ရှိခဲ့သည်။ ထိုအမြင် များ၊ အယူအဆများထဲမှ ထင်ရှားသည့် တချို့ကို ဖော်ပြပါမည်။

- တချို့နိ်ုင်ငံရေးအသိုင်းအဝိုင်းများကြားတွင် တော်လှန်ရေးဆိုသောစကားလုံးကို သုံးစွဲလျှင်ပင် ကြောင် တောင်တောင်ဖြစ်လာသည်။ တော်လှန်ရေးစကားလုံးအစား movement ဆိုသည့်စကားလုံးက နေရာယူလာသည်။

- ယူဂျီလုပ်ငန်း၊ မြေအောက်လုပ်ငန်းဆိုသည်မှာ မရှိတော့၊ မြေအောက်လုပ်ငန်းလုပ်ရင်း တဖြည်းဖြည်း မြုပ်သွားပြီး၊ နောက်တော့ ပျောက်ကွယ်သွားမည်ဟု ရီစရာလုပ် ပြောလာကြသည်။

- ၂၀၁၀ ပါတီစုံရွေးကောက်ပွဲနောက်ပိုင်း၊ ပို၍ ဆိုးသည်မှာ ၂၀၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် အခုက တည်ဆောက်ရေးကာလရောက်သွားပြီ၊ ရန်သူဆိုတာလည်း မရှိတော့၊ စစ်အာဏာရှင်စနစ်ဆိုတာလည်း ပြစရာမရှိတော့ဘူးဆိုတာမျိုးပင် ပြောဆိုလာကြသည်။

- ဒီနေ့ ကမ္ဘာမှာဖြစ်စေ၊ မြန်မာမှာဖြစ်စေ လက်နက်ကိုင်တော်လှန်ရေးဆိုတာ ခေတ်မမီတော့ဘူး၊ လက်နက် ကိုင်တော်လှန်ရေး လုပ်လို့လည်း မရတော့ဘူးဆိုသည်အထိ ဖြစ်လာသည်။

- လက်နက်ကိုင်လမ်းစဉ်ဖြင့် စနစ်တခုကို ပြောင်းလဲဖို့ကြိုးစားလျှင် အာဏာရှင်စနစ်သာ ပြန်ဖြစ်သွားမည်ဖြစ်သောကြောင့် အကြမ်းမဖက်နိုင်ငံရေးနည်းဖြင့်သာ၊ ပါလီမန်ဒီမိုကရေစီနည်းဖြင့်သာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန်လုပ်သွားမည်။ တဆက်တည်း လမ်းပေါ်ထွက်ဆန္ဒပြခြင်းကိုပင် အပြစ်မြင်လာသည်။

- နိုင်ငံတနိုင်ငံတွင် တပ်မတော်သည် မရှိမဖြစ် အဖွဲ့အစည်းဖြစ်သောကြောင့် တပ်မတော်အပါအဝင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးနည်းလမ်းဖြင့် တိုင်းပြည်ကောင်းအောင် လုပ်သွားမည်။

- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည်။

- ရခိုင်ဒေသနှင့် နယ်စပ် တိုင်းရင်းသားဒေသများတွင် တပ်မတော်၏စစ်ရေးလှုပ်ရှားမှုများသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများသာဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ခြင်းမရှိပါ။

- တပ်မတော်သည် အခိုင်အမာဆုံး၊ စနစ်အကျဆုံး institution ဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏အခန်းကဏ္ဍကိုဖယ်ပြီး စဉ်းစား၍ မရပါ။

စသည့် စသည့် အမြင်အယူအဆများ မြန်မာ့နိုင်ငံရေးတွင် ပေါ်ပေါက်ခဲ့သည်။

ပါတီစုံရွေးကောက်ပွဲ၊ ပါတီစုံလွှတ်တော်နိုင်ငံရေးအဆောင်အယောင်များ မည်မျှပင်လွှမ်းမိုးနေစေကာမူ အနှစ် သာရအားဖြင့် စစ်အာဏာရှင်စနစ် ရှိမြဲရှိနေဆဲဖြစ်ကြောင်း မြင်သူများက မြင်ကြသည်၊ ပြောစရာရှိသည်များ ပြောခဲ့ကြသည်။

နွေဦးတော်လှန်ရေးသည် မြန်မာ့နိ်ုင်ငံရေးသမိုင်းတွင် ထူးခြားသည့်သမိုင်းမှတ်တိုင်များစွာကို စိုက်ထူခဲ့သည့် တော်လှန်ရေးဟု ပြောရမည်ဖြစ်သည်။ ထိုထက် ပိုပြောရလျှင် ကမ္ဘာကပါ စောင့်ကြည့်နေရသည့် ကမ္ဘာ့သမိုင်း မှတ်တမ်းဝင် အကြောင်းအရာများ ရှိနိုင်သည်ဟုပင် ပြောလိုပါသည်။ နောင်တချိန် နိုင်ငံရေးသမိုင်း သုတေသီပညာရှင်များက နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ သုံးသပ်ချက်များ ပြောလာကြပါလိမ့်မည်။

ယခုလောလောဆယ် ပြောလိုသည်မှာ နွေဦးတော်လှန်ရေး၏ သမိုင်းဝင်အပြောင်းအလဲများထဲမှ အရေးအကြီးဆုံး အပြောင်းအလဲများအကြောင်းဖြစ်သည်။ ထိုအပြောင်းအလဲသည် တွေးခေါ်သိမြင်မှုဆိုင်ရာ အပြောင်း အလဲဖြစ်သည်။ အထက်တွင် ရေးပြခဲ့သည့် အမြင်အယူအဆများကို ပြောင်းပြန်ဖြစ်သွားအောင် တော်လှန်ပြောင်းလဲပစ်ခြင်းပင်ဖြစ်သည်။ မည်သူက အထက်ပါအယူအဆများကို မှားယွင်းကြောင်း ဖော်ပြပြီး၊ ပြောင်း ပြန် ဖြစ်အောင် ပြောင်းလဲပစ်လိုက်သလဲဟု မေးလျှင် တော်လှန်ရေးလက်တွေ့က ပြောင်းလဲပစ်လိုက်သည်၊ နွေဦးတော်လှန်ရေးလက်တွေ့က ပြောင်းလဲပစ်လိုက်သည်ဟုသာ ဖြေရတော့မည်။ နွေဦးတော်လှန်ရေးသာ မပေါ်ပေါက်ခဲ့လျှင် ထိုအမြင်အယူအဆ အတိမ်းအစောင်း အမှားအယွင်းများကို ပြောင်းလဲပစ်ရန် သဘော တရားရေး ဆွေးနွေးငြင်းခုန်ရမည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနိုင်သည်။

ယခု နွေဦးတော်လှန်ရေးကြောင့် ပြောင်းလဲသွားသည့်အမြင်အယူအဆများမှာ -

- လူထုလှုပ်ရှားမှုကြီးသည် Movement မျှသာမဟုတ်၊ စနစ်ဆိုး စနစ်ဟောင်းတခုနေရာတွင် စနစ်သစ် စနစ်ကောင်းတခု အစားထိုးပြောင်းလဲမည့် တော်လှန်ရေးမှ တော်လှန်ရေးစစ်စစ်ဖြစ်သည်ဟု သိလာကြသည်။

- ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်အောက်တွင် မြေအောက်လုပ်ငန်း၊ ယူဂျီလုပ်ငန်းကို အလွန်အရေးကြီးသည့်လုပ်ငန်းအဖြစ်မြင်ပြီး လက်တွေ့လုပ်ကိုင်လာကြသည်။

- စစ်အုပ်စုနှင့်စစ်အာဏာရှင်စနစ်သည် တိုင်းရင်းသားပြည်သူတရပ်လုံး၏ရန်သူစစ်စစ်၊ လွှတ်တော်ကိုယ်စား လှယ်အားလုံး၏ရန်သူစစ်စစ်ဖြစ်ကြောင်း ထင်ထင်ရှားရှား သိလာကြသည်။

- လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်သာလျှင် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားသုတ်သင်ကာ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်မည့် တခုတည်းသော မှန်ကန်သည့်ထွက်ရပ်လမ်းအဖြစ် သဘော ထားပြီး လက်တွေ့လုပ်ကိုင်လာကြသည်။

- အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးလမ်းကြောင်းသည် လုံးဝ မှားယွင်းကာ၊ အကြမ်းဖက်စစ်ကောင်စီတပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှဖယ်ရှားပစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အသစ်ဖြင့် အစား ထိုးသွားမည်ဟု ဆုံးဖြတ်လာကြသည်။

- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားပြည်သူတရပ်လုံး၏ အကျိုးအတွက် အားကိုးစရာ လက်နက်ကိုင်နိုင်ငံရေးအဖွဲ့အစည်းများအဖြစ် ကြည့်မြင်လာကြသည်။

- ရခိုင်ဒေသနှင့် နယ်စပ်တိုင်းရင်းသားဒေသများတွင် တပ်မတော်၏စစ်ရေးလှုပ်ရှားမှုများသည် လူမျိုးတုန်းသတ်ဖြတ်မှုများဖြစ်ပြီး ကမ္ဘာ့တရားရုံး အိုင်စီစီတွင် တရားစွဲဆိုရန် ပြင်ဆင်လာကြသည်။

နွေဦးတော်လှန်ရေးက ပြောင်းလဲပစ်လိုက်သော၊ တော်လှန်သောအမြင်အယူအဆများနှင့်အတူ ပေါ်ထွက်လာ သည်က နွေဦးတော်လှန်ရေးလွှတ်တော်(CRPH) နှင့် နွေဦးတော်လှန်ရေးအစိုးရ(NUG) တို့ပင်ဖြစ်သည်။ 

CRPH နှင့် NUG ကို ရွေးကောက်ခံကိုယ်စားလှယ်များသက်သက်ဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော် နှင့် အစိုးရဟု ပြော၍မရတော့။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို အခြေခံထားသည့် တိုက်ပွဲဝင်ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော တိုက်ပွဲဝင်လွှတ်တော်နှင့် တိုက်ပွဲဝင်အစိုးရဖြစ်သည်။ တရားဝင်ပုံမှန်လွှတ် တော်၊ တရားဝင်ပုံမှန်အစိုးရတို့၏လုပ်ငန်းဆောင်တာများကိုလည်း လုပ်ဆောင်ရသည့်နည်းတူ နွေဦးတော်လှန် ရေး၏ လုပ်ငန်းတာဝန်များကိုလည်း မဖြစ်မနေ ထမ်းဆောင်ကြရသည်။ အောက် ပါအချက်များကို ကြည့်လျှင် နွေဦးတော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေကြောင်း ပေါ်လွင်ထင်ရှား စေပါသည်။

၁။ အာဏာသိမ်းစစ်ကောင်စီ(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-စကစ)အား အကြမ်းဖက်အုပ်စုအဖြစ် ကြေ ညာခြင်း။ (CRPH- မတ်လ ၁ ရက် ၂၀၂၁၊ ကြေညာချက်အမှတ်-၁၀/၂၀၂၁)

၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်းကြေညာခြင်း။ (CRPH- မတ်လ ၁၇ ရက် ၂၀၂၁၊ ကြေညာချက်အမှတ်-၁၄/၂၀၂၁)

၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ထုတ်ပြန်ထုတ်ပြန်ကြေညာခြင်း။
(CRPH- မတ်လ ၃၁ ရက် ၂၀၂၁၊ ကြေညာချက်အမှတ်-၁၉/၂၀၂၁)

၄။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈) ကိုအပြီးသတ်ဖျက်သိမ်းကြောင်းကြေညာခြင်း။
(CRPH- မတ်လ ၃၁ ရက် ၂၀၂၁၊ ကြေညာချက်အမှတ်-၂၀/၂၀၂၁)

၅။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းကြောင်းကြေညာခြင်း။
(CRPH- ဧပြီလ ၁၆ ရက် ၂၀၂၁၊ ကြေညာချက်အမှတ်-၂၃/၂၀၂၁)

၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဖွဲ့စည်းကြောင်းကြေညာခြင်း။
(NUG- မေလ ၅ ရက် ၂၀၂၁၊ ကြေညာချက်အမှတ်-၁/၂၀၂၁)

ထိုကြေညာချက်များနှင့် လက်တွေ့ဆောင်ရွက်နေမှုများသည် ၂၀၂၁ မတိုင်မီ လွှတ်တော်နှင့် အစိုးရလက်ထက်တွင်ဆိုလျှင် ပေါ်ပေါက်လာ စရာမရှိသည့်ကိစ္စရပ်များပင်ဖြစ်သည်။ နွေဦးတော်လှန်ရေးက ပြောင်းလဲပေးလိုက်သော အတွေး အခေါ် အမြင်အယူအဆများက ပေါ်ထွက်လာသည့် နိုင်ငံရေးရလာဒ်များဟု ဆိုနိုင်သည်။

ထိုမျှသာမက မေလ ၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဒုတိယသမ္မတ၊ ဒူဝါလရှီးလ၏ ပြည်သူသို့ ပြောကြားသောမိန့်ခွန်းတွင်လည်း အကြမ်းဖက်စစ်အုပ်စုနှင့်ပတ်သက်၍သဘောထားကို ယခုကဲ့သို့ ပြော ထားပြန်သည်။

"ASEAN summit မှာ ဆုံးဖြတ်ချက်ချလိုက်တဲ့ တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းသည် မြန်မာပြည်သူလူထု တရပ်လုံး လိုလားတဲ့အဖြေ မဟုတ်ပါ။ မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ပြည်သူလူထုရဲ့သဘောထားနဲ့ ဆန့်ကျင်ကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးကို ချဉ်းကပ်မည်မဟုတ်ပါ။ ပြည်သူလူထု လို လားတဲ့အခြေအနေတရပ်ရောက်မှသာ တွေ့ဆုံညှိနှိ်ုင်းမှုကို မိမိတို့အစိုးရအနေဖြင့် ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်။"

ဒုတိယသမ္မတ၏ မိန့်ခွန်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် မစေ့စပ်စတမ်း တိုက်ပွဲဝင်သွားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်မှာ အရေးတကြီး မှတ်တမ်းတင်ထားရမည့် သဘောထားပင်ဖြစ်သည်။

သို့သော်၊ ထိုသို့သော်သည်လည်း အရေးကြီးပါသည်။

စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို မစေ့စပ်စတမ်း အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဟူသော တိုင်းရင်း သားပြည်သူတရပ်လုံးကို ကိုယ်စားပြုသော ပြတ်သားသည့်သဘောထားကို အနှောင့်အယှက်ပေးမည့်အန္တရာယ်များ ရှိလာနိုင်သည့် သို့သော်ဖြစ်ပါသည်။

ထိုအန္တရာယ်များမှာ ယခု ပူပူနွေးနွေး အာဆီယံနိုင်ငံများ၏ကြေညာချက်ပါ စစ်အုပ်စုနှင့် တွေ့ဆုံညှိနှိုင်းရေး တိုက်တွန်းမှုမျိုးဖြစ်စေ၊ တခြား မိမိတို့အင်အားစုများအား အကူအညီပေးနေသည့်နိုင်ငံများမှဖြစ်စေ၊ ကုလ သမဂ္ဂခေါင်းစဉ် အောက်မှဖြစ်စေ နွေဦးတော်လှန်ရေးလမ်းကြောင်းကို သွေဖယ်သွားစေမည့် တိုက်တွန်းမှုမျိုး၊ ကြိုးပမ်းအားထုတ်မှုမျိုးကို အထူး သတိထားရမည်ဖြစ်သည်။

ယခုစစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ လက်နက်ကိုင်တိုက်ပွဲနှင့် တခြားတိုက် ပွဲ သဏ္ဍာန်မျိုးစုံ ပေါင်းစပ်တိုက်ပွဲဝင်နေကြသော နွေဦးတော်လှန်ရေးလမ်းကြောင်းသည် စစ်အာဏာရှင်စနစ်အောက်မှ လွတ် မြောက်စေမည့် မှန်ကန်သည့်လွတ်မြောက်ရေးလမ်းကြောင်း ဖြစ်သည်။ ပို၍သတိထားရမည်မှာ ထိုလမ်းကြောင်းကို ပြောင်း လဲသွားစေမည့် ပြည်ပနိုင်ငံများမှ၊ သို့မဟုတ် ပြည်တွင်းမှ သြဇာရှိသူတို့၏ စေ့စပ်ရေးကြိုးပမ်းမှု၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် စစ်အုပ်စုဆက်လက်ပါနေစေဦးမည့် ကမ်းလှမ်းမှုနှင့် နိုင်ငံ ရေးလမ်းကြောင်းမှန်သမျှကို သတိမပြတ် ကာကွယ်ရမည်ဖြစ် သည်။ ထိုကမ်းလှမ်းမှု၊ ထိုလမ်းကြောင်းများ သည် ယခု လောလောဆယ် ရှေ့တန်းတက်မလာသေးသော်လည်း နွေဦးတော် လှန်ရေးကာလတလျှောက် အချိန်မရွေး ပေါ်ပေါက်လာနိုင်သည်။

ထိုကြောင့် နွေဦးတော်လှန်ရေးအောင်ပွဲရသည်အထိ မိမိတို့ ယုံကြည်သည့် စစ်အာဏာရှင်စနစ်အမြတ်ပြတ် ချေ မှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲ နှင့် ကျန်တိုက်ပွဲသဏ္ဍာန်မျိုးစုံ ပေါင်း စပ်တိုက်ပွဲဝင်သည့် တော်လှန်ရေးလမ်းကြောင်းအတိုင်းသာ မမှိတ်မသုန် ယုံယုံကြည်ကြည် လျှောက်လှမ်းကြရင်း အောင်ပွဲ အရယူကြရန် နှိုးဆော်လိုက်ပါသည်။ ။

အောင်သစ်

(နွေဦးပစ်မှတ် စာစောင် အမှတ် - ၄ မှ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။)
....

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar